လေ့လာသုံးသပ်ချက်

မြေပုံမှတ်တမ်းများက ပြောသော ပဋိပက္ခ လာရာနှင့် လားရာ – အပိုင်း ၂

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာပြည်သူများ၏ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ကျော် ကြာမြင့်လာချိန်တွင် စစ်တပ်နှင့် ပြည်သူအကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှု လားရာကို နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်တကြီး စောင့်ကြည့်လေ့လာနေသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု (The International Institute for Strategic Studies – IISS) အဖွဲ့ကြီးက စစ်အာဏာမသိမ်းမီ ၆ လအလို (၂၀၂၀  ဇူလိုင် ၁ ရက်နေ့) ကတည်းက နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှု လားရာကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ရရှိနိုင်သော သတင်းအချက်အလက်များကို စုစည်း၍ မြန်မာနိုင်ငံ၏ ပဋိပက္ခမြေပုံမှတ်တမ်း ပြုစုခဲ့သည်။

မြေပုံမှတ်တမ်းများက ပြောသော ပဋိပက္ခ လာရာနှင့် လားရာကို IISS ၏ မြေပုံမှတ်တမ်းကို လေ့လာပြီး ဆောင်းပါးရေးသားခဲ့ရာ၊ ယခုဆောင်းပါး အပိုင်း (၂) တွင် စစ်ဇုန်များအလိုက် ပဋိပက္ခဖြစ်ပွားမှု အခြေအနေများကို ထပ်မံခွဲခြား လေ့လာထားပါသည်။

ဤဆောင်းပါးတွင် IISS ၏ မြေပုံမှတ်တမ်းများထဲမှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ဧပြီ ၃၀ ရက်နေ့အတွင်း မြို့နယ်ပေါင်း ၃၃၀ ထဲမှ ၃၁၄ မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခမှတ်တမ်းများကိုသာ လေ့လာခြင်း ဖြစ်သည်၊ အာဏာမသိမ်းမီ အခြေအနေများကို ထည့်သွင်းလေ့လာခြင်း မပြုပါ။

IISS သည် လက်နက်ကိုင်ပဋိပက္ခဒေသများကို စစ်ဇုန်နယ်မြေ ၆ ခု ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ (၁) အညာစစ်ဇုန်၊ (၂) ရခိုင်စစ်ဇုန်၊ (၃) အရှေ့မြောက်စစ်ဇုန်၊ (၄) အနောက်မြောက်စစ်ဇုန်၊ (၅) အရှေ့တောင်စစ်ဇုန်နှင့် (၆) မြန်မာပြည်အောက်ပိုင်းစစ်ဇုန်တို့ ဖြစ်သည်။

သို့သော် ယခုဆောင်းပါးတွင် IISS ၏ စစ်ဇုန်များထဲမှာ အညာ၊ အရှေ့မြောက်နှင့် အနောက်မြောက်စစ်ဇုန်များကို စုစည်း၍ “မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်” အဖြစ်လည်းကောင်း၊ ရခိုင်၊ အရှေ့တောင်နှင့် မြန်မာပြည်အောက်ပိုင်းစစ်ဇုန်များကို စုစည်း၍ “မြန်မာပြည်အောက်ပိုင်း ပဋိပက္ခဇုန်” အဖြစ်လည်းကောင်း နှစ်ပိုင်းခွဲ၍ ထိုပဋိပက္ခဇုန်များတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအမျိုးအစား ၄ မျိုးကို လေ့လာသွားမည် ဖြစ်ပါသည်။

ဤနေရာတွင် ခြွင်းချက်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းသည် အရှေ့တောင်စစ်ဇုန်တွင် ထည့်သွင်းထားသဖြင့် ပထဝီအနေအထားအရ မြန်မာပြည်အောက်ပိုင်းတွင် မပါဝင်သော်လည်း အဆိုပါ ပဋိပက္ခဇုန်တွင် ထည့်သွင်းသုံးသပ်ထားပါသည်။

