မေးမြန်းခန်း

ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိအမျိုးသမီးတစ်ဦး ဖြစ်လာသူ ဒေါ်ယဉ်မင်းမြင့်ဆွေနှင့် အမေးအဖြေ

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် သုံးနေရာ၌ အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မကြာသေးမီက ပါတီပြောရေးဆိုခွင့် ပုဂ္ဂိုလ်များတွင် မျက်နှာသစ်ပုဂ္ဂိုလ်များ ထပ်တိုးခန့်အပ်လိုက်သည်။ ထိုခန့်အပ်သူများထဲတွင် အမျိုးသမီးနှစ်ဦးလည်းပါဝင်ရာ ဒေါ်နန်းမြမြမီမီဇော်နှင့် ဒေါ်ယဉ်မင်းမြင့်ဆွေတို့ ဖြစ်သည်။ ပြည်ခိုင်ဖြိုးအနေဖြင့် ပြောခွင့်ရပုဂ္ဂိုလ်များထဲတွင် အမျိုးသမီးများကို ပထမဆုံးအကြိမ် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ထိုပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီးနှစ်ဦးအနက်မှ ဒေါ်ယဉ်မင်းမြင့်ဆွေကို ဆက်သွယ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။ ဒေါ်ယဉ်မင်းမြင့်ဆွေသည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ပါတီသို့ ၂၀၁၀ ပြည့်နှစ်တွင် စတင်ဝင်ရောက်ခဲ့ကာ ယခင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပုဗ္ဗသီရိမြို့နယ်၌ နေထိုင်လျက်ရှိသည်။

Myanmar Now။ ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ အနိုင်ရရှိခဲ့တယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်ရော ဘယ်လို မျှော်လင့်ထားသလဲ။

ယဉ်။ ။ ၂၀၂၀ အတွက်ကတော့ မျှော်လင့်တာပေါ့။ ကိုယ်ဆောင်ရွက်နေတဲ့ ပါတီတစ်ခုက အစိုးရဖွဲ့နိုင်ဖို့ဆိုတာ ပါတီတိုင်းက မျှော်လင့်ကြတာပဲလေ။ တိုင်းရင်းသားဒေသတွေမှာလည်း အစ်မတို့က တိုင်းရင်းသားအရေးကို ဦးစားပေးနေတာဆိုတော့လေ၊ တိုင်းရင်းသားတွေအနေနဲ့လည်း အစ်မတို့ဘက်မှာရှိဖို့ မျှော်တော့မျှော်လင့်တာပေါ့လေ။ အခုလည်း ကချင်ပြည်နယ်မှာ နိုင်ထားတယ်ဆိုတော့။ အခုက ၃၀ ရာခိုင်နှုန်း (နိုင်တာ)ဆိုရင် ဒီထက်တိုးချင်လည်း တိုးမှာပေါ့နော်။

Myanmar Now။ ။ အမျိုးသမီးတွေကို ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်မယ်လို့ မျှော်လင့်ခဲ့သလား။ ဘာကြောင့် ခုလို အမျိုးသမီးနှစ်ယောက်ကို ထပ်ပြီးခန့်အပ်တယ်လို့ ထင်သလဲ။

ယဉ်။ ။ အစ်မတို့ပါတီမှာက (ကျားမ) ခွဲတာ မရှိဘူး။ ပါတီအနေနဲ့က သင့်တော်တဲ့သူကို ထပ်ခန့်တဲ့ သဘောပါပဲ။ ပါတီဆောင်ရွက်ချက်ကို ပြည်သူကို မြန်မြန်ဆန်ဆန်နဲ့ အသိပေးနိုင်ဖို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေကို ထပ်ခန့်တဲ့သဘောပဲ။ ပြောရေးဆိုခွင့်နေရာ ခန့်အပ်မယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်မတို့ အော်ဒါထွက်လာပြီးမှ (အံ့အားသင့်) တဲ့ကိစ္စပါ။ ပါတီဒီနေရာရဖို့ မျှော်လင့်ပြီး လုပ်ဆောင်ခဲ့တာလည်း မရှိဘူး။ ဒီပါတီနဲ့ ပတ်သက်ရင် လူငယ်အမျိုးသမီးတွေကို နေရာပေးလာတာရယ်၊ ကြိုးစားရင်ကြိုးစားသလောက် အစ်မတို့ပါတီက မြေတောင်မြှောက်ပေးတဲ့သဘော ရှိတာပေါ့နော်။

