မြန်မာနိုင်ငံတွင် တစ်နေ့တခြား ကျယ်ပြန့်လာသော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများက သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဟု တစိုက်မတ်မတ် တိုက်တွန်း ပြောဆိုနေခဲ့ကြသည်။
ဒေသတွင်း အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေး တာဝန်ယူဖြေရှင်းရန် တူညီဆန္ဒ ၅ ရပ် ချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် တတွတ်တွတ် ပြောဆိုလာသည်မှာ နှစ်နှစ်ကျော်လာပြီဖြစ်သော်လည်း မည်သို့မျှ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။ အာဆီယံခေါင်းဆောင်များပြောနေကျ လက်သုံးစကားတစ်ခုမှာ “မြန်မာပြဿနာက အလွန်ရှုပ်ထွေးပြီး တစ်ထိုင်တည်း ဖြေရှင်းလို့ မရဘူး” ဟူ၍ ဖြစ်သည်။
ထိုစကားကို ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်ခဲ့သော ကမ္ဘာဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Prak Sokhonn က ပြောခဲ့ဖူးသလို၊ လက်ရှိတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီကလည်း အလားတူ ပြောခဲ့ဖူးသည်။
တွေ့ဆုံဆွေးနွေးဖြေရှင်းရန် တိုက်တွန်းရုံမှလွဲ၍ အခြားဖြေရှင်းနိုင်မည့် နည်းလမ်းကို တွန်းတွန်းတိုက်တိုက် ရှာဖွေကြံဆခြင်း မရှိကြသည့် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းသည် နောက်ကွယ်တွင် မြန်မာ့အရေးကို မည်ကဲ့သို့ အမှန်တကယ် နားလည်လက်ခံနေကြပါသနည်း။
နည်းလမ်းဟောင်းများဖြင့် ချဉ်းကပ်စဉ်းစားနေသော နိုင်ငံတကာ၏ ပြဿနာ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်တွင် နိုင်ငံတကာအသိုက်အဝန်းသည် သမားရိုးကျ နည်းလမ်းဟောင်းများအတိုင်း တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။
စစ်အာဏာသိမ်းမှုမှန်သမျှကို နိုင်ငံတကာစည်းမျဉ်းများအရ လက်ခံ၍မဖြစ်သော ကုလသမဂ္ဂက စတင် ပြစ်တင်ရှုတ်ချခဲ့ပြီး ဖမ်းဆီးထားသော အရပ်သားအစိုးရခေါင်းဆောင်များကို လွှတ်ရန်၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လမ်းရန် အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းခဲ့သည်။
ဒီမိုကရေစီစံနှုန်းများနှင့် တန်ဖိုးများကို လက်ကိုင်ထားသော အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း အလားတူ ပြစ်တင်ရှုတ်ချမှုနှင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
အဖွဲ့ဝင်နိုင်ငံများအတွင်း အာဏာသိမ်းမှု မကြာခဏ ဖြစ်တတ်ပြီး၊ အာဏာသိမ်းအစိုးရများကို လက်ခံတတ်သည့် သမိုင်းကြောင်းရှိသော အာဆီယံအသင်းကြီးကမူ ဤတစ်ကြိမ် မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအပေါ် ချက်ချင်းတုံ့ပြန်ရန် နှေးကွေးခဲ့သည်။
အာဏာသိမ်းစကတည်းက နိုင်ငံတကာ၏ တောင်းဆိုမှုများကို ယနေ့အချိန်ထိ ငြင်းဆန်ပြီး၊ တိုင်းပြည်တွင် ပြည်တွင်းစစ်မီး ကျယ်ပြန့်စေခဲ့သူမှာ မြန်မာစစ်တပ် ဖြစ်သည်။