IISS သည် လက်နက်ကိုင်ပဋိပက္ခများတွင် နှစ်ဖက်ပါဝင်ပတ်သက်သူများကို အမျိုးအစားခွဲရာတွင် (၁) စစ်တပ်နှင့် PDFs အကြား၊ (၂) စစ်တပ်နှင့် EAOs အကြား၊ (၃) စစ်တပ်နှင့် PDFs/EROs အကြား၊ (၄) EAOs နှင့် EROs အကြား ဖြစ်ပွားခြင်းများကို မှတ်တမ်းတင်ခဲ့သည်။ ဤနေရာတွင် EAO အချင်းချင်း တိုက်ပွဲများမှာ အဓိကအားဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် RCSS/SSA နှင့် SSPP/SSA နှစ်ဖွဲ့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ဖြစ်သည်။

မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်၏ လားရာ

IISS ၏ မြေပုံမှတ်တမ်းများအရ မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်တွင် ၁၃၃ မြို့နယ် (နိုင်ငံဧရိယာ၏ ၄၀ ရာခိုင်နှုန်း) ပါဝင်သည်။ ထိုမြို့နယ်များမှာ ကချင်၊ ချင်း၊ ရှမ်း (မြောက်)၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် နေပြည်တော်နယ်မြေ မြောက်ဖျားပိုင်းဒေသတို့တွင် တည်ရှိကြသည်။

ဇယား (၁) တွင် ဖော်ပြထားသော အချက်အလက်များအရ အာဏာသိမ်းပြီးနောက် (၂၇) လအတွင်း လက်နက်ကိုင်တိုက်ခိုက်ခြင်း/တိုက်ပွဲပေါင်း (၇,၉၀၄) ကြိမ်၊ အဝေးထိန်း/လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှု (၂,၈၆၆) ကြိမ်၊ လေကြောင်း/ဒရုန်း တိုက်ခိုက်မှု (၅၅၁) ကြိမ်နှင့် အခြေခံအဆောက်အအုံဖျက်ဆီးမှု (၂,၃၀၇) ကြိမ် ဖြစ်ပွားခဲ့သည်။

ပဋိပက္ခအမျိုးအစား ၄ မျိုးစလုံးတွင် တစ်နိုင်ငံလုံး ဖြစ်ပွားမှုနှုန်း၏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်တွင် ဖြစ်ပွားခဲ့ပြီး၊ အခြေခံအဆောက်အအုံဖျက်ဆီးမှု ၈၁ ရာခိုင်နှုန်းအထိ အမြင့်ဆုံးရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခ၏ ပြင်းထန်မှုအတိုင်းအတာကို တွေ့မြင်ရသည်။

မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်အတွင်းရှိ အညာစစ်ဇုန်၊ အရှေ့မြောက်စစ်ဇုန်နှင့် အနောက်မြောက်စစ်ဇုန်များတွင် ပဋိပက္ခဖြစ်ပွားမှုအခြေအနေကို စစ်ဇုန်အလိုက် ဆန်းစစ်လေ့လာကြည့်ပါမည်။

အညာစစ်ဇုန် – ထိုစစ်ဇုန်တွင် စစ်ကိုင်းအောက်ပိုင်း၊ မကွေး၊ မန္တလေးနှင့် နေပြည်တော်နယ်မြေ မြောက်ပိုင်းရှိ ၅၄ မြို့နယ် ပါဝင်သည်။ ပဋိပက္ခအမျိုးအစားအလိုက် တိုက်ခိုက်မှု/တိုက်ပွဲပေါင်း ၃,၂၇၅ ကြိမ်၊ အဝေးထိန်း/လက်လုပ်မိုင်း ၁,၅၇၄ ကြိမ်၊ လေကြောင်း/ဒရုန်းတိုက်ခိုက်ခြင်း ၂၉၃ ကြိမ်နှင့် အခြေခံအဆောက်အအုံဖျက်ဆီးမှု ၁,၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ပဋိပက္ခအမျိုးအစား ၄ မျိုးစလုံးတွင် တစ်နိုင်ငံလုံး၌ အများဆုံးဖြစ်ပွားခဲ့သော ဒေသဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

အညာစစ်ဇုန်၏ ထူးခြားချက်မှာ အာဏာမသိမ်းခင်အထိ ဆယ်စုနှစ်များစွာ လက်နက်ကိုင်အဖွဲ့များ လုံးဝမရှိဘဲ၊ ပကတိ ငြိမ်းချမ်းသော ဒေသများ ဖြစ်ခဲ့ပြီး၊ စစ်ကောင်စီတပ်များ အဓိကအခြေစိုက်သော ဒေသများ ဖြစ်ခဲ့သည်။

