မြန်မာမင်းဆက် နောက်ဆုံး ထီးနန်းစိုက်ရာ မန္တလေးနေပြည်တော်၏ ကောင်းကင်တွင် ခပ်နိမ့်နိမ့် ပျံသန်းလာသည့် ရုရှားထုတ် MI 35 စစ်သုံး ရဟတ်ယာဉ် ၃ စင်း၏ ခုတ်မောင်းသံက သွေးဆာနေသည့် မိစ္ဆာကောင်များ အော်မြည်နေသကဲ့သို့ပင် ကျယ်လောင်စွာ မြည်ဟိန်းနေသည်။
စစ်သည်အင်အား ၁၀၀ ကျော်ဖြင့် တံတားဦးလေဆိပ်မှ ထွက်ခွာလာသည့် ထိုရဟတ်ယာဉ် ၃ စင်းသည် မြို့၏ အနောက်ဘက် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ မင်းကွန်းပုထိုးတော်ကြီးရှိရာ မင်းဝံတောင်တန်းဆီသို့ ဦးတည် ပျံသန်းနေခြင်းဖြစ်သည်။
ထို့နောက် မင်းကွန်းပုထိုးတော်ကြီး၏ ၁၀ မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်ရှိ အုတ်ဖိုကျေးရွာ ကောင်းကင်ယံတွင် ပျံဝဲလိုက်ပြီး ကျေးရွာဘုန်းကြီးကျောင်းကို စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်တော့သည်။
ဧပြီ ၈ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားကောင်းရာ ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေ မင်းကွန်းဒေသ၊ မင်းဝံတောင်ရိုးရှိ အုတ်ဖိုကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းသုံး ဝင်ရောက် စီးနင်းနေခြင်းဖြစ်သည်။
မန္တလေးမြို့အခြေစိုက် ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နဂါးနီပြောက်ကျားတပ်ဖွဲ့) နှင့် မန္တလေးမြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့က ထိုဘုန်းကြီးကျောင်းတွင် ယာယီ စခန်းချ နေထိုင်နေပြီး အာဏာသိမ်းစစ်တပ်ကို ပြောက်ကျားစစ် ဆင်နွှဲနေရာ တည်နေရာသတင်းပေါက်ကြားပြီး တိုက်ခိုက်ခံရခြင်းဖြစ်သည်။
မန္တလေးမြို့မှ စစ်သုံး ရဟတ်ယာဉ် ၃ စင်း ပျံသန်းလာသည်ကို မြင်တွေ့ရပြီးနောက် ၎င်းတို့ တည်နေရာသို့ ဦးတည်ပျံသန်းလာသည်၊ ရဟတ်ယာဉ် ၂ စင်းက တရစပ် ပစ်ခတ်ကာ နောက်တစ်စင်းက လူချပြီး ဝေဟင်သာမက မြေပြင်ကပါ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နဂါးနီပြောက်ကျားတပ်ဖွဲ့) တာဝန်ခံ ကိုသားငယ်က ပြောသည်။
“ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တုန်းကတော့ ကျွန်တော်တို့က ပြန်မဆုတ်ခဲ့ဘူး။ အကာအကွယ်ရမယ့် နေရာကနေ အမာခံနေရာယူပြီးတော့ ပြန်လည်ကာကွယ်ကြတယ်။ နောက်ဆုံးမှာ သူတို့ လူချပြီးတော့ ပစ်ခတ်တဲ့ အချိန်မှာ စခန်းတွေကို စွန့်ခွာခဲ့ရတယ်” ဟု သူက ပြောသည်။
စခန်းကို ဆုတ်ခွာချိန်တွင် စစ်ကိုင်းတိုင်း မုံရွာဘက်မှ ရဟတ်ယာဉ် ၂ စင်း ထပ်မံရောက်ရှိလာပြီး ၎င်းတို့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ကို လိုက်လံ တိုက်ခိုက်ခဲ့သည်ဟု ကိုသားငယ်က ဆက်ပြောသည်။
“မန္တလေးမြို့နဲ့ အကွာအဝေး သိပ်မဝေးတော့တဲ့ နေရာအထိ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အကုန် ကပ်လာနိုင်တယ်။ အဲဒါကြောင့် မန္တလေးတိုင်းရဲ့ မြို့နယ်တချို့မှာ သူတို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာပါ” ဟု သူက ပြောသည်။
