သတင်း

ကသာတွင် ပကဖ ၅ ဦးနှင့် ပြည်သူ ၁ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်

ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် လူမဆန်သည့် နှိပ်စပ်ညှဉ်းပန်းမှုများ ပြုလုပ်ပြီးမှ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတော်လှန်ရေးသမားများက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၅ ဦးနှင့် ပြည်သူ ၁ ဦးကို ယခုလအတွင်း စစ်တပ်က ဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကသာမြို့သည် စစ်ကိုင်းတိုင်းမြောက်ဘက်ပိုင်း ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး ကချင်၊ စစ်ကိုင်းနှင့် မန္တလေးတို့အကြား ဆက်သွယ်သွားလာရန် အချက်အချာကျသည့် နေရာတွင် တည်ရှိသည်။

ဒီဇင်ဘာ ၂၀ (ယမန့်နေ့) နံနက်ပိုင်းက ကသာမြို့ပေါ်ရှိ စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ပြီး ပြန်လာသည့် ပကဖတပ်စိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့  မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာ မင်္ဂလာသုခရွာအနီးတွင် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ခဲ့သည်ဟု ကသာမြို့နယ်ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အင်အား ၆၀ ခန့်ပါ စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း သုံးဦးသေဆုံးပြီး လေးဦး ထွက်ပြေးလွတ်မြောက်လာကြောင်း၊ ဒရုန်း ၁ စီး၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ပစ္စတို ၁ လက်လည်း ဆုံးရှံးခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်သည့် ကသာပကဖများထံမှ ရရှိသည့် လက်နက်များ (ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များ)

ထို့ပြင် ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ကသာမြို့အနောက် ဘက် ၆ မိုင်အကွာ ပင်းမလွှတ်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကသာမြို့နယ်ပကဖ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ အပါအဝင် ၃ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ 

“(သူတို့က) ဒီဘက်ကို ပြန်မယ့်အချိန်  ညဉ့်နက်သွားလို့ အဲရွာမှာ တစ်ညအိပ်တာ၊ စစ်ကြောင်းက အားချင်းထိုးပြီး (အိမ်ကို) ဝိုင်းခံလိုက်ရတာပေါ့၊ သတင်းအတိအကျရတာလည်း ပါမှာပေါ့” ဟု ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ ကသာပကဖ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဘရန်ချောင် (အသက် ၄၀)၊ ရဲဘော် ဂျက်လီ ( အသက် ၃၀) နှင့် အိမ်ရှင်အမျိုးသားဖြစ်သူ ကိုဘောက်မိုင် (အသက် ၄၀) တို့ဖြစ်သည်။

အဆိုပါသုံးဦး၏ ရုပ်အလောင်းများကို ရွာအပြင်တွင် စစ်တပ်က စွန့်ပစ်ထားခဲ့သည်ဟုလည်း ကသာပကဖ အဖွဲ့ဝင်က ပြောသည်။

“ ဦးခေါင်းကို အရေခွံတွေ ခွာတယ်၊ ကျောတွေ ဓားနဲ့ မွှန်းတယ်၊ လည်ပင်းကို လှီးဖြတ်ထားတာ” ဟု ၎င်းက ပြောသည်။

ကသာမြို့အနီးမှ မော်လူးနှင့် ကောလင်းမြို့များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မဟာမိတ်တို့က သိမ်းပိုက်ထားပြီး ထီးချိုင့်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေသည်။

ထို့ပြင် စစ်ကိုင်းတိုင်ထဲမှ ခမ်းပတ်နှင့် ရွှေပြည်အေး မြို့တို့ကိုလည်း တော်လှန်ရေးတပ်များက သိမ်းယူထားသည်။

ကသာမြို့ပေါ်ရှိ အထပ်မြင့်များတွင် စစ်ကောင်စီတပ်က နေရာယူထားပြီး မြို့တွင်းတွင်လည်း ဘန်ကာများ အခိုင်အမာဆောက်ကာ စစ်ရေးပြင်ဆင်မှုများလုပ်ထားကြောင်း ကသာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

Show More

Related Articles

Back to top button