Myanmar Now။ ။ အန်အယ်လ်ဒီပါတီမှာ အားသာချက် အားနည်းချက်တွေက ဘာလို့ ယူဆသလဲ။

ယဉ် ။ ။ အားသာချက် အားနည်းချက်ပြောဖို့ဆိုတာက တခြားပါတီကို လက်ညှိုးထိုးဝေဖန်ဖို့ အစ်မတို့ ပါတီမှာလည်း အဲဒီလိုမူဝါဒ မရှိပါဘူး။ သူတို့လည်း သူတို့ပါတီ သူတို့မူဝါဒနဲ့ သွားနေတာဆိုတော့လေ၊ ဒါကပြည်သူက အဖြေပေးသွားမယ့်ကိစ္စဆိုတော့ အစ်မတို့အနေနဲ့ ဆန့်ကျင်ဘက်တိုက်အခံပါတီအနေနဲ့ ဝေဖန်ထောက်ပြတယ်ဆိုတာ မှန်ပေမဲ့လည်း အားနည်းချက်၊ အားသာချက်ဆိုတာ အစ်မတို့ပြောလိုက်တဲ့ စကားအပေါ်မှာ လက်ရှိအစိုးရအနေနဲ့ အကျပ်အတည်းဖြစ်သွားစေတဲ့ စကားလုံးတွေ ဖြစ်သွားမှာ မလိုလားဘူး။ ပြည်သူက အဆုံးအဖြတ်ပေးတဲ့ကိစ္စပါ။ အခြေခံကျကျစဉ်းစားရင် နိုင်ငံမှာ စီးပွားရေးကျပ်တည်းတယ်ဆိုတဲ့ကိစ္စကတော့ ပြည်သူတိုင်း တစ်ပြေးညီ ခံစားနေကြရတယ်ဆိုတဲ့ ကိစ္စပဲပေါ့နော်။

Myanmar Now။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာတော်တော်များများ အနိုင်ရခဲ့တဲ့ ပြိုင်ဘက်ပါတီက လာမယ့် ၂၀၂၀ မှာရော မဲအပြတ်အသတ် နိုင်ဦးမယ်လို့ ထင်လား။

ယဉ်။ ။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ကျတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံစားချက်နဲ့လိုက်ပြီး သူတို့ရဲ့ အသည်းကြားက မဲတစ်ပြားကို ပေးကြတာပေါ့လေ။ ၂၀၁၅ တုန်းက သူတို့ကို မဲတွေ အများကြီးရခဲ့ပြီး အစိုးရ ဖွဲ့နိုင်ခဲ့တာက ပြည်သူတွေက အပြောင်းအလဲကို လိုချင်ကြတာလေ။ တောက်လျှောက် ပြည်ခိုင်ဖြိုးအစိုးရ ဦးသိန်းစိန်တုန်းကလည်း ဒီမျက်နှာတွေကို ကြာကြာမြင်ရတဲ့အခါ အပြောင်းအလဲတစ်ခုကို လိုချင်လာတဲ့ သဘောနဲ့ အန်အယ်လ်ဒီကို ပုံအောပြီး မဲပေးခဲ့ကြတာပါ။ ၂၀၂၀ မှာကျတော့ ဒီအစီအစဉ်က ပြောင်းလဲသွားပြီ။ ပြည်သူတွေရဲ့ အတွေးအခေါ်ပုံစံက တစ်မျိုးပုံစံပြောင်းလဲသွားပြီ။ ၂၀၁၅ တုန်းက ပြည်သူ မဟုတ်တော့ဘူး။ သူတို့က နှစ်ခုစလုံးကို နှိုင်းယှဉ်နိုင်တဲ့အနေအထား ဖြစ်သွားပြီ။ သူတို့ရဲ့ရွေးချယ်မှုမှာ မူတည်ပြီးတော့ မဲရလဒ်ကလည်း ၂၀၁၅ နဲ့ ကွာသွားလိမ့်မယ်လို့ ထင်ပါတယ်။