တိုက်ပွဲတွင် အသက် ၂၃ နှစ်အရွယ် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ဂျက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိပြီး သေဆုံးသွားသည်။ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ အရပ်မျက်နှာအသီးသီးမှ ထိုးစစ်ကို ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်သည် မန္တလေးတိုင်းအတွင်း စစ်မီးမကူးရေးမူကို ကိုင်စွဲထားပြီး လူဦးရေ ဆယ်ဂဏန်းမျှသာရှိသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကိုပင် ရဟတ်ယာဉ် ၅ စင်း သုံးကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တော်လှန်စစ်၏ ဗဟိုချက်
မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းသည် စစ်အာဏာသိမ်းမှုကို ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့နှင့် ထိစပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ စိမ့်ဝင် ပျံ့နှံ့ရာ ဒေသဖြစ်သည်။
မြန်မာပြည်မြောက်ပိုင်း တောင်တန်းဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များထံမှ စစ်ပညာသင်ယူလာကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ ပတ်ပတ်လည်ရှိ နွားထိုးကြီး၊ မြင်းခြံ၊ မတ္တရာ၊ ပုသိမ်ကြီးနှင့် တံတားဦးမြို့နယ်တို့တွင် နေ့စဉ် ပြောက်ကျားစစ် ဆင်နွှဲနေသည်။
မန္တလေးမြို့ တစ်ဖက်ကမ်း စစ်ကိုင်းနှင့် မကွေးတိုင်းတွင်လည်း စစ်မီးသည် အရှိန်အဟုန်နှင့် တောက်လောင်နေပြီး မန္တလေးမြို့ပေါ်ထိအောင်ပင် ကူးစက်လာနေသည်။ အာဏာသိမ်းစစ်တပ်၏ မန္တလေးတိုင်းသို့ စစ်မီးမကူးရေးမူမှာလည်း တစ်နေ့တခြား အရေးနိမ့်နေပြီဖြစ်သည်။
ထို့သို့ မန္တလေးမြို့ ပတ်ပတ်လည်ရှိ ပြောက်ကျားစစ်တွင် အရေးနိမ့်နေရုံသာမက မန္တလေးတိုင်းသို့ ထိုးစစ်ဆင်လာသည့် ရှမ်း၊ စစ်ကိုင်း၊ မကွေးရှိ တိုက်ပွဲများတွင်လည်း လေကြောင်းသုံး ခုခံနေရသည်။
နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပျိုမျစ်နုနယ်သည့် လူငယ်တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်တပ်နှင့် ဆယ်စုနှင့် ပေါင်းများစွာ ရင်ဆိုင် တိုက်ပွဲဝင်လာခဲ့သည့် ကချင်၊ တအာင်း (ပလောင်) လက်နက်ကိုင်များက နည်းဗျူဟာ၊ မဟာဗျူဟာများ သုံးကာ ဦးဆောင် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
မြန်မာမင်းဆက်၏ နောက်ဆုံး မင်းနေပြည်တော် တည်ရှိရာ မန္တလေးတိုင်းသည် နွေဦးတော်လှန်ရေး၏ စစ်ရေးဗဟိုချက်မ ဖြစ်လာနိုင်ပြီး စစ်တပ်ဌာနချုပ် နေပြည်တော်ကို ခုခံကာကွယ်ရာ နောက်ဆုံးခံတပ် ဖြစ်လာနိုင်သည်ဟု လေ့လာသူများက သုံးသပ်သည်။