အစပိုင်းတွင် စစ်အာဏာသိမ်းမှုများ ဖြစ်လေ့ရှိသော အရှေ့တောင်အာရှဒေသက မြန်မာနိုင်ငံတွင် နောက်ထပ်တစ်ကြိမ် စစ်အာဏာသိမ်းမှုသာဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝန်းက သဘောထားပြီး၊ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်အပေါ် ပြည်သူက ဆန္ဒပြခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဟု သဘောထားခဲ့ကြပုံရပါသည်။
ဤတစ်ကြိမ် မြန်မာပြည်သူများ ဆန္ဒပြခြင်းသည် ၁၉၈၈ ကတည်းက အကြိမ်ကြိမ်ဖြစ်ခဲ့သော ဆန္ဒပြပွဲများကဲ့သို့ စစ်တပ်က အင်အားသုံးနှိမ်နှင်းလိုက်လျှင် သေဆုံးဒဏ်ရာရသူအချို့ ရှိနိုင်မှာဖြစ်ပြီး၊ ရက်အတန်ကြာလျှင် ပြန်လည်တည်ငြိမ်ကာ ပြီးစီးသွားလိမ့်မည်ဟု ပုံစံခွက်ဟောင်းထဲမှ အတွေးအခေါ်များဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆခဲ့ကြပုံလည်း ရပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူကို အင်အားသုံး အကြမ်းဖက်နှိမ်နှင်းတတ်သော မြန်မာစစ်တပ်၏ လုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝန်းက လက်မခံနိုင်သော်လည်း၊ မထူးဆန်းသော ဖြစ်စဉ်အဖြစ်သာ ရှုမြင်ခဲ့ကြပါသည်။ သေဆုံးသူများအတွက် ဝမ်းနည်းခြင်း၊ ပြည်သူများ၏ ဒီမိုကရေစီလိုလားသော ဆန္ဒကို ချီးကျူးခြင်း၊ စစ်ခေါင်းဆောင်များကို ရှုတ်ချခြင်း စသည့် ပုံစံခွက်အတွေးအခေါ်များဖြင့်သာ တုံ့ပြန်ခဲ့ကြသည်။
ထို့အတူ နိုင်ငံတကာစည်းမျဉ်းနှင့် စံနှုန်းများကို အလေးထားကြောင်း ပြသသည့်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဝတ္တရားအရ လုပ်ဆောင်ခဲ့ကြပြီး၊ အချိန်ကာလတစ်ခုကြာလျှင် နိုင်ငံအချင်းချင်းကြား ဆက်ဆံရေး (State-to-State Relation) ကို အကြောင်းပြကာ တရားဥပဒေနှင့်အညီ ဖြစ်ဖြစ်မဖြစ်ဖြစ် အာဏာသိမ်းအစိုးရနှင့် ပုံမှန်ပြန်လည်ဆက်ဆံခြင်း (Business as usual) လုပ်ကြလိမ့်မည်ဟူသည့် ယူဆချက်များလည်း ရှိကြပါလိမ့်မည်။
အနည်းဆုံးအားဖြင့် အထက်ပါယူဆချက်က အာဏာသိမ်း စစ်ခေါင်းဆောင်များတွင် ရှိနေသည်မှာ သေချာပါသည်။ မြန်မာစကားပုံတစ်ခုဖြစ်သော “ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်” ဆိုရိုးစကားအတိုင်း ဆန္ဒပြပွဲများကို ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်လျှင် အချိန်တိုအတွင်း ပြည်သူများ အကြောက်တရား ကြီးစိုးသွားပြီး တိုင်းပြည်လည်း တည်ငြိမ်၊ အာဏာအရပ်ရပ်ကိုလည်း ထိန်းချုပ်ထားပြီးပြီဖြစ်၍ နိုင်ငံတကာအသိုင်းအဝိုင်းက နောက်ဆုံးတော့ ၎င်းတို့နှင့်သာ ဆက်ဆံရတော့မည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အပိုင်စဉ်းစားတွက်ချက်ခဲ့ပုံရပါသည်။
သို့သော် မြန်မာ့နွေဦးတော်လှန်ရေးက အဆိုပါ ပုံစံခွက်နည်းလမ်းဟောင်းများ အားလုံးကို ချေဖျက်ပြခဲ့သည်။ နည်းလမ်းဟောင်းကို မစွန့်ခွာနိုင်သေးခြင်းက နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြဿနာဖြစ်နေပြီ ဖြစ်သည်။
