သတင်း

မုန်တိုင်းဘေးကို ရှောင်ရန် ရခိုင်ဒေသခံ ၅၀၀၀ ကျော် ရွှေ့ပြောင်းတိမ်းရှောင်

မေလ ၁၄ ရက်နေ့တွင် ကျရောက်မည်ဟု ခန့်မှန်းထားသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း သုံးမြို့နယ်မှ ဒေသခံ ထောင်ချီကာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် မေ ၉ ရက်မှ စတင်ကာ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်တွင် တည်ရှိသည့် ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့မှ ပင်လယ်ကမ်းစပ်နှင့် နီးသော ကျေးရွာ ၃၆ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်သည် ကုန်းတွင်းပိုင်းနေရာများသို့ ပြောင်းရွှေ့ခိုလှုံနေကြသည်။

ပေါက်တောမြို့နယ်တောင်ပိုင်း လူ ၁၇၀၀ ကျော်ရှိ သဲခုံကျေးရွာတွင် ယမန်နေ့ (မေ ၁၀) မှ စတင်၍ လူ ၁၀၀၀ ကျော်ခန့် တိမ်းရှောင်သွားပြီး ရွာတွင် ကျန်ရှိနေသူများလည်း ကုန်းမြင့်ပိုင်းဒေသများသို့ သွားရောက်တိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူး ဦးစိန်လှဦးက ပြောသည်။

သဲခုံကျေးရွာသည် ပင်လယ်ကမ်းစပ်နှင့် နီးကပ်စွာ တည်ရှိနေသည့် ရွာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ကမ်းပါး ပြိုကျလေ့ရှိသော ရွာဖြစ်သဖြင့် ပြင်းထန်သည့် မုန်တိုင်းလာမည်ဟု ကြားသိရသဖြင့် စိုးရိမ်ကာ ထွက်ပြေးကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုရွာအနီးရှိ ကုန်းမြင့်ပိုင်းကျေးရွာများဖြစ်သော ယာတိုက်၊ ဂြင်းချောင်း၊ သစ်ခေါင်းတော၊ ချောင်းဝ စသည့် ရွာများဆီ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု ဦးစိန်လှဦးက ဆိုသည်။

“မုန်တိုင်းနဲ့ ပတ်သက်လို့ အထက်ရွာတွေကို ရှောင်တိမ်းနေကြတယ်။ အားလုံးပြေးနေကြတယ်။ မုန်တိုင်းဘေးက လွတ်မယ်လို့ ထင်တဲ့ ရွာတွေကို ထွက်ပြေးနေကြတာ။ ကျွန်တော်တို့က မြစ်ကမ်းစပ်မှာ နေရတာဆိုတော့ တကယ်လို့ မုန်တိုင်း တိုက်ခတ်လာရင် အန္တရာယ်နဲ့ သိပ်ရင်ဆိုင်နိုင်ရတယ်ဆိုပြီး ပြေးကြတာ”

မေ ၉ ရက်က ပေါက်တောမြို့နယ်မြောက်ပိုင်းမှ ပတင်း၊ ကျွဲတက်ရွာများနှင့် ကုလားတန်မြစ်အတွင်း တည်ရှိသော ငပြီကျွန်းပေါ်ရှိ သရက်တော၊ ရွာမ၊ အလယ်ကျေးရွာတို့မှ ဒေသခံများ ၃၀၀ ကျော်သည် နီးစပ်ရာရွာနှင့် မြို့ပေါ်သို့  ပြောင်းလာကြသည်။

အလားတူ ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာမှ ဒေသခံ ၇၀၀ ကျော်မှာလည်း မင်းပြားမြို့နှင့် ပေါက်တောမြို့ပေါ်များသို့ တိမ်းရှောင်သွားကာ ရွာတွင် ကျန်ရှိနေသူများလည်း ထွက်ပြေးရန် ပြင်ဆင်နေကြသည်ဟု အသက် ၂၃ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

“အခုတော့ လေက သိပ်မတိုက်ခတ်သေးဘူး။ ကျန်ရှိနေတဲ့သူတွေကိုလည်း ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။ အနီးအနားက ပုဏ္ဏားကြီးရွာက လူတွေလည်း ထွက်ပြေးနေတယ်လို့ ကြားရပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ပေါက်တောမြို့နယ်မှ ဆင်ပိုက်၊ ချောင်းစောက်၊ ပုဏ္ဏားကြီး၊ သာစည်ကုန်း၊ နန်းတက်ကျွန်း၊ အလယ်ကျွန်း၊ ငရီချိုင် အစရှိသည့် အနည်းဆုံး ကျေးရွာ ၁၂ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် မေ ၁၄ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ကော့ဘဇားမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားရာ အနိမ့်ပိုင်းဒေသရှိ ရခိုင်ဒေသခံများ ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။