၂၀၂၃ ဇန်နဝါရီ ၁ မှ ဧပြီ ၂၆ အထိ စခန်းသိမ်းတိုက်ပွဲ ၄၄ ကြိမ် ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ ရန်သူ့ဌာနချုပ်ကို ၁၁ ကြိမ်၊ လေတပ်စခန်းကို တိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ပြီး လက်နက်စက်ရုံ ၉ ရုံတို့ကို တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG က ဆိုသည်။
မန္တလေးနန်းတွင်းကို သိမ်းပိုက်မည့်သူ
တိုက်လေယာဉ် ပျံသန်း ပစ်ခတ်သံများ၊ ရန်သူတပ်သားများ၏ ငြာသံပေး ချီတက် တိုက်ခိုက်သံများ၊ လက်နက်ကြီးကျည် တရစပ် ကျရောက် ပေါက်ကွဲသံများက အသက် ၂၈ နှစ်အရွယ် ကိုမုန်တိုင်းအတွက် ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲသို့ ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ပင်ဖြစ်သည်။
ကိုမုန်တိုင်းတို့ သိမ်းပိုက်ထားသည့် ရှမ်း-မန္တလေးနယ်စပ် နောင်ချိုရှိ ဟိုဖကျေးရွာ စခန်းကုန်းကို ဧပြီ ၅ မှ စတင်ပြီး ရန်သူစစ်တပ်က လေကြောင်း၊ ကြည်းကြောင်းသာမက လက်နက်ကြီးပစ်ကူများပါ အသုံးပြုပြီး အစွမ်းကုန် ထိုးစစ်ဆင်နေသည်မှာ ၁၀ ရက်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။
ထိုသို့ နေ့စဉ်နီးပါး နားကွဲမတတ် ကျယ်လောင်သည့် ပေါက်ကွဲမှုများကို ရင်ဆိုင်နေရလင့်ကစား အလျှော့မပေးဘဲ ကတုတ်ကျင်းများထဲမှ ကြံ့ကြံ့ခံ တွန်းလှန်ခဲ့သည့် ထိုဟိုဖကျေးရွာတိုက်ပွဲသည် သူတို့တပ်ဖွဲ့ ဆင်နွှဲခဲ့ဖူးသည့် တိုက်ပွဲများတွင် အပြင်းထန်ဆုံး ဖြစ်သည်။
အကာအကွယ်မရှိသည့် တောင်ကုန်းအတိုင်း ‘ကျား’ ထိုးတက်လာသည့် ရန်သူ့တပ်သားများကို ပစ်ခတ်ရသည်မှာ လက်အန်သေလာသလို လက်နက်ခဲယမ်းအထောက်အပံ့လည်း ခက်ခဲလာသည့်အဆုံး ဧပြီ ၁၅ တွင် ထိုတောင်ကုန်းမှ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ရသည်ဟု ကိုမုန်တိုင်းက ဆိုသည်။
“အင်မတန် မညှာမတာဗျာ။ အမိန့်ပေးတဲ့သူကလည်း ပေးတယ်။ လုပ်တဲ့သူကလည်း လုပ်တယ်။ ကျွန်တော်ထင်တာတော့ ဆေးတွေ သုံးပြီးတော့ လုပ်ကြတယ် ထင်တာပဲ။ အဲ့လောက်ကြီးအထိ လူတွေ သောက်သောက်လဲ သေနေတာကို ဇွတ်ထိုးတက်ကြတာ” ဟု သူက ဟိုဖကျေးရွာတိုက်ပွဲအကြောင်းကို ပြန်ပြောပြသည်။
MDY-PDF စစ်ဦးစီးအဖွဲ့ဝင် ကိုမုန်တိုင်းက ဧပြီ ၁၅ ရက်နေ့ မန္တလေး-ရှမ်းနယ်စပ် နောင်ချို၊ ဟိုခဲကျေးရွာတိုက်ပွဲတွင် စစ်တပ်က လေကြောင်းပစ်ကူ ၁၄ ကြိမ်၊ လက်နက်ကြီးပစ်ကူများ အသုံးပြုကာ သူတို့ စိုးမိုးထားသည့် တောင်ကုန်းကို ထိုးစစ်ဆင်ရာ အာဏာသိမ်းစစ်တပ်ဘက်က စစ်သည်အင်အား ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး MDY-PDF ရဲဘော် ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးအခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းတစ်ခု၏ ဦးဆောင်သူ ကိုမုန်တိုင်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ မြေပြင်သပိတ်ကော်မတီ၏ ဦးဆောင်သူဖြစ်လာသည်။