ကမ္ဘာကြီးက မျှော်လင့်မထားခဲ့သော မြန်မာ့နွေဦးတော်လှန်ရေး သွေးသစ္စာနှင့် သန္နိဋ္ဌာန်
တူနီးရှားက စခဲ့သော အာရပ်နွေဦးတော်လှန်ရေးက အီဂျစ်အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတချို့ဆီ ကူးစက်ပျံ့နှံ့ခဲ့ပြီး အစိုးရအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးလောက် ကာလကြာရှည်ပြီး၊ သွေးထွက်သံယိုဖြစ်စဉ် များပြားခဲ့ခြင်း မရှိခဲ့ပါ။
အာရပ်နွေဦးတော်လှန်ရေးကဲ့သို့ပင် မြန်မာ့နွေဦးတော်လှန်ရေးက နိုင်ငံတစ်ဝန်း မြို့ပြ၊ ကျေးလက်နှင့် ဇနပုဒ်ပါမကျန် အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ပြည်သူများကို ကမ္ဘာကြီးက နိုင်ငံတကာသတင်းမီဒီယာများမှတစ်ဆင့် တအံ့တဩ စောင့်ကြည့်နေခဲ့ကြသည်။
ထိုအချိန်မှာပင် အထူးလေ့ကျင့်ထားသော လက်ဖြောင့်တပ်သားများ အသုံးပြုပြီး လက်နက်မဲ့ပြည်သူများ၏ ဦးခေါင်းတည့်တည့် ချိန်ရွယ်ပစ်ချနေသော မြန်မာစစ်တပ်၏ ရက်စက်မှုကို မြင်တွေ့ခဲ့ရသည်။
၎င်းတို့ဆန္ဒပြနေရာများကို စစ်တပ်က အင်အားသုံးဖြိုခွဲလာမည်ကို ရရာပစ္စည်းများဖြင့် ပိတ်ဆို့ ကာကွယ်ရင်း၊ ဆက်လက် အာခံဆန္ဒပြနေကြသော ပြည်သူများကို ဗုံးပစ်လောင်ချာ အပါအဝင် စစ်မြေပြင်သုံး ပြင်းထန်သော လက်နက်များ အသုံးပြုပြီး ဖြိုခွဲနေသော စစ်တပ်သည် ပြည်သူကို စစ်မြေပြင်မှ ရန်သူကဲ့သို့ ဆက်ဆံလာသည်။
စစ်ခေါင်းဆောင်များ၏ ရက်စက်မှုအပေါ် ပြည်သူတို့၏ ရှုမြင်ပုံမှာ ယခင်နှင့်မတူ များစွာ ကွာခြားသွားသည်။ စစ်တပ်ကြောင့် ဆန္ဒပြသူတချို့ သေဆုံးဒဏ်ရာရသည်ဆိုသော ပုံမှန်ရှုမြင်ချက်သက်သက်မျှ မဟုတ်တော့ဘဲ၊ ပြည်သူတို့၏ စိတ်နှလုံးသည်းပွတ်ကို ကြေမွ နာကျင်စေခဲ့သည်။ စစ်တပ်ကို ရရာလက်နက် စွဲကိုင်တော်လှန်မှရမည်ဆိုသော သွေးသစ္စာနှင့် သန္နိဋ္ဌာန်ကြီး မြန်မာပြည်သူများကြားထဲတွင် ကြီးမားကျယ်ပြန့်စွာ ပေါက်ဖွားလာခဲ့သည်။
အဆိုပါ မြန်မာပြည်သူများ၏ သွေးသစ္စာနှင့် သန္နိဋ္ဌာန်ကို နိုင်ငံတကာအသိုင်းအဝန်းက ယနေ့အချိန်ထိ မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်း မရှိသေးသည်မှာ စိတ်ပျက်စရာအတိပင်ဖြစ်သည်။
ငြိမ်းချမ်းစွာဆန္ဒပြနေကြသော လူဦးရေ ၅၄ သန်းကျော်၏ ထက်ဝက်သော ကျန်းမာသန်စွမ်းသည့် လူငယ်လူလတ်များစွာသည် အချိန်တိုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို ဖွဲ့စည်း အသွင်ပြောင်းလဲသွားပြီး စစ်တပ်ကို ရင်ဆိုင်ခုခံတိုက်ပွဲများ ဆင်နွှဲလာကြလိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝန်းက လုံးဝ ထင်မှတ်မထားခဲ့ကြပါ။
