အတွေးအမြင်

သတင်းထောက်တစ်ဦး၏ မွန် PDF ထူထောင်ချင်သောဆန္ဒ

လက်ရှိ နိုင်ငံရေးအခြေအနေကိုကြည့်ပြီး တစ်ခါတစ်လေ စိတ်ထဲမှာရှိတဲ့အတိုင်း ဖွင့်ဟပြောချင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ မွန်မှာ ပြည်သူ့ကာကွယ်ရေး PDF လက်နက်ကိုင်အဖွဲ့တစ်ခုကို တည်ထောင်ပြီး မွန်မြေပေါ်မှာရှိနေတဲ့ ဗမာ့စစ်တပ်တွေကို အပြီးအပိုင်မောင်းထုတ်ချင်တာပါ။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ် ဆင်ခြင်တုံတရားနဲ့ ပြန်ပြီး “အော်ငါဟာ သာမာန်သတင်းထောက်တစ်ယောက်ပါလားလို့ ပြန်လည်ဖြေသိပ်ရပါတယ်။

 

သတင်းထောက်ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဆက်စပ်လို့ မရပါဘူး။ ဘာကြောင့် ဒီလို လုပ်ချင်လဲလို့မေးရင်တော့ ကိုယ့်မွန်နိုင်ငံရေးကို ဆယ်ချင်လို့ပါ။ တစ်ဦးတစ်ယောက်အမြင်နဲ့ ပြောရရင် ကျနော်တို့ မွန်နိုင်ငံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါပြီ။ 

ဒါပေမဲ့ ကျွန်တော်တို့ မွန်အသိုင်းအဝိုင်းကို မေးရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာ က အန်အယ်ဒီနဲ့ စစ်တပ် ပြဿနာပါ။ ရှင်းရှင်းနဲ့ ပြောရရင် ဗမာနဲ့ဗမာအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာပါတဲ့။ 

တစ်ချို့က မေးတာ ရှိတယ်။ မွန်မှာရှိနေတဲ့ ပီဒီအက်အဖွဲ့တွေဟာ မွန်တွေပဲ မဟုတ်လား။ ပြောရရင် အများစုကတော့ မွန်လူမျိုးတွေ ဟုတ်ပါတယ်။ ဒါပေမဲ့ မွန်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ဦးတည်လှုပ်ရှားဆောင်ရွက်နေတာတော့ မဟုတ်ပါဘူး။ ဥပမာ ရေးဘီလူးပီဒီအက်အဖွဲ့ဆိုရင် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ယောက်ရဲ့ ဖွဲ့စည်းမှုအောက်မှာ ရှိပါတယ်။

အလားတူ မွန်ပြည်နယ် ရေးခရိုင်တွင်းရှိ လမိုင်းမြို့နယ်မှာ အခြေစိုက်တဲ့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့ ကျတော့ မွန်သွေးတွေပါပေမဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံတဲ့အဖွဲ့ ဖြစ်တယ်။ သဘောတရားကတော့ သူတို့တွေဟာ စစ်ကောင်စီတပ်ကိုတော့ ပြုတ်အောင် တိုက်မယ်။ ပြီးရင် နိုင်ငံရေးအာဏာရအောင်ယူမယ်။ ဒီလောက်ပါပဲ။

ကျွန်တော်ဖြစ်ချင်တဲ့ မွန် PDF ကတော့ အဲလို မဟုတ်ဘူး။ ရှိသမျှ ဗမာတပ်တွေကို မွန်နယ်မြေ မွန်ဒေသကနေ မောင်းထုတ်မယ်။ ပြီးတော့ ရလာတဲ့ လွတ်မြောက်နယ်မြေကို ‘ဝ’ လို ပြည်နယ် တည်ထောင်မယ်။ 

မွန်တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မွန်ပြည်နယ်တွင် အခြေပြု၍လှုပ်ရှားနေသော မွန်ပြည်သစ်တိုင်းရင်းသားလက်နက်ကိုင် MNLA  အဖွဲ့မှ စစ်သားများအား ၂၀၁၀ သြဂုတ်လ ၇ ရက်နေ့က တောတွင်းတစ်နေရာတွင် တွေ့ရပုံ။  (Getty Images)