ငြိမ်ချမ်းစွာ ဆန္ဒပြတောင်းဆိုသူများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ခဲ့ပြီးနောက် ဆန္ဒပြဆိုင်းဘုတ်များအစား ရိုင်ဖယ်သေနတ်များ၊ ဆန္ဒပြကြွေးကြော်သံများအစား စစ်ချီတေးသံများကို ကိုမုန်တိုင်းတို့ လူငယ်တစ်စု မဖြစ်မနေ ရွေးချယ်လိုက်ရသည်။
မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံတွင် စစ်ပညာသင်ကြားခဲ့ကြပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ကို တည်ထောင်သည်။ ကိုမုန်တိုင်းသည် ထိုတပ်ဖွဲ့၏ စစ်ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။
ထို့နောက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အကူအညီဖြင့် ရှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်၊ မိုးကုတ်၊ နောင်ချို၊ မတ္တရာမြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကိုမုန်တိုင်းက ပြောသည်။
“ကျွန်တော်တို့ ဗျူဟာမြောက်စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲနေခြင်း ဖြစ်တယ်။ နဂိုကတော့ ခံစစ်ကိုပဲ အဓိကထား လုပ်ခဲ့တယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ ခံစစ်တင် မဟုတ်တော့ဘူး၊ ထိုးစစ်အသွင်ပြောင်းပြီး လုပ်လာတယ်” ဟု သူက ပြောသည်။
မန္တလေးနန်းတွင်းရှိ စစ်တပ်ဌာနချုပ်ကို သိမ်းပိုက်ရေးမှာ MDY-PDF ၏ ရည်မှန်းချက်ဖြစ်သည်ဟု ကိုမုန်တိုင်းက ပြောသည်။
“သူတို့ဌာနချုပ်က ကျွန်တော်တို့ဌာနချုပ် ဖြစ်ကိုဖြစ်ရမယ်ဆိုတာက ကျွန်တော်တို့ ရဲဘော်တိုင်းမှာ ရှိကိုရှိပါတယ်။ မန္တလေးကျုံးဘေးမှာ ကျွန်တော်တို့ အောင်ပွဲနဲ့အတူ ကျွန်တော်တို့ ချီတက်ပြီး ဝင်ချင်တယ်” ဟု သူက ပြောသည်။
တစ်ချိန်က ကျည်လွတ်မြေ
မန္တလေးတိုင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲနေပြီး စစ်အာဏာသိမ်းမှုမတိုင်မီက တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိဘဲ ငြိမ်းချမ်းသည့်နယ်မြေဖြစ်၍ ကျည်လွတ်မြေဟု စစ်တပ်အသိုင်းအဝိုင်းတွင် ရေပန်းစားသည်။
တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့ကဲ့သို့ အင်အားတောင့်တင်းသည့် တပ်မကြီးများရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ အားကောင်းသည့် ရှမ်းမြောက်နှင့် ကချင်ပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင်သာ ရောက်ရှိနေကြသည်။
တပ်မအများစုသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိနေပြီး လ.ပ.ခ တိုင်းတွင် တိုက်ရည်ခိုက်ရည် ညံ့ဖျင်းသည့် လက်ရုံးတပ်များကသာ မြို့စောင့်တပ်အနေဖြင့် နယ်မြေ ထိန်းသိမ်းထားရသည်ဟု လ.ပ.