သတင်း

မတူပီမြို့ပြင်ရှိ ထယ်ဘွေစစ်စခန်းကို ချင်းကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်

ချင်းပြည်နယ်ရှိ အရေးပါသော စခန်းတစ်ခုကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက စခန်းအနီးရှိ ရွာများကို ဗုံးကြဲရာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ပြင်နေသူ ၄ ဦး သေဆုံးသွားသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ရှိ  စစ်ကောင်စီ၏  ထယ်ဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၉) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလက ထိုမြို့နယ်အတွင်း  လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ပူးပေါင်းအဖွဲ့များက တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဤစစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် သေဆုံးမှု၊ လက်နက်နှင့် သုံ့ပန်းရရှိမှု အခြေအနေတို့ကို မသိရသေးပေ။

ထိုစခန်းကို CDF မတူပီ၊ မင်းတပ်၊ လောက်တူ (Lautu) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

ထယ်ဘွေရွာနှင့် ကပ်လျက်ရှိ ကုန်းပေါ်တွင် ၂၀၁၆ ခုနှစ်က စတင်နေရာယူထားသည့် ထိုတပ်စခန်းသည် မတူပီစစ်ဗျူဟာ၏ ကွပ်ကဲမှုဖြင့် လိုင်လင်းပီနှင့် ထယ်ဘွေရွာကြား လှုပ်ရှားဆောင်ရွက်သည့်စခန်း ဖြစ်ကြောင်း သိရသည်။

ထိုစခန်း သိမ်းပိုက်ခံရခြင်းသည် စစ်ကောင်စီတပ်အတွက် အထိနာသည်၊ မတူပီမြို့နယ်တွင် တပ်စွဲထားသော နောက်တန်း တပ်ရင်းဌာနချုပ်များဖြစ်သည့် အခြေချစစ်ဗျူဟာ၊ ခလရ ၁၄၀၊ ခမရ ၃၀၄ တို့မှအပ မြို့နယ်အတွင်းရှိ စစ်ကောင်စီ ရှေ့တန်းစခန်းအားလုံးကို လက်လွှတ်လိုက်ရသည့် အခြေအနေဖြစ်သည်ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

ဗိုလ်ကြီးကောင်းသူဝင်းသည် မတူပီမြို့ စစ်ဗျူဟာအခြေချအဖွဲ့မှ စစ်ရေးအရာရှိ၊ တတိယတန်း၊ စစ်ထောက်တာဝန်ရှိပြီး မုံရွာမြို့တွင် ကြားစခန်းမှူးတာဝန်ယူခဲ့သူဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်တန်းလျားကို ကျောခိုင်းလာသူဖြစ်သည်။

ယခုနှစ် မတ်လ တတိယပတ်အတွင်း တိုက်ပွဲမစတင်မီ ဆုတောင်းမှု ပြုလုပ်နေသော CNDF ရဲဘော်တချို့။ (ဓာတ်ပုံ-CNDF)

မြို့အနောက်ဘက် ၃၃ မိုင်ခန့်အကွာရှိ ထိုစခန်းကို စတင် ထိုးစစ်ဆင်သည့် ဒီဇင်ဘာ ၁၈ တွင် စစ်ကောင်စီ လေတပ်ကလည်း  တစခန်းအနီးမှ ကျေးရွာများကို မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဝန်ကိုင်းရွာမှ ထွက်ခွာရန် ပြင်ဆင်နေသည့် အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးမှူးထံမှ သိရသည်။

“သူတို့က တောထဲကို ပြောင်းတဲ့အချိန် နည်းနည်း နောက်ကျသွားတယ်။ အဲ့ဒီလိုဖြစ်တာနဲ့ ဗုံးကြဲတာနဲ့ ကြုံသွားတာ” ဟု  သတင်းနှင့်ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက ပြောသည်။

