
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ထူးချေကျေးရွာအနီး တပ်မှ ထွက်ပြေးလာသည့် စစ်သား နှစ်ဦးက ရွာသားတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အရပ်ဝတ် ဝတ်ဆင်ထားကြသော လက်နက်ကိုင်စစ်သားနှစ်ဦးက ဖေဖော်ဝါရီ ၇ ညနေတွင် ထိုရွာအနီး မြစ်ကမ်းစပ်ရှိ စက်လှေတစ်စီးပေါ်သို့ ရောက်ရှိကာ ညအိပ် ပုန်းအောင်းခဲ့သည်။
နောက်တစ်နေ့ နံနက် ၅ နာရီခန့်တွင် ထူးချေရွာသားများဖြစ်သော ၃၅ နှစ်အရွယ် ကိုမောင်ဆန်းညွန့်၊ ၂၆ နှစ်အရွယ် ကိုဇော်မင်းသိန်းတို့က ငါးဖမ်းရန် မြစ်ကမ်းစပ်သို့ ရောက်ရှိလာစဉ် စစ်သား နှစ်ဦးနှင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်သည်။
စစ်သားများက သူတို့ကို ရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ငါးဖမ်းမည့်နေရာသို့ စက်လှေဖြင့် ပို့ရန် ခိုင်းစေသည်၊ ထို့နောက် မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ကိုမောင်ဆန်းညွန့်ကို ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“မောင်ဆန်းညွန့်ဆိုတဲ့ တစ်ယောက်ကို အရင်ပစ်တယ်။ နောက်တစ်ယောက်ကို ပစ်ဖို့လုပ်တော့ သူက မြစ်ထဲ ခုန်ဆင်းပြေးသွားတယ်။ မြစ်ထဲ ခုန်ဆင်းပြေးတော့ သေနတ်နဲ့ လိုက်ပစ်သေးတယ်။ သူလည်း ရေထဲ ငုပ်သွားပြီး လွတ်သွားတယ်။ စက်လှေကြီးတစ်စီးက လာကယ်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြန်လွတ်လာသူကို ကိုးကား၍ ပြောသည်။
အခြားဒေသခံ အမျိုးသား ၁ ဦး၏ အဆိုအရ တပ်ပြေး ၂ ဦးမှာ ယင်းပတ်ဝန်းကျင်သို့ လာမည့် စစ်ရေယာဉ်တစ်စီး၏ လမ်းကြောင်းလုံခြုံရေးတာဝန်ကျသည့် စစ်ကြောင်းမှ ဖြစ်သည်ဟု ဆိုသည်။
“စစ်သားနှစ်ဦးက အဲဒီရွာသားတွေကို ဟိုဘက်ကမ်း (ပေါက်တောမြို့နယ်) အင်္ဂရားချိုင်ကျွန်းဘက်ကို ပို့ပေးရမယ် ပြောတယ်တဲ့။ အဲဒီဘက်မှာ ပင်လယ်ပြင်ရှိတယ် ကျွန်တော်တို့ ကမ်းကပ်လို့မရဘူးလို့ ပြောတော့ မင်းတို့ ပေါက်ကရ မပြောနဲ့၊ မင်းတို့ မပို့ရင် ပစ်သတ်မယ်လို့ ပြောတယ်တဲ့၊ ပစ်မယ်လို့ ပြော,ပြောချင်း တစ်ယောက်ကို ပစ်လိုက်ပြီတဲ့” ဟု ထိုသူက ပြောသည်။
နားထင်တွင် ဒဏ်ရာရရှိသည့် ကိုမောင်ဆန်းညွန့် သေဆုံးသွားကာ ယမန်နေ့ (ဖေဖော်ဝါရီ ၉) တွင် အလောင်းကို မြစ်အတွင်း၌ ဒေသခံများက တွေ့ရှိခဲ့သည်။
ထိုစစ်သားများသည် ၎င်းတို့၏ စက်လှေကို ယူဆောင်၍ ထွက်ပြေးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက် နေ့လယ်တွင်လည်း အင်အား ၈၀ ကျော်ခန့် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ထူးချေကျေးရွာသို့ ရောက်လာသည်။
ပြန်လွတ်လာသူ ကိုဇော်မင်းသိန်းက စစ်သားများ၏ရန်ကို ကြောက်လန့်၍ တိမ်းရှောင်နေရာ စစ်တပ်က သူ့ကို စစ်ဆေးနိုင်ခြင်းမရှိဘဲ ပြန်ထွက်သွားသည်ဟု ရွာသားနောက်တစ်ဦးကလည်း ပြောသည်။
သေဆုံးသွားသည့် ကိုမောင်ဆန်းညွန့်တွင် ၁၃ နှစ်အရွယ်နှင့် လသားအရွယ် ကလေး ၂ ဦး၊ ဇနီးသည်တို့ ကျန်ရစ်ကြောင်း၊ စစ်တပ်က ထိုပစ်ခတ်မှုအတွက် တောင်းပန်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့မှာ ကျန်လိုက်တဲ့ ဇနီးက လုပ်စားဖို့ လုပ်ငန်းလည်း မရှိဘူး။ ပြီးတော့ ကလေးက လသားပဲ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က နစ်နာကြေး လိုချင်တယ်။ သူတို့ (စစ်ကြောင်း) ရောက်လာတုန်းကတော့ ဘာမှမပြောခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့်နှစ် သြဂုတ်လမှစ၍ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ မှစတင်ကာ ယာယီအပစ်အခတ်ရပ်စဲထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)