သတင်း

မတူပီမြို့ကို လေတပ် ဗုံးကြဲ၊ သေဆုံးသူ ၁၁ ဦးတွင် ကလေးအများစု ပါဝင်

ချင်းပြည်နယ်၊ မတူပီမြို့ရှိ ရွာတစ်ရွာကို စစ်လေယာဉ်က တိုက်ခိုက်ရာ စာကျက်ဝိုင်းမှ ၁၅ နှစ်အောက် ၈ ဦး၊ ကျောင်းဆရာ ၁ ဦးနှင့် ဒေသခံ ၂ ဦး သေဆုံးသည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝေလူးရွာကို နိုဝင်ဘာ ၁၅ ညပိုင်း စစ်လေယာဉ် သွားရောက်ပစ်ခတ်ရာ အသက် ၁၅ နှစ်အောက် ကလေး ၈ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦး သေဆုံးကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နောက်တစ်နေ့တွင် ထုတ်ပြန်သည်။

ကနဦးတွင် ဒေသကာကွယ်ရေးအဖွဲ့များက ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း Myanmar Now ကို ပြောကြသည်။

စစ်ရေးတင်းမာမှုမရှိသည့် ထိုရွာကို ည ၇း၃၀ ခန့်တွင် တိုက်ခိုက်ရာ ကျောင်းသူကျောင်းသားများ စာကျက်ဝိုင်း ပစ်မှတ်ထားခံရသည်ဟု အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ချက်က ဆိုသည်။

သေဆုံးသူများမှာ ဦးအွမ်စာ (၆၅ နှစ်)၊ ကိုတဲ့မနား (၃၅ နှစ်)၊ ဦးဟာလော (ကျောင်းဆရာ) (၃၄ နှစ်)၊ မောင်ဆမွေလ (၁၂ နှစ်)၊ မောင်ကီးနန် (၉ နှစ်)၊ မောင်ဉာဏ်ဝင်းအောင် (၇ နှစ်)၊ မလီလီမူး (၅ နှစ်)၊ မောင်ထန်းဟုန်း (၉ နှစ်)၊ မခိုင်သဇင် (၁၁ နှစ်)၊ မဆန်းဆန်း (၇ နှစ်)၊ မောင်ဘွေကုန်းထန် (၉ နှစ်) တို့ ဖြစ်ကြသည်။

ဒဏ်ရာရသူများထဲတွင် အမျိုးသမီး ၄ ဦး ပါဝင်သည်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဆောင်ရွက်နေသည်ဟု ဆိုသည်။

CDF Daai ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလေပြေက လေကြောင်းတိုက်ခိုက်ရမှုအခြေအနေနှင့် သေဆုံးသူများကို ပြောပြသည်။

“လေယာဉ် ဗုံးကြဲတာနဲ့ အိမ်က မီးလောင်သွားတာက ၄ လုံး တစ်ခါတည်းမီးလောင်သွားတယ်လို့ ပြောတယ်။ စာသင်ဆောင်က ၂ ဆောင် ပါသွားတယ်။ ဘုရားကျောင်းက ၁ ဆောင်။ သွပ်မိုးပျဉ်ကာ ၁၈ ဆောင် ပျက်စီးသွားတယ်။ လူကြီး ၃ ဦး (ကျား) တွေပေါ့။ အဲ့ဒီထဲမှာ CDM ဆရာတစ်ဦး ပါသွားတယ်။ ကလေးက ၈ ယောက်။ အဲ့ဒီ ၈ ယောက်ထဲမှာ မ က ၃ ဦး၊ ကျားက ၅ ဦး” ဟု ထိုသူက ဆိုသည်။

“ဘောလုံးကွင်းဘေးနားမှာရှိတဲ့ အိမ်နဲ့၊ ကျောင်းဆောင်နဲ့၊ ဘုရားကျောင်းဆောင်တွေရှိတဲ့နေရာကို ကွက်တိကြဲသွားတာ။ အဲ့ဒါက ရွာလယ်ကောင်မှာဖြစ်နေတဲ့အခါကျတော့ တမင်တကာကို အဲ့ဒီရွာကို ဗုံးကြဲတိုက်ခိုက်တယ်လို့ပဲ ကျွန်တော်တို့က ယူဆလို့ရတယ်” ဟု သူက ဆက်ပြောသည်။

မတူပီမြို့တောင်ဘက် မိုင် ၄၀ ခန့်ရှိ ဝေလူးရွာတွင် လေယာဉ်နှစ်စီးက ရွာလယ်ပိုင်းကို စစ်ရေးလှုပ်ရှားမှုမရှိသည့်အချိန် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ စီမံချက်မန်နေဂျာ Salai Terah က ပြောသည်။

“တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူကို ဦးတည်ပြီးလုပ်တာပါ” ဟု သူက ပြောသည်။

သေဆုံးသူများ၏ အမည်၊ အသက်အရွယ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်အချက်အလက်များ ရရှိရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု မတူပီနယ်တွင် လှုပ်ရှားသည့် ကာကွယ်ရေးအဖွဲ့များနှင့် CHRO က ဆိုသည်။

ဝေလူးရွာ လေကြောင်းပစ်ခတ်တိုက်ခိုက်ခံရမှုအခြေအနေပြမြေပုံ။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အိမ်ခြေ ၇၀ နီးပါးရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်သည့် ဝေလူးရွာသည် ပလက်ဝမြို့နယ်အနီး တည်ရှိကြောင်း သိရသည်။

မတူပီမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မင်းတပ်မြို့နယ်တွင်လည်း နိုဝင်ဘာလဆန်းမှ စတင်ပြီး မြေပြင်တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းနှင့်သာမက လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိရာ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံ အပါအဝင် ၂၀ ကျော် ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) -မင်းတပ်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး “၁၀၂၇ စစ်ဆင်ရေး“ အဖြစ် စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် စစ်ကိုင်းတိုင်း၊ ကယား (ကရင်နီ)ပြည်နယ် အပါအဝင် နိုင်ငံအနှံ့တွင် စစ်ရေးအရှိန် မြင့်တက်လျက်ရှိရာ ချင်းပြည်နယ်တွင် တော်လှန်ရေးအဖွဲ့များက ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်စခန်း ၃ ခုကို သိမ်းပိုက်ထားသည်။

ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့မှ စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၁၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားသည်။ ထို့ပြင် ဖလမ်းမြို့နယ်ရှိ စစ်တပ်စခန်းတစ်ခုဖြစ်သည့် သီးဘွာလ်စခန်းကိုလည်း နိုဝင်ဘာ ၁၅ တွင် CNDF (ချင်းအမျိးသားတပ်ဖွဲ့) က သိမ်းပိုက်ခဲ့သည်။

တောတောင်ထူထပ်ပြီး လမ်းကြောင်းအများစုကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားနိုင်သည့် ချင်းပြည်နယ်တွင် စစ်ကောင်စီအနေဖြင့် မြေပြင်စစ်ကူပေးပို့ရန်ထက် လေကြောင်းပစ်ကူကိုသာ ပိုမိုအားပြုရသည့် အနေအထားဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ယခုနှစ် မတ် ၃၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ရသည်။

Show More

Related Articles

Back to top button