တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် လက်ကိုင်ဖုန်းတွေ့ရှိသည့် အကြောင်းပြချက်ဖြင့် အကျဉ်းသား ၂၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံထားရသည်ဟု ထောင်သတင်းရင်းမြစ်များထံမှ သိရသည်။
မတ် ၁၃ နှင့် မတ် ၁၅ တွင် စစ်တပ်၊ ရဲ၊ စည်ပင်၊ ထွေအုပ်နှင့် အကျဉ်းထောင်ဝန်ထမ်းများက ရှောင်တခင် စစ်ဆေးရေးဝင်ရောက်စဉ် ဖုန်းတွေ့ရှိခြင်းကြောင့် ရိုက်နှက်ခံရသူများသည် ဦးခေါင်းပေါက်၊ ခြေကျိုး ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရကြောင်း မကြာသေးခင်က ထိုထောင်မှ လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ရိုက်နှက်တိုက်ပိတ်ခံထားရသူများထဲတွင် ထားဝယ်မြို့ခံ နိုင်ငံရေးအကျဉ်းသား ကိုထွန်းဦး၊ ကိုသံတိုင်၊ ကိုခမ်းမွီး၊ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ ကိုမောင်မောင်ပိုင်တို့လည်း ပါဝင်သည်။ အခြားသူများ၏ အမည်ကို မသိရသေးပေ။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) ၊ ၅၂ (က) ၊ ၅၀၅ (က)၊ ၅၀၅ (ဂ) တို့အပါအဝင် ပုဒ်မ ၉ ခုဖြင့် ထောင်ဒဏ် ၄၆ နှစ် အမိန့်ချခံထားရသူ ကိုထွန်းဦးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ပြင်းထန်သည့်ဒဏ်ရာများရသွားပြီး တိုက်ပိတ်ခံထားရသည့်အတွက် စိုးရိမ်နေရသည်ဟု ကိုထွန်းဦး၏ မိတ်ဆွေတစ်ဦးက ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးနှိမ်တယ်၊ နှိပ်စက်ချင်ကြတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ သူတို့လက်ခုပ်ထဲ ရောက်သွားပြီလေ ဘာတတ်နိုင်မှာလဲ” ဟု ၎င်းက ပြောသည်။
အကျဉ်းထောင်အတွင်း တယ်လီဖုန်း အသုံးပြုခွင့်၊ ကိုင်ဆောင်ခွင့် ပိတ်ပင်ထားသည်။
ထားဝယ်ထောင်တွင် သိမ်းဆည်းရမိသည်ဟူသော ဖုန်းအရေအတွက်ကို မသိရသေးသလို စစ်ကောင်စီကလည်း ထိုအမှုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုအမှုအတွက် နိုင်ကျဉ်းများအပါအဝင် အကျဉ်းသား ၂၀ ကျော်ကို အပြင်းအထန် ရိုက်နှက်စစ်ဆေးခဲ့သည်ဟု တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ကလည်း မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ရိုက်နှက်စစ်ဆေးမှုကြောင့် နိုင်ကျဉ်းတချို့ ခေါင်းကွဲဒဏ်ရာ၊ ခြေကျိုးဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ခန္ဓာကိုယ်အညိုအမည်းစွဲဒဏ်ရာများ ရှိထားသည်။ အကျဉ်းသား ၂ ဦးကို စစ်ကောင်စီတပ်သားများက ခေါင်းစွပ်အနက်ရောင်စွပ်ပြီး အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်သွားသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။ ထိုသူများ မည်သူမည်ဝါဖြစ်သည်၊ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။
ထားဝယ်အကျဉ်းထောင်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုလည်း အကျဉ်းကျခံနေရသည်။ နိုင်ငံရေးအကျဉ်းသားများကို အခြားရာဇဝတ်မှုအကျဉ်းသားများနှင့် ရောနှောထားပြီး ဖိနှိပ်နေသည်ဟုလည်း ထားဝယ်ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
၂၀၂၃ ဩဂုတ်တွင် ထားဝယ်ထောင်တွင်း မူးယစ်ဆေး ပျံ့နှံ့နေသည့် သတင်းများ ထွက်ပေါ်ခဲ့ရာ စစ်ကောင်စီ၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း ဦးဆောင်သည့်အဖွဲ့က ထောင်းတွင်း ဝင်ရောက် စစ်ဆေးကာ ထောင်ပိုင်နှင့် ဒုထောင်ပိုင်တို့ကို ဖမ်းဆီးလိုက်သည်။
ထောင်ပိုင် အောင်နိုင်ဖေနှင့် ဒုထောင်ပိုင် သူရိန်ထွန်းတို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဝန်ထမ်းအားလုံးနီးပါး ထောင်ပြောင်းရွှေ့ခံခဲ့ရသည်။
အသက် ၄၀ ဝန်းကျင်အရွယ် စစ်မှုထမ်းဟောင်း ဉာဏ်လင်းအောင်မှာ ထောင်ပိုင်ဖြစ်လာပြီးနောက်တွင် နိုင်ကျဉ်းများအပေါ် ဖိနှိပ် နှိပ်စက်မှုများ ပိုမိုပြင်းထန်လာခဲ့သည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။
“မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေတဲ့ကိစ္စကို သူကိုင်မယ်ဆိုပြီးတော့ လာတာပေါ့။ ပြီးတော့ ဖုန်းတွေမိတာကလည်း များတော့ ထားဝယ်မှာ သူကောင်းကောင်းကိုင်မယ်ဆိုပြီးတော့ လာတာ”
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သားများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၄၇၂၉ ဦး သေဆုံးခဲ့သည်။
ဆက်လက် ဖမ်းဆီးခံထားရသူ ၂၀၁၂၄ ဦး ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၂၀ တွင် ထုတ်ပြန်ထားသည်။ ထိုအရေအတွက်သည် ၎င်းတို့ လက်လှမ်းမီသမျှ စုံစမ်းထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။