သို့သော် အာဏာသိမ်းပြီး ၂ နှစ်ကျော်လာသည့်အခါ ဒေသခံပြည်သူများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော၊ လက်နက်ကိုင်ခုခံတော်လှန်မှု အင်အားအကောင်းဆုံးသော ဒေသအဖြစ် အလျင်အမြန် အသွင်ပြောင်းလဲသွားခဲ့သည်။

အညာစစ်ဇုန်အတွင်းရှိ အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော PDFs အဖွဲ့များ အရေအတွက်ကို IISS က မှတ်တမ်းတင်ခဲ့ရာ အဖွဲ့ပေါင်း ၉၀၀ ကျော်ပြီး၊ မြေပြင်တွင် အမှန်တကယ်လှုပ်ရှားမှုရှိသော အဖွဲ့အရေအတွက်မှာ ထက်ဝက်ခန့် (၄၅၀ ကျော်ခန့်) ရှိသည်ဟု တွက်ချက်ထားပါသည်။

အလွန်များပြားသည့် PDF အဖွဲ့များကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် နယ်မြေထိန်းချုပ်နိုင်စွမ်း နည်းပါးလာပြီး၊ အင်အားမလုံလောက်သဖြင့် ဒေသခံပြည်သူများကို ပျူစောထီးအဖြစ် အတင်းအဓမ္မ စုဆောင်း စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးကာ PDF များကို ရင်ဆိုင်တိုက်ခိုင်းသည်။

ဤသို့ဖြင့် စစ်ကောင်စီသည် ၎င်းတို့စစ်အင်အားပြုန်းတီးမှုကို ကာကွယ်ရန် ပြည်သူအချင်းချင်း အပြန်အလှန်တိုက်ခိုက်သည့်ဗျူဟာကို ကျင့်သုံးလျက်ရှိသည်။

လွန်ခဲ့သောနှစ်အထိ အညာစစ်ဇုန်မှ PDF အဖွဲ့များသည် တစ်တောင့်ထိုး လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများကို အဓိကအားထားလျက် စစ်ကောင်စီကို တိုက်-ပြေး (Hit and Run) ပြောက်ကျားနည်းဖြင့် မိနစ်အနည်းငယ်မျှ ခုခံတော်လှန်နိုင်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ် ရောက်လာသည့်အခါ စစ်မြေပြင်သုံး မောင်းပြန်ရိုင်ဖယ်များဖြင့် နာရီနှင့်ချီ ကြာမြင့်သော တိုက်ပွဲများ ဆင်နွှဲလာနိုင်ကြပြီဟု PDF များ၏ အခြေအနေကို စောင့်ကြည့်လေ့လာနေသော စစ်ရေးကျွမ်းကျင်သူ ပညာရှင် Anthony Davis က စစ်ပွဲ၏လားရာကို ပြောင်းလဲနိုင်သော လက်နက်များ PDF များ ရရှိနေပြီဖြစ်ကြောင်း သုံးသပ်ဖော်ပြခဲ့သလို၊ IISS အချက်အလက် မှတ်တမ်းများကလည်း ဖော်ပြထားပါသည်။

ထိုအခြေအနေတွင် PDF အဖွဲ့များအကြား အချင်းချင်း စနစ်တကျချိတ်ဆက်ပြီး၊ တိုက်ပွဲဖော်ဆောင်မည်ဆိုလျှင် မောင်းပြန်ရိုင်ဖယ် လက်နက်ငယ်များ၏ စုပေါင်းအားမှာ စစ်တပ်နှင့် ပျူစောထီးများကို ယခုထက်ပိုမို ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်းရှိသော အင်အားစုကြီး ဖြစ်လာမည်ဟု သုံးသပ်ထားပါသည်။

အရှေ့မြောက်စစ်ဇုန် – ထိုစစ်ဇုန်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၎င်းနယ်မြေများနှင့် ထိစပ်နေသော မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့အပါအဝင် ၄၉ မြို့နယ် ပါဝင်သည်။ ပဋိပက္ခဖြစ်ပွားမှု အခြေအနေမှာ တိုက်ခိုက်မှု/တိုက်ပွဲပေါင်း ၂,၄၃၈ ကြိမ်၊ အဝေးထိန်း/လက်လုပ်မိုင်း ၈၄၀ ကြိမ်၊ လေကြောင်း/ဒရုန်းတိုက်ခိုက်ခြင်း ၁၂၅ ကြိမ်နှင့် အခြေခံအဆောက်အအုံဖျက်ဆီးမှု ၂၂၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

