အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကို မူးယစ်ဆေးများနှင့်အတူဖမ်းမိဟု CDF – ဟားခါး သတင်းထုတ်ပြန်

ဖမ်းဆီးမှုအတွင်း ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ဆောင်လာသည်ဆိုသည့် အထောက်အထားစာရွက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ဗားရ်းတံတားသို့ဖြတ်သန်းစဉ် ဇူလိုင် ၈ နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသတွင်း လက်နက်ကိုင်တပ် တစ်ခုဖြစ်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – ဟားခါး) က ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

CDF – ဟားခါးက ၎င်းတို့တပ်များသည် မော်တော်ယာဉ်နှစ်စီးပေါ်တွင် တင်ဆောင်လာသည့် စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး၊  အဆိုပါယာဉ်များနှင့်အတူ လူငါးဦးကို ဖမ်းမိခဲ့ပြီး နှစ်ဦးသည် ထွက်ပြေး လွတ်မြောက်သွားသည်ဟုလည်း သတင်းထုတ်ပြန်သည်။

ဖမ်းဆီးမှုအတွင်း ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ဆောင်လာသည်ဆိုသည့် အထောက်အထားစာရွက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။

CDF – ဟားခါး၏အဆိုအရ ၎င်းတို့ဖမ်းမိသူများထဲတွင် NUG လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ မှ တပ်ဖွဲ့ဝင် ကိုဇော်နောင်၊ ပခုက္ကူခရိုင် အမှတ် ၁ စစ်ဒေသ တပ်ရင်း ၁၀တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ကျောင်းအုပ် တာဝန်ယူထားသည့် ကိုအာကာဖြိုး နှင့် ဆားလင်းကြီးမြို့နယ်၊ ရွှေကြက်တွန်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုခင်ဇော်ဟိန်း၊ ကားသမား နှင့် ယာဉ်နောက်လိုက်တို့ပါဝင်သည်ဟုဆိုသည်။ 

ကားပေါ်ပါ ပစ္စည်းများကို စစ်ဆေးရန် လုပ်ဆောင်နေချိန်တွင် သယ်ယူပို့ဆောင်ရေးတာဝန်ခံဖြစ်သည့် မောင်ဇော်လတ် နှင့် ကိုပုတီး တို့မှာ ဆိုင်ကယ်နှင့် ထွက်ပြေးသွားကြောင်း CDF Hakha ၏ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။ 

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းနေသည့် ၅ မိနစ်ခွဲနီးပါးကြာမြင့်သည့် ရုပ်သံဖိုင်ကိုလည်း CDF – ဟားခါးက တပါတည်းထုတ်ပြန်ခဲ့သည်။ရုပ်သံဖိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) လက်မောင်းတံဆိပ်ပါ ပျောက်ကြားအင်္ကျီဝတ်စဉ်ထားသည့် အမျိုးသားနှစ်ဦးကိုလည်းတွေ့မြင်ရသည်။ 

ရုပ်သံဖိုင်တွင် ယာဉ်မောင်းဖြစ်သူက သူ့ကိုယ်သူ ‘ကိုကျော်ဟိန်း’ ဟုမိတ်ဆက်ပြီး  မူးယစ်ဆေးဝါးများကို စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်၊ ငွေသာရွာမှ သယ်ဆောင် လာခြင်းဖြစ်ကြောင်းပြောကြားထားသည်ကို တွေ့မြင်ရသည်။

“ဆားလင်းကြီးမြို့နယ်၊ ငွေသာရွာနားထဲကဗျ။ သူတို့ရဲ့ အဆောက်အဦးတွေ ရှိတယ်ဗျ။ လူနေတဲ့ အဆောက်အဦးရယ် ပစ္စည်းတွေထားတဲ့ အဆောက်အဦးတွေရယ် အဲ့ဒီနားမှာရှိတယ်။ အဲ့ဒီနားက သယ်ခဲ့တာ။ သူတို့အဖွဲ့အစည်းဟာလို့ ပြော တာဗျ။ လက်နက်ကိုင်တပ်ဖွဲ့တွေနေတာ။ ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ လို့ပဲ ကျွန်တော်တို့ကို ပြောပြထားတယ်”ဟု ယင်းရုပ်သံဖိုင်တွင်ပါရှိသည်။ 

