အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နတ်တလင်းမှ အရပ်သား ၇ ဦး နှိပ်စက်သတ်ဖြတ်ခံရဟု တော်လှန်ရေးအဖွဲ့များဆို

ခရစ္စမတ်နေ့က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တွေ့ရသည့် မီးသင့်ရုပ်အလောင်းများသည် စစ်ကောင်စီတပ် ဖမ်းသွားသည့် စစ်ရှောင်ဒုက္ခသည်အမျိုးသားများ၏ အလောင်းများဖြစ်သည်ဟု သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်မှ စစ်ဘေးရှောင် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများကို ဒီဇင်ဘာ ၂၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ဧရာဝတီမြစ်နှင့် နတ်တလင်းမြို့ကြားရှိ ကွေ့ကြီးရွာမှ ကိုသန်းမင်းအောင် (၂၄ နှစ်)၊ ကိုမျိုးဇော် (၂၆ နှစ်)၊ ကိုမှုန်ကြီး (အသက် ၃၀)၊ ကိုအေးသောင်း (၃၈ နှစ်)၊ ကိုမျိုးကြီး (၄၁ နှစ်)၊ ဦးထွန်းသောင်း (၅၈ နှစ်) နှင့် ဦးအောင်မင်း(အသက် ၆၀) တို့ ဒီဇင်ဘာ ၂၁ ရက်နေ့က အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၄ ရက်အကြာ ဒီဇင်ဘာ ၂၅ တွင် မီးရှို့ခံထားရသော ၎င်းတို့ ၇ ဦး၏ ရုပ်အလောင်းများကို ရွာနှင့် မိုင်အနည်းသာ ကွာဝေးသည့် တောင်ကြောပေါ်မှ နေရာ ၃ ခုတွင် တွေ့ခဲ့ရသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ MRF နတ်တလင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီက ထို၇ ဦးကို မသတ်ဖြတ်မီ ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့ကြောင်း၊ ရုပ်အလောင်းတစ်ခုမှာ အပိုင်းပိုင်းပြတ်နေကြောင်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မှောက်ခုံအနေအထားနဲ့ သွားထားတဲ့ သဘောမျိုးတွေ့တယ်။ စွတ်ကြောင်းရာနဲ့။ (လမ်း) တစ်ဝက်လောက် ရောက်လောက်တဲ့ အခါမှ မချိမဆံ့ ခံစားပြီး သေသွားတဲ့သဘောမျိုး တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

“(နောက်ထပ်နေရာ) တစ်ခုမှာတော့ ခြေတွေလက်တွေကို ခုတ်ဖြတ်ပြီးတော့ မီးရှို့ထားတဲ့ အနေအထားတွေ့ရတယ်။ ဒူးဆစ်လောက်ကနေ ဖြတ်ထားတဲ့အနေအထားမျိုး”

ရုပ်အလောင်းများကို ကောက်ယူသင်္ဂြိဟ်ခဲ့ကြောင်းလည်း အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အင်အား ၁၃၀ နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်က စစ်ကြောင်း၂ ခုခွဲပြီး နတ်တလင်းမြို့ အရှေ့ဘက်ခြမ်း တောင်ညိုဆည်အနီးရှိ ကျေးရွာများကို ဒီဇင်ဘာ ၂၀ ရက်နေ့ ဝန်းကျင်က စတင်ပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုစစ်ကြောင်းသည် ဆည်အနီးရှိ ကွေ့ကြီး၊ ညောင်လေးပင် အပါအဝင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ ရိတ်သိမ်းထားသည့် ကောက်ပဲသီးနှံများလည်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မကြာသေးမီက သစ်ထုတ်ရေးစခန်းမှ ဆင်နှင့် ဆင်ဦးစီးများ တော်လှန်ရေးအဖွဲ့များထံ ပူးပေါင်းခဲ့ပြီး နောက်ပိုင်း ပဲခူးရိုးမတွင် စစ်တပ်က အဆက်မပြတ် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလကုန်ပိုင်း နတ်တလင်းမြို့နယ် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဒီဇင်ဘာ ၁၆ ရက်နေ့ကမူ စစ်ကောင်စီက နတ်တလင်းမြို့ မိုင်းထောင် ဖောက်ခွဲမှုတစ်ခုနှင့် ပတ်သက်ပြီး ၎င်းတို့၏ စစ်သားများ အန္တရာယ်ကင်းကြောင်း သတင်းထုတ်ပြန်ထားသည်။

၎င်းတို့၏ စစ်သားများက “မိဘပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်စေရန်အတွက်” အချိန်ပြည့် လုံခြုံရေးပေးနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဆန္ဒပြသူများကိုပင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည့် စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှုနှင့် ရင်ဆိုင်လာရချိန်တွင် စစ်ဘေးရှောင် အရပ်သားပြည်သူများပါမချန် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။

အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Myanmar Witness အဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် “ပြာပုံထဲတွင်ကျန်ရစ်ခဲ့သောပုံပြင်များ” အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ မတ်လမှ ၂၀၂၃ စက်တင်ဘာလအထိ ၁၈ လအတွင်း မီးရှို့ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၁၄၆ ခုဖြစ်ခဲ့ပြီး လူပေါင်း ၄၄၀ ကျော် အသတ်ခံခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button