အရှေ့မြောက်စစ်ဇုန်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ၄ မျိုးတွင် အဝေးထိန်း/လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုသည် တစ်နိုင်ငံလုံးတွင် ဒုတိယအများဆုံးနှင့် တိုက်ခိုက်မှု/တိုက်ပွဲဖြစ်ပွားမှု တတိယအများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။

အရှေ့မြောက်စစ်ဇုန်သည် စစ်အာဏာမသိမ်းမီကတည်းက အင်အားကောင်းသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် KIA, TNLA နှင့် MNDAA တပ်ဖွဲ့များ အခိုင်အမာ တပ်စွဲ ထိန်းချုပ်ထားသော လွတ်မြောက်နယ်မြေများအဖြစ် စစ်အာဏာမသိမ်းမီကတည်းက ရှိသည်။

ထို့ကြောင့် အရှေ့မြောက်စစ်ဇုန်သည် စစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့သည့် ထောင်ပေါင်းများစွာသော ဆန္ဒပြလူငယ်များနှင့် PDF များအတွက် အဓိကစစ်ရေးလေ့ကျင့်မှုနယ်မြေ၊ PDF အဖြစ် စနစ်တကျဖွဲ့စည်းမှုနှင့် တန်ပြန်စစ်ဆင်မှုများကို အချိန်တိုအတွင်း လျင်မြန်အားကောင်းစွာ ပေါ်ပေါက်လာရခြင်း၏ အဓိကအကြောင်းတရားများ တည်ရှိရာဒေသ ဖြစ်သည်။

၂၀၂၃ ဧပြီတွင် အရှေ့မြောက်စစ်ဇုန်၏ အတွင်းပိုင်းအကျဆုံးဖြစ်သော မိုးကုတ်၊ မတ္တရာ၊ နောင်ချိုနှင့် ပြင်ဦးလွင် ၄ မြို့နယ်အကြား စစ်တပ်နှင့် မန္တလေး PDF တို့၏ ပြင်းထန်သော တိုက်ပွဲများကို တွေ့ရသည်။ စစ်ကောင်စီ၏ မြန်မာပြည်အထက်ပိုင်း မန္တလေးခံတပ်အနီးထိပါ PDF တပ်များက ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

အနောက်မြောက်စစ်ဇုန် – ထိုစစ်ဇုန်တွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် မကွေးတိုင်း ယောလွင်ပြင်ရှိ မြို့နယ် ၃၀ ပါဝင်သည်။ အဆိုပါ စစ်ဇုန်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဟူ၍ CNF တစ်ဖွဲ့သာ ရှိသည်။

CNF သည် အင်အားအနည်းငယ်သာရှိပြီး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ထိုးထားခြင်းကြောင့် စစ်အာဏာသိမ်းမှုမတိုင်မီက တိုက်ပွဲများ လုံးဝဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပါ။ သို့သော် အာဏာသိမ်းပြီးနောက် ချင်းတောင်တန်းများပေါ်က “တူမီးတော်လှန်ရေး” သည် ကမ္ဘာကျော်ခဲ့ပြီး၊ စစ်ကောင်စီ လုံးဝအငိုက်မိသွားလောက်အောင် ပြင်းထန်ခဲ့သည်။

ယခုအခါ မြေပြန့်နည်းပါးပြီး တောင်တန်းနှင့် လျှိုမြောင် ပေါများသော ချင်းပြည်နယ်တွင် နယ်မြေကျွမ်းကျင်မှု၊ ဘိုးဘွားစဉ်ဆက် တူမီးဖြင့် အမဲလိုက်ဓလေ့ကြောင့် လက်နက်နှင့် အကျွမ်းတဝင်ရှိမှု၊ ဒေသ၏ ရာသီဥတုကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိမှု စသည့် အားသာချက်များက CNDF တပ်ဖွဲ့များနှင့် CNF တပ်ဖွဲ့များကို ပြည်နယ်၏ နယ်မြေအများစု ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ အကြီးမားဆုံး စစ်ရေးအောင်မြင်မှုမှာ သံချပ်ကာယာဉ် ၂ စီးဖြင့် ဦးဆောင်လာသော မော်တော်ယာဉ် အစီး ၃၀ ပါ စစ်ကောင်စီယာဉ်တန်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများကြောင့် ရှောင်တိမ်းနေရသည့် ဒေသခံများကို ၂၀၂၂ နိုဝင်ဘာလ ၁၅ ရက်က တွေ့ရစဉ်။

မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်၏ စစ်ရေးမဟာဗျူဟာအရ ထူးခြားချက်

မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်၏ ထူးခြားချက်မှာ အရှေ့မြောက်၊ အညာနှင့် အနောက်မြောက်စစ်ဇုန် ၃ ခု၏ အလယ်ဗဟိုချက်တွင် ရှိနေသော စစ်ကိုင်းတိုင်းမြောက်ပိုင်းသည် စစ်ရေးမဟာဗျူဟာအရ အရေးအပါဆုံးဒေသဖြစ်ပြီး၊ PDF တပ်ဖွဲ့များ အင်အားကောင်းစွာဖြင့် နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်သော ဒေသလည်း ဖြစ်သည်။

ထိုစစ်ဇုန် ၃ ခုတွင် တော်လှန်ရေးဆင်နွှဲနေသော PDF များ၏ နယ်မြေစိုးမိုးထိန်းချုပ်မှု ပိုမိုကျစ်လျစ် သိပ်သည်းလာသည်နှင့်အမျှ အရှေ့မြောက် တရုတ်နယ်စပ်မှ အနောက်မြောက် အိန္ဒိယနယ်စပ်အထိ အညာစစ်ဇုန်ကို ဖြတ်သန်းပြီး ထောက်ပံ့ရေးလမ်းကြောင်းများ ပွင့်သွားပါလိမ့်မည်။

မြန်မာပြည်အထက်ပိုင်းရှိ အရှေ့မြောက်ဒေသ ကချင်နှင့် အနောက်မြောက်ဒေသ စစ်ကိုင်းအကြား မဟာဗျူဟာစစ်ရေးလမ်းကြောင်း ပွင့်လင်းသွားမည့် အခြေအနေကို စစ်ကောင်စီ လွန်စွာ စိုးရိမ်နေသည်မှာ ထင်ရှားပါသည်။

အဆိုပါ ထောက်ပံ့ရေးလမ်းကြောင်းတွင် အရေးပါသော စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ မြို့နယ်များမှာ ဗန်းမောက်၊ အင်းတော်၊ ကသာ၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး စသည့် မြို့နယ်များဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ထိုဒေသများကို PDF များ အပြည့်အဝ ထိန်းချုပ်သွားနိုင်မည့် အခြေအနေကို ဟန့်တားရန် စစ်ကောင်စီသည် ၎င်းတို့လက်ထဲ နယ်မြေထိန်းချုပ်မှု ပြန်လည်ရရှိရန် ထိုးစစ်များဖြင့် အသည်းအသန်ကြိုးစားခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

အနောက်မြောက်စစ်ဇုန်အတွင်းရှိ ချင်းနှင့် စစ်ကိုင်းနယ်စပ်က ကလေးလွင်ပြင်နှင့် ယောလွင်ပြင်ကို PDF များ အခိုင်အမာထိန်းချုပ်သွားပါက ဒေသနှစ်ခုအကြား မဟာဗျူဟာစစ်ရေးလမ်းကြောင်းပွင့်သွားမည်ကို စိုးရိမ်သည့်အတွက် စစ်ကောင်စီက ထိုမြို့နယ်များကို ထိန်းချုပ်နိုင်ရေး တိုက်ပွဲအများအပြား ဖော်ဆောင်နေခြင်း ဖြစ်သည်။

ထိုလမ်းကြောင်းပွင့်သွားပါက မကွေးတိုင်းအတွင်းပိုင်းရှိ PDF အားအကောင်းဆုံးဒေသများဖြစ်သော ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ပေါက်၊ မြိုင်၊ ဆားလင်းကြီး စသည့် မြို့နယ်များနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည် ဖြစ်သည်။

ထို့ကြောင့် အညာ၊ အရှေ့မြောက်နှင့် အနောက်မြောက်စစ်ဇုန်များပါဝင်သော မြန်မာပြည်အထက်ပိုင်း ပဋိပက္ခဇုန်ကို ခြုံငုံဆန်းစစ်ကြည့်သည့်အခါ တစ်နိုင်ငံလုံးရှိ မြို့နယ်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းတွင် ပဋိပက္ခအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားနေကြောင်း လေ့လာတွေ့ရှိရသည်။