‘ဝ’ လို ပြည်နယ် တည်ထောင်နိုင်ဖို့က မွန်မှာ စစ်တပ်နဲ့ ပတ်သက်ရင် ဘယ်သူက ဦးဆောင်နိုင်မလဲလို့ တွေးကြည့်မိတယ်။ လက်ရှိ ကျနော်တို့မွန်မှာ နောက်ထပ်လက်နက်ကိုင်အဖွဲ့ ၂ ခု တည်ထောင်ဖို့ လှုပ်ရှားနေတယ်။ တစ်ခုက မွန်ပြည်ကာကွယ်ရေးတပ်ရယ်၊ နောက်တစ်ခု ကတော့ အခု လိုင်ဇာမှာ စစ်သင်တန်းတက်နေတဲ့ အဖွဲ့တစ်ခု ဖြစ်တယ်။ နာမည်တော့ မပေးရသေးဘူး ထင်တယ်။

အဲဒီအဖွဲ့တွေကို ဘယ်လိုမြင်လဲလို့မေးရင် ကျွန်တော်ကတော့ နှစ်ဖွဲ့စလုံးကို ထောက်ခံတယ်။ မွန်ပြည် ကာကွယ်ရေးတပ်မှာ လက်ရှိ ဦးဆောင်နေသူတွေကျတော့ ကျွန်တော်နဲ့ ခင်တယ်။ ဒီလူတွေက မွန်ပြည်သစ်အဖွဲ့ဝင်ဟောင်းတွေ ဖြစ်ပြီးတော့ အရည်အချင်းရှိတဲ့ လူတွေပါ။  ဆန္ဒနဲ့ ပြောရရင် အားကောင်းမောင်သန်တဲ့ ရခိုင်ပြည်က ရက္ခိုင့်တပ်တော် (AA) လို ဖြစ်ချင်တယ်။ 

မွန်ပြည်သစ်ကိုရော ဘယ်လို မြင်လဲလို့ မေးတာ ရှိပါတယ်။ တကယ်တော့ စစ်ကောင်စီကို တိုက်နိုင်တာက မွန်ပြည်သစ်ပဲ။ ဒါပေမဲ့ သူတို့ မတိုက်ချင်တဲ့အကြောင်းတွေလည်း အများကြီး ရှိတော့ ဝေဖန်ဖို့ ခက်ပါတယ်။ အဲဒီအကြောင်းတွေထဲကနေ နည်းနည်းလောက် ထောက်ပြ ရမယ်ဆိုရင် NLD အစိုးရလက်ထက်တုန်းက မွန်တွေအပေါ် အနိုင်ယူသွားတဲ့ ကိစ္စတွေလိုမျိုး ပေါ့။ အထူးသဖြင့် ဘီလူးကျွန်းက ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စ၊ ပြီးရင် ဗိုလ်ချုပ်ရုပ်တု ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေအပြင် ရွေးကောက်ပွဲပြီးတော့ အာဏာခွဲဝေမှုတွေလည်း ပါပါတယ်။


မွန်ပြည်သစ်ပါတီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့တို့ နှင့် မြန်မာစစ်တပ်တို့ အပစ်ရပ်သဘောတူညီချက်လက်မှတ်ထိုးပွဲတွင် မွန်တိုင်းရင်းသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်မှ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ကို တွေ့ရပုံ။ ( Getty Images)