Myanmar Now။ ။ ပြည်ခိုင်ဖြိုးအနေနဲ့ရော ၂၀၂၀ အတွက်ဘာတွေ ပြင်ဆင်နေလဲ။

ယဉ်။ ။ ပါတီဖွဲ့စည်းကတည်းက ခိုင်မာတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်နေတာ။ ကိုယ့်ပါတီ အစိုးရဖြစ်လာဖို့ ခိုင်မာတဲ့မူဝါဒချမှတ်ပြီး ဆောင်ရွက်နေတာ၊ ရေတိုရေရှည်စီမံကိန်း တွေနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်နေတာတွေ ရှိတယ်။ အခုဆိုလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းလိုမျိုး နယ်လှည့်ဆေးကုသရေးလုပ်ငန်းတွေ၊ ဆန်အထူးလျှော့ဈေးနဲ့ ရောင်းချပေးတဲ့ကိစ္စတွေ လုပ်နေတာတွေ ရှိတယ်ပေါ့။ ပါတီတွေဆိုတာက ပြည်သူ့အကျိုးပြုလုပ်ငန်းကို ဘယ်သူက ပိုလုပ်နိုင်လဲဆိုတာ အားပြိုင်ကြတာ။ ဒီပေါ်မှာမှ စိတ်ကျေနပ်မှုရှိတဲ့ ပါတီကို ပြည်သူက ရွေးချယ်သွားတာ။ အဲဒီပေါ်မှာမူတည်ပြီးတော့ ၂၀၂၀မှ မဟုတ်ဘဲ တခြားလာမယ့်ရွေးကောက်ပွဲတွေအတွက်ကို အစ်မတို့က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ရင်းနဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ တခြား ကိစ္စအဝဝကို ကြိုတင်ပြင်ဆင်ထားရင်းနဲ့ အစိုးရတစ်ရပ်ဖြစ်အောင် အားလုံး စီစဉ်ထားပြီးသားပေါ့နော်။

Myanmar Now။ ။ တကယ်လို့သာ ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးအနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေဆောင်ရွက်မလဲ။

ယဉ်။ ။ ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးအစိုးရ အနိုင်ရရှိခဲ့မယ်ဆိုရင် အရင်ဦးဆုံး ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေစေမယ့်ကိစ္စကို ဆောင်ရွက်သွားမယ်။ လတ်တလော အရေးကြီးနေတဲ့ကိစ္စ ဖြစ်နေတဲ့အချက်ကိုး။

Myanmar Now။ ။ အစိုးရအနေနဲ့ နိုင်ငံပိုင်သတင်းစာတွေ ၊ ရုပ်သံတွေ တည်ထောင်တာက မျှတတယ်လို့ ခံစားရရဲ့လား။ နိုင်ငံပိုင်သတင်းစာတွေကကော ရှိနေသင့်သလား။

ယဉ်။ ။ ပါတီတစ်ခုအနေနဲ့ သူ့ပါတီရဲ့ မူဝါဒနဲ့ဆောင်ရွက်ချက်တွေကို ထိထိရောက်ရောက် သတင်းဖြန့်ဝေနိုင်ဖို့အတွက် ပါတီပိုင်မီဒီယာထားတာ ဖြစ်သင့်တဲ့ကိစ္စပေါ့။ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွေ၊ စာနယ်ဇင်းဥပဒေတွေနဲ့ ကိုက်ညီဖို့တော့ လိုတာပေါ့နော်။ နိုင်ငံပိုင်သတင်းစာမီဒီယာတွေအနေနဲ့ကတော့ ပါတီရဲ့ပုံရိပ်တွေ ထည့်သွင်းတာတွေကတော့ မလုပ်သင့်ဘူး ပေါ့နော်။ နိုင်ငံပိုင်သတင်းစာဆိုတာတော့ ရှိရမယ်။ မရှိရင် ပြည်သူ မျက်စိပိတ်နားပိတ် ဖြစ်သွားမယ်။ အစိုးရဖြစ်သွားပြီဆိုရင် ပါတီနဲ့ပတ်သက်ပြီး ဖော်ပြလို့မရဘူး။ ပါတီသတင်းတွေ တော့ ပါတာ တွေ့တယ်။ တခြားဆောင်ရွက်ချက်တွေကို ဖော်ပြနေတာတွေလည်း ရှိတာပေါ့။ အမှန်တော့ ဒါတွေက မဖြစ်သင့်တာတွေပေါ့။ ဒီမိုကရေစီနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဆိုတာက မရှိမဖြစ် ရှိရမှာဖြစ်တယ်။ အဲဒီတော့ ကျွန်မတို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာတွေ ဘယ်လောက် လွတ်လပ်ခဲ့လဲဆိုတာ မီဒီယာတွေလည်း အသိဖြစ်မှာပါ။ အထွေအထူးပြောနေဖို့ မလိုဘူး ထင်ပါတယ်။

Myanmar Now။ ။ အမတ်လောင်းအဖြစ် အရင်ဝင်ပြိုင်ခဲ့ဖူးသလား။ နောက်ကော ဝင်ပြိုင်ဖို့ စိတ်ကူးထားလား။

ယဉ်။ ။ အရင်တာဝန်က ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်ကော်မတီဝင်။ အမတ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့တာတော့ မရှိဘူး။ ဒါပေမဲ့ ရှေ့ လာမယ့် ကာလတွေမှာ လူကြီးတွေက သင့်တော်မယ်ထင်လို့ တာဝန်ပေးရင်တော့ လက်ခံရမှာပါ။

Show More

Related Articles

Back to top button