မြန်မာပြည်အောက်ပိုင်း ပဋိပက္ခဇုန်၏ လားရာ

IISS ၏ မြေပုံမှတ်တမ်းများအရ မြန်မာပြည်အောက်ပိုင်း ပဋိပက္ခဇုန်တွင် ၁၈၁ မြို့နယ် (နိုင်ငံဧရိယာ၏ ၅၅ ရာခိုင်နှုန်း) ပါဝင်သည်။ ထိုမြို့နယ်များသည် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၊ မြန်မာပြည်အောက်ပိုင်းက ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး၊ အရှေ့တောင်ပိုင်း တနင်္သာရီ၊ ကရင်၊ ကရင်နီနှင့် ရှမ်း (တောင်) ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေသည်။

ဇယား (၂) တွင် ဖော်ပြထားသော အချက်အလက်များအရ အာဏာသိမ်းပြီးနောက် (၂၇) လအတွင်း လက်နက်ကိုင်တိုက်ခိုက်ခြင်း/တိုက်ပွဲပေါင်း (၄,၅၃၅) ကြိမ်၊ အဝေးထိန်း/လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှု (၁,၉၄၇) ကြိမ်၊ လေကြောင်း/ဒရုန်း တိုက်ခိုက်မှု (၂၂၁) ကြိမ်နှင့် အခြေခံအဆောက်အအုံဖျက်ဆီးမှု (၅၂၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ခြင်း/တိုက်ပွဲများ ဖြစ်ပွားမှုသည် အညာစစ်ဇုန်ပြီးလျှင် အရှေ့တောင်စစ်ဇုန်သည် ဒုတိယအများဆုံးဖြစ်ပြီး၊ ကရင်နှင့် ကရင်နီဒေသများတွင် အဓိက ဖြစ်ပွားခဲ့သည်။ အလားတူ အဝေးထိန်း/လက်လုပ်မိုင်းများနှင့် တိုက်ခိုက်မှုသည် အညာစစ်ဇုန်ပြီးလျှင် မြန်မာပြည်အောက်ပိုင်းစစ်ဇုန်သည် ဒုတိယအများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းတွင် အဓိက ဖြစ်ပွားခဲ့သည်။

ရခိုင်စစ်ဇုန် – ထိုစစ်ဇုန်တွင် စစ်အာဏာမသိမ်းမီအချိန်က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်အကြား ကြီးမားသော တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း၊ ၂၀၂၀ တွင် နှစ်ဖက် အပစ်ရပ်စဲခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း အခြားစစ်ဇုန်များနှင့် နှိုင်းယှဉ်ပါက တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးစစ်ဇုန်ဖြစ်သည်။ ၂၀၂၂ တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှု ရက်ပိုင်းမျှ ရှိခဲ့သော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲခဲ့ပြီးနောက် ယနေ့အချိန်ထိ ရခိုင်စစ်ဇုန်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိပါ။

AA သည် ရခိုင်စစ်ဇုန်တွင် တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး၊ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထိန်းချုပ်စိုးမိုးနယ်မြေ ထူထောင်ထားနိုင်ခဲ့သည်။

နွေဦးတော်လှန်ရေးတွင် AA သည် မိတ်ဖက် ERO အဖြစ် ရပ်တည်ပြီး၊ PDF များကို နောက်ကွယ်မှ စစ်သင်တန်းပေးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းတို့ လုပ်ဆောင်သော်လည်း ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခြင်းမပြုပေ။

အရှေ့တောင်စစ်ဇုန် – ထိုစစ်ဇုန်တွင် အာဏာမသိမ်းမီကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိသော်လည်း အဓိကအင်အားကြီးအဖွဲ့အစည်းများမှာ ကရင်ပြည်နယ်တွင် KNU/ KNLA, ကရင်နီပြည်နယ်တွင် KNPP/KA, ရှမ်းပြည်နယ်တောင်ပိုင်းတွင် RCSS/SSA နှင့် မွန်ပြည်နယ်တွင် MNSP တို့ဖြစ်ကြသည်။