ခ တိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“မန္တလေးမြို့ကို သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ ဗမာပြည်အထက်ပိုင်းတစ်ခုလုံးကိုပါ ထိန်းချုပ်ပြီးသား ဖြစ်သွားမယ်။ ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့က ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရော၊ ERO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့) တွေရော မကွေးဘက်ကရော၊ ချင်းဘက်ကရော အားလုံး ဝိုင်းပတ်ပြီးတော့ အားလုံး ပူးပေါင်းပြီးတော့ လုပ်ဆောင်ဖို့လိုပါတယ်” ဟု သူက ပြောသည်။
အထက်ဗမာပြည်တစ်ခုလုံး လွတ်မြောက်နယ်မြေဖြစ်လာပြီး NUG အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိရန် လိုအပ်သည်၊ မန္တလေးမှာ စစ်တပ်၏ အဓိကခံစစ်ဖြစ်လာနိုင်ပြီး ဒုတိယခံစစ်မှာ မိတ္ထီလာ ဖြစ်လာနိုင်သည်ဟု သူက ဆက်ပြောသည်။
“မန္တလေးကို ဝိုင်းပတ်ပိတ်ဆို့ရင် မိတ္ထီလာကို ဆုတ်ခွာသွားနိုင်တဲ့ ဒီခံစစ်လမ်းကြောင်းကိုပါ ကျွန်တော်တို့က တစ်ခါတည်း ချိုးထားနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အထက်ဗမာပြည်တစ်ခုလုံးကို ကျွန်တော်တို့ နွေဦးအဖွဲ့တွေရော၊ ERO တွေကရော ထိန်းချုပ်လို့ရမယ် ထင်တယ်” ဟု သူက ပြောသည်။
သို့သော်လည်း မန္တလေးမြို့ကို ပတ်ပတ်လည် ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲများနှင့် တောင်တန်းဒေသများမှ ထိုးဖောက်ဝင်ရောက်လာမည့် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များ ပေါင်းဆုံနိုင်ရေးမှာ မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် အဓိကအရေးပါသည့် အချက်ဖြစ်သည်။
ဗိုလ်ကြီးဇင်ယော်က ရှမ်း-မန္တလေးနယ်စပ်ရှိ ခမရ ၁၁၄ ၊ ခမရ ၁၁၅၊ ခလရ ၇၆ တို့သည် ခြေလျင်၊ ခြေမြန်တပ်များ ဖြစ်ကြပြီး စစ်ဆင်ရေးထွက်နေကြ၍ နောက်ချန်အင်အား ၅၀ ခန့်သာ ရှိနိုင်သည့် အချက်ကို မဟာမိတ်နှင့် ပြောက်ကျားတပ်များက အခွင့်အရေးယူသင့်သည်ဟု သုံးသပ်သည်။
“အားသာချက်အနေနဲ့ နောက်ချန်အင်အားတွေဟာ မြေပြင်သတင်း လက်ဦးနိုင်ပေမဲ့ အားနည်းချက်ကတော့ စစ်ပန်းနေတာကြောင့် ကျွန်တော်တို့ဘက်က အလစ်အငိုက်ရနိုင်ပါတယ်” ဟု သူက ပြောသည်။
သို့သော်လည်း သတင်းကွင်းဆက် ခိုင်မာစွာ တည်ဆောက်ပြီးမှ ထိုးစစ်ဆင် စီးနင်းတတ်သည့် လ.ပ.ခ တိုင်းမှူး၏ စစ်ရေးဗျူဟာကို သတိထားသင့်သည်ဟု သူက ဆက်ပြောသည်။
“လ.ပ.ခ တိုင်းမှူးရဲ့ ဗျူဟာကတော့ သတင်းကွင်းဆက် ခိုင်မာအောင် တည်ဆောက်တယ်၊ ‘ဟ’ ပေးထားတတ်တယ်၊ သူတို့ဘက်က ပိုင်ရင် အလုံးအရင်းနဲ့ စီးနင်းတိုက်ခိုက်တဲ့ ဗျူဟာကို သုံးနေတယ်လို့ ပြောချင်တယ်” ဟု သူ က ပြောသည်။
ထို့ပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို အရပ်မျက်နှာအမျိုးမျိုးတွင် အင်အားဖြန့်ကြက်ပြီး ဝိုင်းပတ်၊ ပိတ်ဆို့သည့် ဗျူဟာကို အသုံးပြုသင့်သည်ဟု သူက အကြံပြုသည်။
