သတင်း

မုန်တိုင်းရန်ကြောင့် ပေါက်တောဒေသခံ ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့

ရခိုင်ကမ်းရိုးတန်းသို့ မိုခါ (Mocha) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်ခြေရှိသောကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မြောက်ပိုင်းရှိ အနည်းဆုံးကျေးရွာ ၅ ရွာခန့်မှ ဒေသခံ ၃၀၀ ကျော်မှာ ယမန်နေ့ (မေ ၉) မှ စတင်၍ ဘေးလွတ်ရာနေရာများသို့ သွားရောက်တိမ်းရှောင် ခိုလှုံနေကြသည်။

စစ်တွေမြို့နယ်အရှေ့ဘက် ရေပတ်လည်ဝန်းရံနေသည့် ကုလားတန်မြစ်အတွင်း တည်ရှိသော ပေါက်တောမြို့နယ်မြောက်ဘက် ငပြီကျွန်းမှ သရက်တော၊ ရွာမ၊ အလယ်ကျေးရွာတို့မှ ဒေသခံ ၃၀၀ ကျော်သည် ကျွန်းအရှေ့ဘက် ကြိမ်ခွေမော်ကျေးရွာသို့ ရောက်နေကြသည်ဟု ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးအောင်ကျော်ထွီးက ပြောသည်။

“ဆွေမျိုးမိသားစုရှိတဲ့သူတွေမှာတော့ ဆွေမျိုးမိသားစုအိမ်မှာ နေကြတယ်။ ဆွေမျိုးမရှိတဲ့သူတွေမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ နေရာချထားတယ်လို့ သိရတယ်။ စားရေးသောက်ရေးကတော့ သူတို့မှာ ပါလာကြတာတွေနဲ့ ချက်ပြုတ်စားသောက်သလို လိုအပ်ရင် ရွာ (ကြိမ်ခွေမော်) က ပေးတာတွေလည်း ရှိတယ်။ ပေါက်တောမြို့ပေါ်ကိုတော့ ကျွဲတက်ရွာကလူတွေ တက်လာကြတယ်။ တခြားနယ်ကသူတွေလည်း နီးစပ်ရာ ကုန်းမြင့်ရွာတွေကို ရွှေ့နေကြတယ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။

ပေါက်တောမြို့နယ်၊ ပတင်းကျေးရွာမှ ဒေသခံတစ်ဦးကလည်း ရွာသူရွာသားများ ကုန်းမြင့်ပိုင်းဒေသများသို့ ရွှေ့ပြောင်းနေကြပြီး နေအိမ်များကိုလည်း လေဒဏ်ခံနိုင်ရည်ရှိရန် စီစဉ်နေကြကြောင်း၊ ငါးဖမ်းစက်လှေများလည်း ရပ်နားထားကြောင်း ပြောသည်။

“အိမ်တွေကိုတော့ ကြိုးတွေနဲ့ ချည်နှောင်နေကြတယ်။ ပြီးတော့ လူတွေလည်း ကုန်းမြင့်က နေရာတွေ၊ တခြား ဘေးလွတ်မဲ့ရွာကို သွားနေကြတာလည်း ရှိတယ်။ မုန်တိုင်းသတင်းနဲ့ ပတ်သက်လို့တော့ ရက္ခိုင့်တပ်တော် (AA) ညွှန်ကြားထားတဲ့ သတိပေးစာတွေကို တစ်နေ့မှာ တစ်ကြိမ်နှစ်ကြိမ်လောက်တော့ အော်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် မေလ ၁၁ ရက် နံနက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး မေ ၁၄ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ကော့ဘဇားမြို့နှင့် ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းအန္တရာယ်ကို စိုးရိမ်၍ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာသို့ ထွက်ပြေးလာသည့် ငပြီကျွန်းရွာသူရွာသားများကို ယမန်နေ့ မေ ၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Western News)

အလားတူ The Hindustan Times သတင်းစာကလည်း မုန်တိုင်းသည် မေ ၁၂ တွင် ပိုအားကောင်းလာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ ခန့် ရှိနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန၏  ခန့်မှန်းချက်ကို ကိုးကား၍ ဖော်ပြထားသည်။ 

ထို့ကြောင့် ရခိုင်ဒေသခံအများစု ပြောင်းရွှေ့နေကြသလို နယ်မြေထိစပ်နေသော ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင်လည်း ဒေသခံအများအပြား တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

ပေါက်တောမြို့နယ်သည် စစ်တွေမြို့နယ်နှင့် မြေပုံမြို့နယ်အကြားတွင် တည်ရှိသည်၊ ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်သောကြောင့် ရေပတ်လည်ဝိုင်းနေသည့် ကျေးရွာများလည်း ရှိကြသည်။ 