သို့သော် RCSS/SSA နှင့် MNSP တို့သည် နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသလို၊ PDF များကို လက်ခံခြင်း၊ သင်တန်းပေးခြင်းမျိုး မလုပ်ဆောင်ကြပါ။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် အရှေ့တောင်စစ်ဇုန်သို့ ရောက်ရှိလာသော လူငယ်အများအပြားကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စစ်ကောင်စီကို ၎င်းတို့နှင့် တွဲလျက် တော်လှန်စစ်ဆင်နွှဲခြင်းတို့ကို KNU/KNLA နှင့် KNPP/KA တို့က အဓိကထား ကူညီရုံမျှမက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့ကြသည်။

PDF များ၏ ရေသောက်မြစ် EROs များကို စစ်ကောင်စီ ဗျူဟာခင်း စည်းရုံးနေ

IISS ၏ မြေပုံမှတ်တမ်းများက ပြောနေသော မြန်မာပြည်၏ ပဋိပက္ခလားရာသည် စစ်တပ် ထိန်းချုပ်နိုင်စွမ်း တစ်စတစ်စလျော့ပါးလာနေသည့်ဘက်သို့ ဦးတည်လျက်ရှိသည်။ လွန်ခဲ့သော ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်၏ မြေပြင်တပ်ဖွဲ့များ အောင်ပွဲခံသော စစ်ဆင်ရေးဟူ၍ လုံးဝမရှိခဲ့သည့်အပြင်၊ အစဉ်အလာအရ စစ်တပ်၏ အမာခံနယ်မြေများ လက်လွှတ်ဆုံးရှုံးနေရခြင်းကိုလည်း တွေ့ရှိနေရသည်။

PDF များ အချိန်တိုအတွင်း လျင်မြန်အားကောင်းစွာဖြင့် စစ်တပ်ကို ခြိမ်းခြောက်လာနိုင်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက နောက်ကွယ်မှ ပံ့ပိုးကူညီနေခြင်းကြောင့်ဖြစ်ပြီး၊ ထိုအဖွဲ့များ၏ ပံ့ပိုးကူညီမှု ရေသောက်မြစ်ကို ဖြတ်တောက်နိုင်မည်ဆိုလျှင် PDF များ ရေရှည်မရပ်တည်နိုင်ဘဲ အလွယ်တကူ နှိမ်နှင်းဖြိုခွင်းနိုင်မည်ဟု စစ်ကောင်စီ ယူဆထားသည်။

ထို့ကြောင့် ယခုနောက်ဆုံး တရုတ်နိုင်ငံအကူအညီဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော AA, TNLA နှင့် MNDAA တို့ကို စည်းရုံးရန် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုအဖွဲ့သည် ဇွန်လ ၁ မှ ၃ ရက်နေ့အထိ MDAA (မိုင်းလား) နယ်မြေတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း၊ ထို ၃ ဖွဲ့က နိုင်ငံရေးဆွေးနွေးမှုများကို ငြင်းဆန်ခဲ့၍ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ ဆွေးနွေးပွဲပျက်ခဲ့ရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံရေးထွက်ပေါက်အဖြစ် ကြံရွယ်ထားသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘဲ နိုင်ငံရေးထွက်ပေါက်ပိတ်သွားခဲ့ပြီး၊ PDF တို့၏ ရေသောက်မြစ်ဖြစ်သော EROs များကို နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်ခဲ့သော်လည်း မအောင်မြင်ဘဲ စစ်ရေးထွက်ပေါက်ပိတ်လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံရေးနှင့် စစ်ရေးထွက်ပေါက်ပိတ်နေသော စစ်ကောင်စီသည် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းကလွဲလျှင် အခြားနည်းလမ်းမရှိတော့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပဋိပက္ခလားရာသည် IISS မြေပုံမှတ်တမ်းများအရ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာမည့် အရိပ်လက္ခဏာများကို တွေ့မြင်နေရသည်။ နိုင်ငံတကာ ကြားဝင်ဖြေရှင်းလာမည့် အရိပ်လက္ခဏာကိုလည်း မတွေ့မြင်ရပါ။

၂၀၂၂ ဇူလိုင်လက ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားစဥ် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးရမိခဲ့သည် စစ်ကောင်စီတပ်သားများနှင့် လက်နက်များ။ AA အဖွဲ့၏ တိုက်ခိုက်မှု၊ နွေဦးတော်လှန်ရေးတွင် ပါဝင်အားပေးမှုတို့ကို စစ်ကောင်စီက မလိုလားပေ။ (ဓာတ်ပုံ – Arakan Princess Media)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button