မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မြောက်ပိုင်းနှင့် အနောက်ပိုင်းကို ဒီဇင်ဘာလကုန်ပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၇ ဦးကို သတ်ဖြတ်ကာ နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့သွားသည်ဟု သိရသည်။
မြောက်ဘက် ရှမ်းမြောင်ကျေးရွာကို ဒီဇင်ဘာ ၃၀ ညပိုင်းက စစ်သားများ ဝင်ရောက်လာပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၇ ဦးကို သတ်ဖြတ်သွားသည်ဟု ဒေသခံတို့နှင့် မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြောသည်။
အသတ်ခံရသူတို့သည် ရှမ်းမြောင်ကျေးရွာ BE ကျောက်မှုန့်စက်ရုံမှ စက်ရုံမန်နေဂျာ၏ အသက် ၇၀ အရွယ် မိခင်၊ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ စက်ရုံတွင် ရှိနေသူ အမျိုးသားအလုပ်သမား ၄ ဦးနှင့် စက်ရုံဘေးကားလမ်းမတွင် ရှိနေသော စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသား ၁ ဦးတို့ ဖြစ်သည်ဟု မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ဘိုတောက်က Myanmar Now ကို ပြောသည်။
“ကင်းလှည့်ထွက်လာတဲ့ သဘောရှိတယ်။ အဲဒီမှာ ဝင်ပြီး ပစ်ခတ်သွားလို့ သိရတယ်။ ဘာ့ကြောင့်ဆိုကာ ကျွန်တော်တို့ မသိရသေးဘူး၊ သေဆုံး အတည်ပြုလို့ရတာ ၇ ဦး”
စက်ရုံတွင် ညပိုင်းတာဝန်ကျနေသူများကို လုပ်အားခ ရှင်းပေးနေချိန်၌ စစ်ကောင်စီတပ်များ ရုတ်တရက်ရောက်ရှိလာကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်၊ ငွေနှင့် ရွှေထည်ပစ္စည်းတချို့၊ စက်ရုံရှိ ကား ၃ စီးတို့ကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။
အလောင်းများကို ဒီဇင်ဘာ ၃၁ မနက် ၆ နာရီခွဲတွင် စစ်ကောင်စီက စစ်ကားများဖြင့် သယ်ဆောင်သွားသည်ဟု သိရကြောင်း မတ္တရာပကဖတာဝန်ခံက ပြောသည်။
ကျေးရွာအနီးနေထိုင်သူ အမျိုးသမီးတစ်ဦးက ယင်းဖြစ်စဉ်မှာ မှန်ကန်ပြီး အသေးစိတ်ကိုမူ မသိရသေးဟု ဆိုသည်။
ဒီဇင်ဘာ လဆန်းပိုင်းကလည်း အဆိုပါ ရှမ်းမြောင်ရွာတွင် ဒေသခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး အကြောင်းမဲ့ ပစ်သတ်ခံခဲ့ရသေးသည်ဟု သူက Myanmar Now ကို ပြောသည်။
“အဲဒီတုန်းကလည်း ရွာထိပ်မှာ သူ့ဟာသူ ထိုင်နေတဲ့ လူငယ်တစ်ယောက်ကို ပစ်သတ်သွားတယ်။ သူတို့က ရှမ်းမြောင်ရွာနားမှာ ကင်းချထားပြီး မထင်ရင်မထင်သလို စစ်တယ် ဆေးတယ်။ ပစ်ခတ်တာတွေ လုပ်တယ်။ ညဘက်ဆို ကင်းလှည့်ထွက်ရင်းပစ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ယင်းအမျိုးသမီးက ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ဘေးရှိ ဥဒိန်ကျေးရွာကို စစ်ကောင်စီအင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ရွာမီးရှို့မှုကြောင့် နေအိမ် ၅၃ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရသည်ဟု ရွာခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးက ပြောသည်။
“PDF တွေ ရှိနိုင်တယ်ဆိုပြီး ဝင်လာပုံရတယ်။ လက်နက်ကြီးတွေနဲ့လည်း ထုတယ်။ တိုက်ပွဲမရှိဘဲကို အကြောင်းမဲ့လာပြီး မီးရှို့သွားတာ။ ကျွန်မအိမ်လည်း မီးထဲပါသွားတယ်” ဟု ဥဒိန်ကျေးရွာမှ ဒေသခံအမျိုးသမီးက ပြောသည်။
အိမ်ခြေ ငါးရာကျော်ရှိသည့် ဥဒိန်ကျေးရွာမှ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီတပ်ရန်ကြောင့် ပြေးနေရကြောင်း မတ္တရာဒေသခံစစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ဝင်လာလိုက် ထွက်ပြေးလိုက်၊ ပြန်သွားရင် အိမ်ပြန်ကြလိုက်နဲ့ပေါ့၊ မီးရှို့ခံရတဲ့ရွာတွေကတော့ လုံးဝ အိမ်မပြန်ကြရတော့ဘူးပေါ့” ဟု စစ်ရှောင်အရေး ကူညီသူ မတ္တရာဒေသခံ အမျိုးသမီးက ဆိုသည်။
စစ်ကောင်စီ တုံ့ပြန်ချက်
ဒီဇင်ဘာလအတွင်း နေပြည်တော်စစ်ရုံး၏ ထူးခြားမှုတစ်ခုမှာ နိုင်ငံအနှံ့ သတ်ဖြတ်မှု၊ မီးရှို့မှုများထဲမှ အမှုတချို့ကို သတင်းတု၊ သတင်းမှားဖြစ်ကြောင်း နေ့စဉ် ထုတ်ပြန်လာခြင်း ဖြစ်သည်။
မတ္တရာ သတ်ဖြတ်မှု၊ မီးရှို့မှု အကြောင်းကိုလည်း သတင်းမှားသာဖြစ်သည်ဟု ဒီဇင်ဘာ ၃၁ တွင် သတင်းထုတ်ပြန်သည်။
မတ္တရာမြို့နယ် သတ်ဖြတ်မှု၊ နေအိမ် ၅၀ မီးရှို့မှုတို့နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃၀ တွင် Khit Thit Media နှင့် RFA သတင်းဌာနတို့က ဖော်ပြခဲ့ကြကြောင်း၊ သတ်ဖြတ်မှုကို မီးရှို့မှုတို့မှာ ၎င်းတို့၏ လက်ချက်မဟုတ်ဘဲ PDF ၏ လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
သတ်ဖြတ်ခံရကြောင်း သတင်းကြောင့် ထိုနေရာကို စစ်တပ်က “သွားရောက်စစ်ဆေးခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ရေးထားသည်။
မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းမှ စတင်ကာ MDY-PDF ဟု လူသိများသည့် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီကို ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်။
တိုက်ပွဲကာလ ၂ လတာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေကြောင်း ဗုံးကြဲမှုတို့ကြောင့် မတ္တရာမြို့နယ်တွင် ကလေးငယ်များအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ကျေးရွာ ဆယ်ရွာထက်မနည်းမှ အိမ်ခြေ ရာနှင့်ချီကာ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီကမူ မန္တလေးနှင့် နီးကပ်စွာ တည်ရှိသည့် မတ္တရာမြို့ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများကမူ အကြမ်းဖက်များ ခိုလှုံနေသည့် ရွာများကို ပြည်သူများ၏ သတင်းပေးမှုကြောင့်ရှင်းလင်းနေခြင်းဖြစ်သည်ဟု ရေးသားနေကြသည်။
၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြသူများကို ပစ်သတ်ရာမှ နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။