တိမ်းရှောင်နေကြသော ပေါက်တောမြို့နယ်မြောက်ပိုင်းဒေသကျေးရွာများနှင့် အလှမ်းမဝေးသော ပြည်နယ်၏ မြို့တော် စစ်တွေတွင်မူ မုန်တိုင်းပြင်ဆင်မှုများ ယနေ့အထိ မတွေ့ရသေးကြောင်း မြို့ခံတချို့ထံမှ သိရသည်။ 

ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားသည်ဟု ၎င်းတို့ ထိန်းချုပ်သည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသလို ရခိုင်လူထု ထောက်ခံမှုအားကောင်းသည့် ရက္ခိုင့်တပ်တော် (AA) ကလည်း မုန်တိုင်းသတိပေးချက်များကို တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထုတ်ပြန်နေသည်။

မုန်တိုင်းအခြေအနေနှင့် ပတ်သက်၍ ပေါ့ပေါ့ဆဆမနေကြရန် သတိပေးထားပြီး အရေးပေါ်အကူညီများ လိုအပ်လာပါက နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ အသစ်ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးကို ဆက်သွယ်ဆောင်ရွက်ရန် AA က မေ ၇ ရက်တွင် ထုတ်ပြန်တိုက်တွန်းထားသည်။ 

ပြည်နယ်၏ ရေကြောင်းသွားလာဆက်သွယ်ရေးတွင် အရေးပါသော အမြန်ရေယာဉ်များလည်းရှိရာ ရွှေပြည်တန်အမြန်ရေယာဉ်လုပ်ငန်းအနေဖြင့် ခရီးစဉ်တချို့ ရပ်နားထားပြီးဖြစ်သော်လည်း ပြည်တွင်းရေကြောင်းဦးစီးဌာန၏ ညွှန်ကြားမှုမရှိသေးသဖြင့် ရခိုင်ပြည်မြောက်ပိုင်း ကျန်ခရီးစဉ်များကို ရပ်နားထားခြင်း မရှိသေးဟု ထိုလုပ်ငန်း မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

“လောလောဆယ်တော့ တောင်ကုတ်-စစ်တွေ၊ တောင်ကုတ်-မာန်အောင်လမ်းကြောင်းတော့ ရပ်တန့်ပြီးပါပြီ၊ ဆိုတော့ ဒီစစ်တွေကနေ ဆွဲနေတဲ့ ပေါက်တော၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး အဲဒီလောက် ကျန်ပါတယ်။ ဒီဘက်က လမ်းကြောင်းတွေကျတော့ အတွင်းလမ်းကြောင်းတွေလည်း ဖြစ်တယ်။ ပြီးတော့ လေရဲ့ သက်ရောက်မှုတွေလည်း မရှိသေးတဲ့အတွက်ကြောင့်ပါ။ (ဘယ်နေ့ ရပ်တန့်မယ်) ဆိုတာကတော့ လေတိုက်လာရင်တော့ ညွှန်ကြားမယ် ထင်ပါတယ်။ မညွှန်ကြားရင်လည်း (လေကြမ်းလာရင်) ရပ်တန့်ပစ်ရမယ်လေ” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ကိုကိုးကျွန်းမြို့၏ တောင်-အနောက်ဘက်တောင် ရေမိုင် (၄၁၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် (၅၃၀) မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် ရေမိုင် (၇၁၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၃၁၀) မိုင်ခန့်၊ ပို့ပလဲယား၏ အနောက်တောင်ဘက် ရေမိုင် (၂၈၀) မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၇၇၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထိုမုန်တိုင်းငယ်ကို လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားကာ နောက် ၉ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ၊ ယနေ့ (မေ ၁၀) ညနေတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၁၁ နံနက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေ ၁၂ နံနက်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မြန်မာမိုးလေဝသဌာနထုတ်ပြန်ချက်က ဆိုသည်။ 

အိန္ဒိယမိုးလေဝသဌာနကမူ နောက် ၁၂ နာရီအတွင်း မိုခါဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀ မှ ၉၀ ကီလိုမီတာနှင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ တိုက်ခတ်နိုင်သည်၊ မေ ၁၂ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် အမ်ဖန်(Amphan) သည် ၂၀၂၀ မေလ ဒုတိယပတ်အတွင်း အိန္ဒိယအရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခတ်သွားခဲ့ပြီး အပျက်အစီးအဆုံးအရှုံး များခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button