ပြောချင်တာက မွန်ပြည်သစ်အမြင်မှာ အန်အယ်လ်ဒီဟာ မွန်တွေအပေါ် အာဏာခွဲဝေမှုတွေ မလုပ်ချင်ဘူး။ မွန်တွေကို သူတို့ဗမာလက်အောက်မှာပဲ ဆက်ပြီး ထားမယ်။ အမှန်တော့ မွန်ပြည်သစ်က အန်အယ်လ်ဒီ လုပ်သွားတဲ့ဟာတွေကို ကြည့်ပြီး အန်အယ်လ်ဒီ အာဏာပြန်ရရင်လည်း ကိုယ့်လူမျိုးအတွက် ဘာမှ ထွေထွေထူးထူး ဖြစ်မလာနိုင်ဘူးလို့ ခံစားမိမယ် ထင်ပါတယ်။ အဲဒါတွေကြောင့် မွန်ပြည်သစ်နဲ့ မွန်အများစုက လက်ရှိဖြစ်နေတဲ့ ပြဿနာကို ဗမာနဲ့ ဗမာအကြား ပြဿနာလို့ ရှုမြင်ကြပြီး သူတို့ ဝင်မပါ၊ ဝင်မရှုပ်ချင်တာ ဖြစ်ပါလိမ့်မယ်။

ပီဒီအက်ဖွဲ့ရင် တစ်ချို့မွန်တွေက ဘာပြောလဲဆိုတော့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတဲ့။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် (ဗမာ) လက်အောက်ခံတဲ့။ ကျွန်တော့်အမြင်မှာတော့ ဗမာနဲ့ ဗမာအကြား ပြဿနာ ဆိုတာကို လက်ခံနိုင်ပေမဲ့ ဒီပြဿနာ ထဲက ကိုယ်လူမျိုးအတွက် ဘာအခွင့်အရေးတွေ ရယူနိုင်မလဲ ဆိုတာကို ထည့်စဉ်းစားဖို့တော့ လိုမယ် ထင်ပါတယ်။ ဗမာနဲ့ ဗမာအကြား တိုက်နေချိန်မှာ ကိုယ့်အတွက် အခွင့်အရေးကောင်း ရယူပြီး တိုက်နိုင်ရင်တော့ အကောင်းဆုံးပဲလို့ မြင်တယ်။ တိုက်ယူဖို့ အကောင်းဆုံးအချိန် အသင့်တော်ဆုံးကာလလို့လည်း မြင်တယ်။  

၂၀၂၀ ဖေဖော်ဝါရီ ၉ ရက်တွင် ကျရောက်သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ပုံ။Myanmar Now

တကယ်တော့ ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးလို့ ကျွန်တော်မြင်သည်။ တိုင်းရင်းသားလက်နက်အားလုံး အာဏာရှင်ကို အတူတကွ ပြည်သူနဲ့အတူ တိုက်ရမည့် တော်လှန်ရေးပါ။ 

ဒါပေမဲ့ တချို့မွန်ပြည်သစ်ခေါင်းဆောင်များ အမြင်မှာတော့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး စပွဲဝိုင်းတစ်ခုမှာ ထိုင်လိုက်ရင် အခုဖြစ်နေတဲ့ ပြဿနာတွေ အခုချက်ချင်း ဖြေရှင်းနိုင်တယ်လို မြင်နေကြပါတယ်။ 

ပြီးတော့ နောက်ထပ် စိုးရိမ်တဲ့အမြင်တစ်ခုကျတော့ သူတို့ရပ်တည်ချက်မှားခဲ့သည်ရှိသော် မွန်မှာ လက်နက်ကိုင်တော်လှန်းရေး ပျောက်သွားမှာကို စိုးရိမ်တာ ရှိမယ်ထင်တယ်။ မွန်ပြည်သစ်က အင်အားတောက်တင်းတဲ့ တပ်မတော်တစ်ခု မဟုတ်ပေမဲ့လည်း တကယ်သာ စစ်ကောင်စီကို တိုက်ရင်တော့ ထိရောက်တဲ့ အစွမ်းအစတော့ ရှိပါတယ်။ ဒါပေမဲ့ တိုက်တာထက် မင်းအောင်လှိုင်နဲ့ နေပြည်တော်ကို သွားပြီး တွေ့ဆုံညှိုနှိုင်းရေးဘက်ကပဲ ခေါင်ဆောင်အများစုက စိတ်ဆန္ဒရှိကြတယ်။ 