မြန်မာလူငယ်များ၏ လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုသည် ၁၉၈၈ လူထုဆန္ဒပြပွဲများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့နှင့် မတူဘဲ အလျင်အမြန် ကျယ်ပြန့်နက်ရှိုင်းလာနေသည်ကို ကမ္ဘာ့အသိုင်းအဝန်းသည် ၎င်း၏မျက်စိရှေ့မှောက်မှာပင် တွေ့မြင်နေရပြီး၊ မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းများစွာရှိနေသော မြန်မာနိုင်ငံကို ပြိုကွဲမသွားစေရန် စုစည်းထားနိုင်သော တစ်ခုတည်းသော အဖွဲ့အစည်းမှာ မြန်မာစစ်တပ်ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာကြသော နိုင်ငံတကာသံတမန်များ၊ မူဝါဒချမှတ်သူများနှင့် ပညာရှင်များက မကြာခဏ အဖြေထုတ်ကြသည်။
မြန်မာစစ်တပ်၏ ရှည်လျားသော လူ့အခွင့်အရေးချိုးဖောက်မှုသမိုင်းကြောင်းကို သိရှိနေခဲ့ကြ၊ မျက်မှောက်ကာလ၌ပင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်နေမှုကို တွေ့မြင်နေကြသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ စစ်တပ်၏ ကျူးလွန်မှုများကို အရေးယူအပြစ်ပေးမည်ဟု လူမြင်ကွင်း၌ ကျယ်ကျယ်လောင်လောင်ပြောဆိုရုံသာ လုပ်နေသည်။
ထို့ပြင် နောက်ကွယ်တွင် စစ်တပ်သာ မရှိရင် တိုင်းပြည်ပြိုကွဲသွားနိုင်သည်ဆိုသော ၎င်းတို့၏ အရိုးစွဲရှုမြင်သုံးသပ်မှုကိုသာ အခြေခံ၍ စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို အတင်းတိုက်တွန်းလျက်ရှိသည်။
နိုင်ငံတစ်ခုတွင် စစ်တပ်ရှိမှသာ ထိုနိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲမည်ဆိုသော အတွေးအခေါ်တွင် အခြေခံထားသော အဆိုပါ ရှုမြင်ပုံမှာ လက်ရှိမြန်မာ့ပြဿနာကို မှန်မှန်ကန်ကန် ချဉ်းကပ်ဖြေရှင်းနိုင်စွမ်းမရှိရုံမျှမက မြန်မာ့ပြဿနာကို အဖြေရှာရာတွင် အဓိက ပိတ်ဆို့နေသော အချက်လည်း ဖြစ်နေပါသည်။
စစ်ရာဇဝတ်တရားခံ စစ်ခေါင်းဆောင်များကို အရေးယူအပြစ်ပေးရမည်ဟု ပြောဆိုနေသော နိုင်ငံတကာအသိုင်းအဝိုင်းသည် တစ်ချိန်တည်းမှာပင် ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးရန် ပြောနေခြင်းက လျှာနှစ်ခွဖြင့် အရှက်သိက္ခာမဲ့၊ ရှေ့နောက်မညီညွတ်သော အပြုအမူဖြစ်နေသည်ကို သတိမပြုကြပါ။ စိတ်ပျက်စရာ အလွန်ကောင်းလှသော ကြောင်သူတော်များပေတည်း။
လက်ရှိ မြန်မာ့အခြေအနေသည် စစ်တပ်၏ အစွန်းရောက်အကြမ်းဖက် သတ်ဖြတ်နှိမ်နှင်းနေမှုကြောင့် တိုင်းပြည်ပြိုကွဲတော့မည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်ပြီး စစ်တပ်သည် တိုင်းပြည်ကို စုစည်းထားသည့် တစ်ခုတည်းသော အဖွဲ့အစည်း လုံးဝမဟုတ်တော့ပေ။
နိုင်ငံတကာအသိုက်အဝန်းသည် အဆိုပါ အခြေအနေမှန်ကို မှန်မှန်ကန်ကန် ရှုမြင်နိုင်ပါမှ၊ မြန်မာ့ပြဿနာသည် ဒေသတွင်း လုံခြုံရေးကို ကြီးကြီးမားမား ခြိမ်းခြောက်နေသော ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုပမာ အားယူနေသော အခြေအနေဆိုသည်ကို သိမြင်နိုင်လိမ့်မည်။
မြန်မာစစ်တပ်သည် တိုင်းပြည်ပြိုကွဲခြင်း၏ အကြောင်းတရား ဖြစ်နေပေပြီ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)