ပေါက်တောမြို့နယ်နှင့် ထိစပ်နေသော မြေပုံမြို့နယ်၊ ငမန်းရဲကျွန်း အနီးတစ်ဝိုက်ကျေးရွာများကို တွေ့ရစဉ်။

အလားတူ ယနေ့ (မေ ၁၁ ) တွင် ပေါက်တောမြို့နယ်နှင့် ထိစပ်နေသော မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းမှ လွန်းလုံးပိုက်၊ ဝက်ခေါင်းကြီး၊ ငမန်းရဲ၊ မြောက်ကြိမ်၊ ငခူချောင်းစသည့် ကျေးရွာ ၁၃ ရွာမှ လူပေါင်း ၄၀၀၀ ကျော်မှာ မင်းပြား၊ မြေပုံ စသည့် နီးစပ်ရာမြို့နယ်များမှ ကုန်းမြင့်ပိုင်းကျေးရွာများသို့ စတင်တိမ်းရှောင်နေသည်ဟု ငမန်းရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းချေက ပြောသည်။

“အခုလက်ရှိအနေအထားအရ စိုးရိမ်တာကြောင့် မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ဒေသခံ ပြည်သူတွေက တော်တော်လေး စိုးရိမ်နေကြတယ်။ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှာနဲ့ မိသားစုစားဝတ်နေရေး မဖူလုံဖြစ်သွားမှာကိုစိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ငမန်းရဲကျွန်းမှ ဒေသခံအများစု တိမ်းရှောင်သွားကြပြီး နေအိမ်များနှင့် ပစ္စည်းဥစ္စာများကို စိတ်မချသောကြောင့် တစ်အိမ်တွင် အမျိုးသားတစ်ယောက်စီသာ အိမ်စောင့်အဖြစ် ကျန်ရစ်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တွေမြို့မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့ရှိ ဒေသခံများမှာလည်း ယနေ့ (မေ ၁၁) တွင် နေအိမ်များကို ကြိုးများဖြင့် ချည်နှောင်ခြင်း၊ စားနပ်ရိက္ခာများကို သိမ်းဆည်းနေမှုများလည်း ရှိနေကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) ကလည်း မုန်တိုင်းသတိပေးချက်များကို တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်နေသလို ရခိုင်ဒေသခံများအတွက် လိုအပ်သည့် ပြောင်းရွှေ့မှုများကို လုပ်ဆောင်ပေးနေသည်ဟု AA ၏ ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ယနေ့ ပြောသည်။

“အာရက္ခပြည်သူ့အစိုးရအနေနဲ့ မုန်တိုင်းမရောက်လာခင် မုန်တိုင်းဖြတ်နိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ရွာတွေက ပြည်သူတွေကို မနေ့က စပြီးတော့မှ လုံခြုံမယ့်နေရာတွေကို ပြောင်းရွေ့မှုတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဆိုတော့ မြေပုံမြို့နယ်ထဲက ငမန်းရဲကျွန်းကရွာတွေ၊ အဲဒီမှာ အကုန်လုံးဆိုတော့ ရွာပေါင်း ၁၃ ရွာပေါ့။ နောက်ပြီးတော့ မင်းပြားမြို့နယ်တောင်ပိုင်းက မုန်တိုင်းအန္တရာယ်ရှိနိုင်တဲ့ ရွာ ၁၁ ရွာက ပြည်သူတွေကို ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) က မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းမှ ဒေသခံများကို ဘေးလွတ်ရာသို့‌ ယနေ့ ရွှေ့ပြောင်းပေးနေစဉ်။ (ဓာတ်ပုံ-ပေးပို့)

“အထူးသဖြင့် ကျွန်တော်တို့ရဲ့ အဆင့်ဆင့်သော ကူညီရေးအဖွဲ့တွေက ပြောင်းရွှေ့မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ မသန်စွမ်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို အဓိကထားပြီးတော့မှ ကျွန်တော်တို့ ဦးစားပေး ပြောင်းရွှေ့နေပါတယ်။ ပြီးတော့ ရွာတွေမှာ ကျန်ခဲ့တဲ့သူတွေကိုလည်း အသက်ကယ်အင်္ကျီတွေကို လုံလုံလောက်လောက် ဖြန့်ဝေပေးခဲ့တာ ရှိပါတယ်”

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ ယနေ့ ညလယ်ပိုင်းလောက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အား ကောင်းပြီး မေ ၁၂ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားမည်ဟု ထုတ်ပြန်ထားသည်။

မုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းပေါ်တွင် ရှိနေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံအများစုမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခြင်းမရှိကြကြောင်း ကျောက်ဖြူမြို့နယ်၊ လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကော်မတီက မြို့ပေါ်တွင် လူပေါင်း ၁၁၀၀၀ ခန့် ဆံ့သည့် ကယ်ဆယ်ရေးစခန်း ၅ ခု ဖွင့်လှစ်ထားသော်လည်း ချက်ပြုတ်ရေးနှင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် သောက်သုံးရေ၊ အခြားပြင်ဆင်မှုများတွင်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်သည်ဟု သူက ဆိုသည်။

သို့ရာတွင် စစ်ကောင်စီအနေဖြင့် ကျောက်ဖြူမြို့နယ် နယ်ဘက်ကျေးရွာများတွင် ပြင်ဆင်မှုများ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဘာမှ သူတို့ (စစ်ကောင်စီ) မစီစဉ်ပေးထားဘူး။ မစီစဉ်ပေးထားတဲ့အတွက်ကြောင့် ကိုယ်ဖြစ် ကိုယ်ခံပေါ့နော်။ အဲဒီတော့ တတ်နိုင်သလောက်တော့ ကျွန်တော်တို့အရပ်ဘက်အဖွဲ့အစည်းတွေက ဖုန်းတွေနဲ့ လှမ်းပြီးတော့ ဆက်ထားတယ်။ ဘယ်အချိန်၊ ဘယ်နေ့ဘယ်ရက်မှာ (မုန်တိုင်း) ဖြစ်မယ်ဆိုတာတော့ လှမ်းပြီး ပြောထားတာ ရှိတယ်” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

ကျောက်ဖြူအရပ်ဘက်အဖွဲ့များ ပူးပေါင်းကာ မြို့ပေါ်ရှိ ဒေသခံများအတွက် ဆန်အိတ် ၁၀၀၀၊ ဆီ ပိဿာ ၁၀၀၀၊ ဆား ပိဿာ ၁၀၀၀ နှင့် ငပိ ပိဿာ ၁၀၀၀ တို့ကို စုဆောင်းထားပေးကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) က မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းမှ ဒေသခံများကို ဘေးလွတ်ရာသို့‌ ယနေ့ ရွှေ့ပြောင်းပေးနေစဉ်။ (ဓာတ်ပုံ-ပေးပို့)

မုန်တိုင်းလမ်းကြောင်း၏ တောင်ဘက်တွင် ရှိသည့် ကမ္ဘာကျော် ငပလီကမ်းခြေတွင် ဟိုတယ်အများစု ပိတ်သိမ်းလိုက်သလို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ငပလီမြို့တွင် ယာယီခိုလှုံရေးစခန်းများကို ဘုန်းကြီးကျောင်းများတွင် စီစဉ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

ငပလီမြို့၊ လင်းသာရပ်ကွက်တွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက  “သူတို့ (စစ်ကောင်စီ) ကတော့ အုန်းပင်တွေများတဲ့ နေရာတွေ ရှိတယ်မလား၊ အဲဒီနေရာတွေက လူတွေကျတော့ အဲဒီနေရာတွေမှာ မနေနဲ့ ကယ်ဆယ်ရေးစခန်းရှိတဲ့နေရာကို သွားကြဖို့ ပြောကြတယ်” ဟု ပြောသည်။

စားနပ်ရိက္ခာနှင့် သောက်သုံရေ၊ ဆေးဝါး၊ စသည်တို့ကို ကြိုတင်စုဆောင်းထားကြရန် မီးသတ်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လိုက်လံပြောဆိုမှုများရှိကြောင်း ငပလီဒေသခံအချို့က ပြောကြသည်။

ရခိုင်နှင့် နယ်မြေဆက်စပ်နေသော ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ ဒေသခံအများအပြားသည်လည်း တိမ်းရှောင်နေကြပြီဖြစ်သည်။

ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင်လည်း ဟိုတယ်အများစု ပိတ်သိမ်းသွားကြပြီး ဧည့်သည်များလည်း မရှိတော့ကြောင်း ငွေဆောင်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ဈေးဆိုင်တွေ၊ ငါးဖမ်းတာတွေ ဘာတစ်ခုမှ မရှိတော့ဘူး။ ဘုတ် (စက်လှေ) တွေလည်း မရှိတော့ဘူး။ ဆိုင်ခန်းတွေလည်း မရှိတော့ဘူး။ အကုန်သိမ်းပြီလေ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ငွေဆောင်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှ အသံချဲ့စက်များနှင့် လိုက်လံပြောဆိုမှုများရှိသော်လည်း အခြားပြင်ဆင်မှုများ မတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းမှ ဒေသခံများကို ဘေးလွတ်ရာသို့‌ ယနေ့ ရွှေ့ပြောင်းပေးနေစဉ်။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button