၂၀၁၆ ဇူလိုင် ၁၇ ရက်က ရန်ကုန်တွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရခေါင်းဆောင်းများတွေ့ပွဲတွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်နိုင်ထောမွန် (ဝဲ) နှင့် ကချင်လွတ်မြောက်ရေးတပ်တော်မှ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ကို တွေ့ရပုံ။ (Getty Images) 

မွန်ပြည်နယ်မှာ PDF အင်အားတောင့်တင်းတဲ့နေရာနဲ့ပြောရင် ရေးမြို့နယ်တစ်ခုတည်းပါပဲ။ အခြားကျန်တဲ့ မြို့နယ်ကျတော့ အင်အားမကောင်းသေးပါဘူး။

စစ်တပ်အာဏာသိမ်းတော့ မွန်တော်လှန်ရေးမှာ အပြောင်းအလဲတစ်ခု ဖြစ်မယ်လို့ အစောပိုင်း ထင်ခဲ့တယ်။ မွန်ပြည်သစ်က စစ်တပ်ကို ပုန်ကန်မယ် သို့မဟုတ် သူကိုယတိုင် ကိုယ်ပွားပီဒီအက်ဖွဲ့ပြီး မွန်မှာ အားကောင်းတဲ့ တော်လှန်ရေးတစ်ခု ဖြစ်လာမယ် ထင်ခဲ့တယ်။ ဒါပေမဲ့ ထင်တဲ့အတိုင်းဖြစ်မလာပါဘူး။ မွန်ပြည်သစ်ရပ်တည်ချက်က နဂိုအတိုင်းပါပဲ ဘာမှ ပြောင်းလဲသွားတာမရှိပါဘူး။ တစ်ဦးတစ်ယောက်အမြင်နဲ့ ပြောရရင် လမ်းမမြင်တဲ့ တော်လှန်ရေး မွန်ပြည်သစ်က ဆက်လျောက်နေဆဲလို့ မြင်တယ်။

အနှစ်ချုပ်ရရင် လက်ရှိ ဖြစ်နေတဲ့ တော်လှန်ပုန်ကန်မှုမှာပါဝင်လို့တဲ့ မွန်တိုင်းရင်းသားများဟာ  အနည်းစုပါ။ ဒီလူနည်းစုကိုလည်း မွန်အများစုက အမျိုးကိုမချစ်သော တော်လှန်ရေးသမားလို့ မြင်နေကြသည်။ ကျွန်တော်ကိုယ်တိုင် မွန်ပြည်ကာကွယ်ရေးတပ်  တည်ထောင်လို့ မရပေမဲ့ လက်ရှိမွန်တော်လှန်ရေးအားအင်စုဖွဲ့များ ထူထောင်သူများသည် မွန်မျိုးချစ် တော်လှန်ရေး စစ်စစ်ကို စတင်ခြင်းပင် ဖြစ်သည်ဟုဆိုချင်သည်။ သူတို့မှာ တော်လှန်ရေး လမ်းမှန်အရွေ့တစ်ခုသို့ ရွေ့ကြသည် လို့ ကျွန်တော် မြင်မိပါကြောင်း။ ။ 

သတင်းစာဆရာလဝီဝမ်သည် မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် မြန်မာနိုင်ငံရှိ လက်ကိုင်ပဋိပက္ခများနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားနိုင်ငံရေးအခက်အခဲများကို သတင်းရေးသားခဲ့သူဖြစ်သည်။ လဝီဝမ်သည် ယခင်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းသတင်းထောက်အဖြစ်လည်းကောင်း၊ ယခုအခါ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့၏ အရှေ့တောင်အာရှ လူ့အခွင့်အရေးဆိုင်ရာဌာနတွင် အချိန်ပိုင်း နိုင်ငံတကာသုတေသီအ ဖြစ်လည်းကောင်း လုပ်ကိုင်နေပြီး၊ AFP သတင်းဌာနအတွက်လည်း အလွတ်တန်းသတင်းထောက်အဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button