သေဆုံးသူများမှာ အသက် ၅၃ နှစ်အရွယ် ဒေါ်လာခုပ် (Daw La Khup)၊ ၅၅ နှစ်အရွယ် ဦးစံဆိုင်း (U Cang Sai)၊ ၅၈ နှစ်အရွယ် ဦးလောင်စောင်း (U Lawng Cawng)၊ ၇၈ နှစ်အရွယ် ဦးလျန်လော (U Len Law) တို့ ဖြစ်ကြသည်။

ဝန်ကိုင်းရွာသို့ လာရောက် ခိုလှုံသော ထယ်ဘွေးရွာသား ဦးရွှီလှန် (U Rui Hlung) ဆိုသူလည်း ဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူနေသည်ဟု ဆိုသည်။

ဝန်ကိုင်းရွာဒေသခံတချို့မှာလည်း လက်ရှိအချိန်တွင် ဘေးလွတ်ရာတောတောင်များတွင် စစ်ဘေးရှောင်နေပြီဖြစ်ကြောင်း ၊ ထယ်ဘွေးရွာနှင့် အနီးရှိ လေဆင်းရွာတို့မှ ဒေသခံများသည် ကြိုတင်တိမ်းရှောင်နေကြသဖြင့် လေတပ်၏ရန်မှ ကင်းလွတ်သွားကြောင်း သိရသည်။

ဒေသတွင်း စစ်ရေးအခြေအနေကြောင့် မတူပီမြို့တောင်ဘက်ကျေးရွာများဖြစ်သည့် ဝလံပီ၊ ကလား၊ ဝလံတယ်၊ လေဆင်း၊ ဝါပုန်း၊ ဝန်ကိုင်း၊ လွီဗန်း၊ တင်လောင်း အပါအဝင် ကျေးရွာ ၂၁ ရွာမှ ဒေသခံ ၇၀၀၀ နီးပါးမှာ နိုဝင်ဘာ ဒုတိယပတ်မှစပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများနှင့် ဆက်လက် ရင်ဆိုင်နေရသည်ဟု သိရသည်။

“ဆောင်းတွင်းဆို ချင်းတောင်က အရမ်းအေးတော့ စောင်တွေလိုတယ်။.. ဆန်ကတော့ ဒီလောက်ကြီး ပူစရာမလိုဘူး။ ကျွန်တော်တို့ဘက်ကျတော့ မိုးရာသီမှာ တောင်ယာလုပ်လို့ရတော့ ဆန်က လက်ရှိအချိန်ထိတော့ အဆင်ပြေသေးတယ်။ ဆီ၊ ဆား၊ ငါးပိတို့က လိုအပ်ချက်ရှိတယ်။ ယာယီတဲတွေထိုးဖို့ မိုးကာတွေက လိုအပ်ချက်ရှိတယ်” ဟု ဆလိုင်းပါထောင်းက ပြောသည်။

နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း မတူပီမြို့နယ်၊ ဝေလူးရွာရှိ စာကျက်ဝိုင်းတစ်ခုကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အောက် ကျောင်းသား ၈ ဦး၊ CDM ဆရာတစ်ဦးနှင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းပြည်နယ်တွင် ရိခေါရ်ဒါ၊ လိုင်လင်းပီ၊ ရေဇွာ တို့ကို ပြီးခဲ့သည့်လက တိုက်ခိုက်သိမ်းပိုက်ထားပြီး မကွီအိမ်နူး၊ နှာရိန်၊ ဆူခွာရ်နှင့် ဝေဘူလတို့ကိုလည်း ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားသဖြင့် လက်ရှိအချိန်ထိ ချင်းပြည်နယ်မှ မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအရှိန်အဟုန်သည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ ရိုက်ခတ်ခဲ့ပြီး စခန်းပေါင်း ၂၀၀ ကျော်နှင့် မြို့ ၁၂ မြို့ထက်မနည်း စစ်တပ်က လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ချင်းကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ရာနေရာပြမြေပုံ။

Show More

Related Articles

Back to top button