သတင်း

ဆီဆိုင်မြို့ ပစ်ခတ်မှုကြောင့် ကိုးနှစ်သား ရှင်လောင်းနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင်  ၉ နှစ်သား နှစ်ဦး သေဆုံးမှုအတွက် ပစ်ခတ်သူ ဌာနေပြည်သူ့စစ်တစ်ဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ဧပြီ ၄ ရက်နေ့တွင် ပြောသည်။

မတ် ၃၁ ညပိုင်း  တဘက်ကျေးရွာအုပ်စု၊ မဲဟဲဘုန်းတော်ကြီးကျောင်းတွင် ဖြစ်ပွားသော ပစ်ခတ်မှုအတွက် ဦးပွားဆိုသူကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ရဲလုပ်ငန်းပြီးစီးပါက တရားရုံးသို့ စွဲတင်မည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ကြည်ဟန်က ပြောသည်။

ပုဒ်မ ၃၀၂ သည် ပြစ်မှု ထင်ရှားပါက အနိမ့်ဆုံး ထောင်ဒဏ် ၇ နှစ်၊ အမြင့်ဆုံး သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

ပစ်ခတ်သည်ဟု စွပ်စွဲခံထားရသည့် ဦးပွားသည် PNO/PNA ပြည်သူ့စစ် တပ်သားတစ်ဦးဖြစ်ကြောင်း၊  အခင်းဖြစ်သည့်နေ့က ဘုန်းကြီးကျောင်းသို့ ဦးပွားရောက်လာပြီး အငြင်းပွားမှုတစ်ခု ပေါ်ပေါက်ချိန် ပစ်ခတ်ရာ အိပ်ပျော်နေသော ကလေးနှစ်ဦးဖြစ်သည့် ခွန်ကျော်လေး၊ ခွန်ကျော်ဆန်းတို့ကို ထိမှန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

သိန်း ၁၆၀ ကူညီ

ကလေးနှစ်ဦးမှာ ကိုရင်ဝတ်မည့်သူများဖြစ်သည်ဟု နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ  ခွန်ကျော်နိုင်က ပြောသည်။ 

ခွန်ကျော်နိုင်သည် ပြည်သူ့စစ်အဖွဲ့က ကလေးနှစ်ဦး အုပ်ထိန်းသူတို့ကို သိန်း ၁၆ဝ  ပေးအပ်သည့် စာချုပ်တစ်ခုတွင် သက်သေအဖြစ် လက်မှတ်ထိုးမိသည့်အတွက် သူ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ရာထူးမှ ယမန်နေ့က နုတ်ထွက်လိုက်သည်။ 

 သိန်း ၁၆၀မှာ ပံ့ပိုးသည့် ငွေသာ ဖြစ်ပြီး လျော်ကြေး မဟုတ်ကြောင်း၊ လက်မှတ်ထိုးသည့် စာချုပ်ကို အထက်လူကြီးများကို ပြသရန်သာ ဖြစ်ကြောင်း ပြောဆိုသည်ကို ယုံကြည်ခဲ့ကြောင်း  ခွန်ကျော်နိုင်က ပြောသည်။

“ကျွန်တော် စာတောင် မဖတ်တတ်ဘူးလား အဖြစ်မျိုး ဖြစ်သွားတယ်။ ဗဟိုထဲမှာ ပါတဲ့ပုဂ္ဂိုလ်က ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ကို  ရှင်ပြု ပေးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်တယ်။ သူ့ရဲ့ မေတ္တာ ရပ်ခံချက်လည်း ပါနေတော့ ယုံကြည်တယ်ပေါ့။ ယူကျုံးလို့ မရတဲ့ ဖြစ်ရပ်ပေါ်မှာ ကိုယ်က လက်မှတ်သွားထိုးမိတဲ့အတွက် ကိုယ့်ကိုယ် နောင်တလည်း ရတယ်။ ဒါကြောင့် ကိုယ့်ဘာသာ နုတ်ထွက်စာ တင်လိုက်တာ” ဟု ၎င်းက ဆိုသည်။ 

တောင်းပန်ပွဲ

ပြည်သူ့စစ်အဖွဲ့ ထိပ်တန်း တာဝန်ရှိသူများက ဤပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဆီဆိုင်မြို့နယ် ပုံးလောင်းကျေးရွာရှိ ဓမ္မာရုံတွင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး၍ တောင်းပန်ခြင်း၊ နောက် မဖြစ်စေရန် ကတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းပွဲကို တက်ရောက်ခဲ့သည့် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ခွန်ဗွာထိုသွေးက ပြောသည်။ 

လက်နက်ကိုင် ပဋိပက္ခများ တည်ရှိရာ ရှမ်းပြည်နယ်တွင် ပြည်သူ့စစ် အဖွဲ့ပေါင်း ရာဂဏန်းအထိ ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button