ငွေသာရွာမှာ ဆားလင်းကြီးမြို့တောင်ဘက် ၈ မိုင်ကျော်အကွာတွင်ရှိပြီး တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသည့် ဒေသဖြစ်သည်။

ဖမ်းဆီးရမိသူများအနက် ကိုအာကာဖြိုးမှာ အဖော်ခေါ်သဖြင့် လိုက်ပါလာခြင်းသာဖြစ်သည်ဟုလည်း ရုပ်သံဖိုင်တွင် ပါရှိသည်။

ယခုတစ်ကြိမ်မှာ လေးခေါက်မြောက်သယ်ဆောင်ခြင်းဖြစ်ပြီး ယခု လမ်းကြောင်းမှတဆင့် ပထမ ဆုံးအကြိမ် သယ်ဆောင်ခြင်းဖြစ်ပြီး ကျန်သုံးခေါက်မှာ စစ်ကိုင်းတိုင်းဘက်ကတဆင့် သယ်ဆောင် ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်များကိုကိုးကားပြီး အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“သူတို့ကိုမေးတဲ့အချိန်မှာ ဟားခါးမြို့နယ်အတွင်းမှာ ဒီတစ်ကြိမ်က ပထမဆုံးပဲ။ အရင်ကတော့ ကျန်တဲ့ လမ်းကြောင်းတွေကနေ သယ်ယူပါတယ်။ ဖလမ်းမြို့နယ် ဗားရ်တံတားအထိပဲ သူတို့ကပို့နေတဲ့။ အဲ့ဒီ ဗားရ်တံတားကနေ ကျန်တဲ့သူတွေက လာယူပြီးတော့ ဘယ်ကိုသယ်သွားတာလဲဆိုတာ သူတို့မသိဘူး လို့ ထွက်ဆိုထားပါတယ်”ဟု ၎င်းက ဆိုသည်။ 

ထိုမူးယစ်ဆေးဝါးများအား  ဇူလိုင် ၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိထားသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဟု CDF Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“ တိမ်းရှောင်သွားတဲ့ နှစ်ယောက်ကိုလည်း ဖမ်းနိုင်အောင်ကြိုးစားမယ်ဗျ။ ကျန်တဲ့ဖမ်းထားတဲ့သူတွေကို လည်း ဥပဒေအတိုင်းပဲ စီရင်ဆောင်ရွက်မယ်ဗျ။ သေချာ လေ့လာဆန်းစစ်ပြီးတော့ ကျွန်တော်တို့က စီစဉ်ဆောင်ရွက်သင့်ရင် စီရင်ဆောင်ရွက်မယ်။ NUG ကိုလွှဲ ဖို့လိုရင်လည်း NUG ကို လွှဲရင်လည်း လွှဲမယ်”ဟု CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ တပ်ရင်းမှူး၏တုံ့ပြန်ချက်

ရဲဘော် ၄ ဦး၊ သေနတ် ၂ လက်၊ ကား ၂ စီးဖြင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူရန်အတွက် ထောက်ခံ စာပေးအပ်ခဲ့သည်မှာ မှန်ကန်သော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်သည်မှာ တပ်ဖွဲ့ဝင်များ၏ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ပြီး အဖွဲ့အစည်းနှင့် ပတ်သက်မှုမရှိကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ တပ်ရင်းမှူး ကိုဖိုးသောင်း လက်မှတ်ဖြင့် ယနေ့ ညနေပိုင်းက ထုတ်ပြန်သည်။ 

ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဆေးမှုကိုလည်း ခံယူမည်ဖြစ်ပြီး လွတ်မြောက်နေဆဲဖြစ်သည့် ရဲဘော် ဇော်လတ် နှင့် ပုတီး တို့ကို ဖမ်းဆီး အပ်နှံသွားမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဖွဲ့အစည်းနာမည် အသုံးချပြီး ကျူးလွန်မှုများကို လက်မခံကြောင်း ၊ နောက်နောင် ထပ်မံမဖြစ်ပွား စေရန် ကြပ်မတ်မည်ဟု ဆိုသည်။ 

တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရှိနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးမောင်မောင်ဆွေထံ ဆက်သွယ် မေးမြန်းထားသော်လည်း ညနေပိုင်းအထိ တစုံတရာအကြောင်းပြန်ကြားခြင်းမရှိသေးပေ။

Related Articles

Back to top button