“အချိန်အကြာကြီး သုံးပြီးတော့ မတိုက်ဘဲနဲ့ အချိန်အနည်းငယ်အတွင်းမှာပဲ တိုက်ကွက်ဖော်မယ်ဆိုရင်တော့ သူတို့တွေ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်နိုင်ပါမယ်။ သူတို့ လုပ်ရတာလည်း အကန့်အသတ်များသွားတာပေါ့” ဟု သူက ပြောသည်။
အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့
ထို့ပြင် မဟာမိတ်တပ်များနှင့် မြို့ပေါ်ပြောက်ကျားများကို နှိမ်နှင်းနိုင်ရန် အင်အား ၁၀၀ ရှိသည့် အကြမ်းဖက်နှိမ်နှင်းရေးတပ်များကို ဖွဲ့စည်းထားပြီး စစ်တိုင်းမှူးများက တိုက်ရိုက်ကွပ်ကဲနေသည်ဟု တပ်တွင်းဖရဲသီးများထံမှ ရရှိသည့် သတင်းအချက်အလက်ကို အခြေခံပြီး ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
မြေပြင်သတင်းအချက်အလက်အပေါ် မူတည်ပြီး တိုင်းမှူးက တိုက်ရိုက်ကွပ်ကဲရသည့် စစ်ဆင်ရေးများတွင် အကြမ်းဖက်နှိမ်နှင်းရေးတပ်များကို အသုံးပြုလေ့ရှိပြီး ရဟတ်ယာဉ်၊ တိုက်လေယာဉ် စသည့် လိုအပ်သည့် စစ်အသုံးအဆောင်များ၊ ယာဉ်ယန္တရားများလည်း ပြည့်စုံသည်ဟု သူက ပြောသည်။
“အကြမ်းဖက်နှိမ်နှင်းရေးက ကောင်တွေက လေထီးခုန်ပြီးသားကောင်တွေ၊ ရေငုပ်သင်တန်း တက်ပြီးသားကောင်တွေပေါ့။ သူတို့ အခေါ်ကတော့ Specialist ပေါ့။ ဒါပေမဲ့ သိပ်ပြီးတော့ မထူးပါဘူး။ ရေငုပ်တယ်၊ လေထီးခုန်တယ်၊ အရပ်ရှည်တယ် အဲဒီလောက်ပါပဲ” ဟု သူက ပြောသည်။
“ခြေလျင်တပ်တွေထက်စာရင်တော့ ပေါ့ပါးတယ်။ ဒါပေမဲ့ သူတို့သည် တကယ်တမ်း ရေရှည် ပင်ပန်းလာတဲ့အခါကျရင်တော့ ခြေလျင်တပ်တွေနဲ့ ယှဉ်ရင်တော့ ပင်ပန်းဆင်းရဲမခံနိုင်ဘူးပေါ့။ အဲဒီလိုမျိုးတော့ အားနည်းချက်ရှိတယ်”
မြစ်အထက်ပိုင်းက တော်လှန်စစ်
အာဏာသိမ်းစစ်တပ်သည် မန္တလေး-ရှမ်းနယ်စပ်တွင် တိုင်းရင်းသားမဟာမိတ် ပလောင်တပ်ဖွဲ့ဝင်များနှင့် PDF တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးကို ရင်ဆိုင်နေရသကဲ့သို့ပင် ဧရာဝတီမြစ်အထက်ပိုင်း ထီးချိုင့်၊ ကသာ၊ တကောင်းနှင့် သပိတ်ကျင်းနယ်တို့တွင်လည်း ကချင်လက်နက်ကိုင် မဟာမိတ်တပ်များနှင့် PDF တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးကို လေကြောင်းသုံး တိုက်ခိုက်နေရသည်။
ဧရာဝတီမြစ်အထက်ပိုင်း မန္တလေးမြို့ မြောက်ဘက်ရှိ မန္တလေး-မြစ်ကြီးနား လမ်းတစ်လျှောက်ရှိ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာမြို့နယ်တို့ရှိ စစ်တပ်ယာဉ်တန်းများကို မဟာမိတ်တပ်များက နေ့စဉ် မိုင်းဆွဲ တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းအသုံးပြုကာ အစွမ်းကုန် ခုခံကာကွယ်နေရသည်။
