အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို တရားဝင်အသိအမှတ်ပြုထားသည့် တီမောနိုင်ငံ၏ သံဝန်ထမ်းများကို လာမည့်သောကြာနေ့ ( စက်တင်ဘာ ၁ )နောက်ဆုံးထားပြီး မြန်မာနိုင်ငံထဲကထွက်ခွာရန် စစ်ကောင်စီက အမိန့်ထုတ်ခဲ့သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးက သူ၏ Facebook စာမျက်နှာတွင် သြဂုတ် ၂၆ ရက်က ရေးသားသည်။
“အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံက တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးလိုက်ပါတယ်” ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ရေးသားသည်။
ပေါ်တူဂီနိုင်ငံ လစ်စဘွန်းအခြေစိုက် LUSA သတင်းဌာနကလည်း တီမောသံတမန်များကို စစ်ကောင်စီနှင်ထုတ်ခဲ့ကြောင်း အတည်ပြုရေးသားသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းမှ သံတမန်များကို ပထမဆုံးနှင်ထုတ်မှုဖြစ်လာနိုင်သည့် စစ်ကောင်စီ၏ အဆိုပါဆုံးဖြတ်ချက်အတွက် တီမောနှင့်နေပြည်တော်တို့က သြဂုတ် ၂၆ ညပိုင်းအထိ တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
စစ်ကောင်စီ၏ဆုံးဖြတ်ချက်ကို တီမောသမ္မတက သိရှိထားကြောင်းနှင့် တီမော၏မြန်မာ့အရေးအတွက် ရပ်တည်ချက်ကို ဂုဏ်ယူကြောင်း တုန့်ပြန်ခဲ့သည်ဟုလည်း NUG လူ့အခွင့်အရေးဝန်ကြီးက ရေးသားသည်။
အရှေ့တီမောဟုလည်းခေါ်ကြသည့် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိပြီး NUG ကိုအသိအမှတ်ပြုကြောင်း လူသိရှင်ကြားထုတ်ပြောဆိုထားသည့် နိုင်ငံလည်းဖြစ်သည်။
ယူကရိန်းကို ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဖောဖောသီသီ ကူညီပေးနေသော်လည်း မြန်မာပြည်သူများနှင့်ပတ်သက်၍ နိုင်ငံတကာက တိတ်ဆိတ်နေခြင်းကို တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ယမန်နှစ်အတွင်းက ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားစဉ် ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က ကျင်းပခဲ့သည့် အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲတွင်လည်း တီမောအစိုးရက စစ်ကောင်စီကို မဖိတ်ဘဲ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သောအဖွဲ့ကို တက်ရောက်ခွင့်ပေးခဲ့သည်။ ယင်းအတွက် စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ ဆင့်ခေါ်ကာ သတိပေးခဲ့သည်။
တီမောအစိုးရသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုများကိုလည်း ဝေဖန်ပြစ်တင်ထားပြီး မြန်မာနိုင်ငံအရေး မဖြေရှင်းနိုင်သေးပါက အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်မှာမဟုတ်ဟု တီမောဝန်ကြီးချုပ်က ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ဖော်ပြောဆိုထားသည်။ တီမောနိုင်ငံက အာဆီယံအဖွဲ့ဝင်အဖြစ် ၂၀၁၁ ခုနှစ်တွင် တရားဝင်လျှောက်ထားခဲ့ပြီး လက်ရှိတွင် အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့် လက်ခံထားပြီးဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအောက်တွင် အနှစ် ၂၀ ကျော် နေခဲ့ရသည့် အရှေ့တီမောသည် ၂၀၀၂ ခုနှစ်တွင်မှ ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့် လူထုဆန္ဒခံယူပွဲ ကျင်းပကာ သီးခြားနိုင်ငံငယ်အဖြစ် လွတ်လပ်ရေးရခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)