ဧပြီ ၁၆ တွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ရှိ ကျေးရွာများကို လေကြောင်းဖြင့် တိုက်ခိုက်မည်ဟု စစ်တပ်က ခြိမ်းခြောက်ခဲ့ရာ မန္တလေး-မြစ်ကြီးနားလမ်းအနီးရှိ ကျေးရွာ ၇ ရွာမှ ထောင်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဧပြီ ၁၃ တွင် စစ်တပ် စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဧပြီ ၁၅ တွင် စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တကောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မည်ဟု စစ်တပ်က ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁၃ က စတင်ခဲ့သည့် တိုက်ပွဲများတွင် စစ်သား ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်တပ်အင်အား ၅၀ ခန့် ကျွန်းတပင်ရွာတွင် တပ်စွဲထားသည်၊ လေတပ်ကလည်း လာရောက် ပစ်ခတ်သည်ဟု တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ခေါင်းဆောင်က ပြောသည်။
“ကျောက်အိုက်ဆိုတဲ့ ရွာနားမှာ တိုက်ပွဲကြောင့် စစ်ရှောင်တွေ ရှိနေတဲ့ တောတန်းတွေနားကို ပစ်တာ။ ငါးကြိမ်တောင်မှ ပတ်ပစ်တယ်၊ အထိအခိုက်တော့ မကြားရသေးဘူး” ဟု သူက ပြောသည်။
မန္တလေးမြို့နှင့် ၁၀ မိုင်အကွာ
စစ်မီးတောက်နေသည့် မကွေး၊ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ချင်းတို့၏ ဝင်ပေါက် ဗျူဟာမြောက်လမ်းမကြီးများ တည်ရှိရာ စစ်၏ ဗဟိုချက်မ မန္တလေးတိုင်းသည် MDY-PDF ကဲ့သို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များအတွက်သာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက်လည်း အရေးပါသည့် ဒေသတစ်ခုဖြစ်သည်။
ထို့ကြောင့် မန္တလေးတိုင်းကို သိမ်းပိုက်နိုင်ရန် ဧရာဝတီမြစ်အထက်ပိုင်း တကောင်း၊ သပိတ်ကျင်းမြို့နယ်တို့နှင့် ထိစပ်နေသည့် ထီးချိုင့်၊ ကသာနယ်တို့မှ စတင်ကာ မတ္တရာ၊ မိုးကုတ်၊ ပြင်ဦးလွင်မြို့နယ်တို့နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ဘန့်ဘွေး၊ ကျောက်ကြီးဒေသတို့အထိ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထိုသို့ မြန်မာပြည်မြောက်ပိုင်း တောင်တန်းဒေသများမှ တဖြည်းဖြည်း စိမ့်ဝင်ထိုးဖောက်လာသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ၏ ပူးပေါင်းစစ်ဆင်ရေးကို စစ်တပ်က တိုက်လေယာဉ်များ အသုံးပြုကာ အစွမ်းကုန် ခုခံကာကွယ်နေရသည်။
ယခုနှစ် မတ်လဆန်းမှစ၍ ရှမ်း-မန္တလေးနယ်စပ် နောင်ချိုနယ်နှင့် နယ်နိမိတ် ဆက်စပ်နေသည့် မတ္တရာနယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ကျေးရွာ ၅ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
ဧပြီ ၁၁ က မတ္တရာမြို့နယ် မန္တလေး-မြစ်ကြီးနားလမ်းအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသည့် အင်အား ၅၀ ပါ စစ်ကြောင်းက အယ်ဖာဘိလပ်မြေစက်ရုံအနီးရှိ ကင်းရွာကို ဝင်ရောက်စီးနင်းပြီး အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စစ်တပ်က မန္တလေး-မြစ်ကြီးနားလမ်းအနီးရှိ အယ်ဖာဘိလပ်မြေစက်ရုံကို အကာအကွယ်ပေးရန် အင်အား ၅၀ ကျော်ဖြင့် ကင်းရွာတွင် လုံးခြုံရေးယူထားသည်၊ မန္တလေး-ရှမ်းနယ်စပ်ရှိ ဆည်တော်ကြီးရေလှောင်တမံရှိ Solar စက်ရုံကို အကာအကွယ်ပေးရန် အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသည်ဟု ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များသည် မန္တလေးမြို့နှင့် ၁၄ မိုင် အကွာအဝေးတွင် တပ်ချထားနိုင်ပြီဖြစ်ပြီး ထိုတော်လှန်ရေးတပ်ဖွဲ့များနှင့် မန္တလေး-နောင်ချိုနယ်စပ်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တို့ ပေါင်းဆုံသွားမည့် ဗျူဟာကို စစ်တပ်က အစွမ်းကုန် ကာကွယ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ခေါင်းဆောင်က ပြောသည်။
“သူတို့ဘက်က ၃ လ တစ်ကြိမ်လောက်မှ နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေ ဝင်ထိုးတာမျိုးပဲ ရှိတယ်။ သူတို့လဲ ခံစစ်သဘောမျိုး ပြင်နေတာပဲ။ ERO တွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေမှာတော့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ အခြေစိုက် PDF တွေကို မဆင်းလာနိုင်အောင် ကာနေတာပါ” ဟု သူက ဆက်ပြောသည်။
မန္တလေးမြို့ ပတ်ပတ်လည်ရှိ မြို့ရွာများတွင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးအရ ဝိုင်းရံ ပိတ်ဆို့ထားပြီး တိုင်းရင်းသားမဟာမိတ်တပ်များနှင့် PDF တပ်ရင်းများ ချီတက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။
“မန္တလေးကို ကပ်ဖို့ဆိုရင်တော့ တိုင်းရင်းသားမဟာမိတ်တွေ၊ NUG ရဲ့ PDF တွေ လာမှပဲ ဒီကိစ္စကို ဆောင်ရွက်နိုင်မှာ။ ကျွန်တော်တို့က စစ်ရေးအရဆိုရင်တော့ မန္တလေးပတ်ချာလည်ကိုတော့ ကျွန်တော်တို့တွေ အဖွဲ့အစည်းပေါင်းစုံကတော့ ကာပြီးတော့ ရံထားတဲ့ အနေအထားတော့ ရှိတယ်” ဟု သူက ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် မြင့်မားသည့် စစ်ရေးရည်မှန်းချက်များဖြင့် အင်အား စနစ်တကျတည်ဆောက်နေပြီး ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးရည်မှန်းချက် ၆၀ ရာခိုင်နှုန်း ပြီးမြောက်မည်ဟု ယုံကြည်ကြောင်း သူက ပြောသည်။
လက်နက်အင်အား အကန့်အသတ်ရှိပြီး စိတ်ဓာတ်ပြင်းထန်လွန်းနေသော တော်လှန်ရေးဘက်တော်သားများနှင့် လက်နက်ပြည့်စုံပြီး စိတ်ဓာတ်တက်ကြွမှု မရှိတော့သော စစ်ကောင်စီတပ်တို့၏ ရင်ဆိုင်မှုတွင် မည်သည့်ဘက်ကမျှ အသာစီးမရရှိသေးကြောင်း လေ့လာသူတို့က သုံးသပ်နေချိန်မှာပင် သူက ထိုသို့ ယုံကြည်နေခြင်း ဖြစ်သည်။
“ပြည်သူတွေအနေနဲ့ကတော့ စိတ်မပျက်ပါနဲ့၊ သွေးလည်း မအေးကြပါနဲ့၊ ပြည်သူအဆင်ပြေမှ တော်လှန်ရေးအင်အားစုတွေက အဆင်ပြေမှာပါ။ ပြည်သူ့အနေနဲ့က စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ မကြာမီမှာ ပြည်သူအားလုံး မျှော်လင့်တဲ့ အခြေအနေမျိုးကို ရောက်ရှိလာပါလိမ့်မယ်” ဟု မတ္တရာ ပကဖခေါင်းဆောင်က ခိုင်ခိုင်မာမာပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)