အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သောအဖွဲ့ကို တီမောလက်စ်တေနိုင်ငံ၏ အစိုးရသစ်တက်ပွဲ တက်ရောက်ခွင့်ပေးခဲ့ခြင်းကို စစ်ကောင်စီက ကန့်ကွက်ပြီး နောက်တစ်ရက်တွင် တီမောအစိုးရက NUG ကို ထပ်မံဖိတ်ခေါ်လိုက်သည်။
ယခုလ ၁ ရက်နေ့က အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို ယမန်နေ့ (ဇူလိုင် ၅) က နေပြည်တော်သို့ ဆင့်ခေါ်ကာ သတိပေးခဲ့သည်။
စစ်ကောင်စီက ထိုသို့ကန့်ကွက်ပြီး နောက်တစ်ရက်ဖြစ်သော ယနေ့တွင် NUG နိုင်ငံခြားရေးဝန်ကြီးကို တီမောနိုင်ငံဝန်ကြီးချုပ်က နောက်တစ်ကြိမ်တွေ့ဆုံရန် ဖိတ်ခေါ်လိုက်သည်ဟု NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။
“နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ နောက်တစ်ကြိမ်တွေ့ဆုံဖို့ တီမောက ဖိတ်ခေါ်လိုက်တယ်။ ဒါက တီမောအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရနဲ့ ဆက်ဆံရေး ဆက်လုပ်သွားမယ်ဆိုတာ ပြလိုက်တာပဲ။ ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေအနေနဲ့လည်း တီမောကို ဥပမာထားပြီး NUG နဲ့ ဆက်ဆံသင့်တယ်” ဟု ၎င်းက ဆိုသည်။
မြန်မာပြည်သူများကို အမှန်တကယ် ကိုယ်စားပြုနေသည့် NUG အစိုးရကို ဖိတ်ခေါ်ခြင်းအတွက် စစ်ကောင်စီတွင် ကန့်ကွက်ပိုင်ခွင့် မရှိဟုလည်း ဦးမိုးဇော်ဦးက ထည့်သွင်းပြောဆိုသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တီမောသံရုံး ယာယီတာဝန်ခံ Avelino Fernandes Ximenes Pereira ကို တွေ့ဆုံစဉ် NUG နှင့် ထိတွေ့ဆက်ဆံခြင်းကို ကန့်ကွက်ကြောင်း၊ နောင်တွင် ယင်းသို့မပြုလုပ်ရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များကို ဖောက်ဖျက်ရာ ရောက်ကြောင်း သတိပေးသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အရှေ့တီမောခေါ် တီမောလက်စ်တေနိုင်ငံ၏ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့ပြီး တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုအခမ်းအနားကို မြန်မာစစ်တပ်၏ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသော အင်ဒိုနီးရှားအစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုနှင့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
တီမောသမ္မတက မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထားသည်။
ယမန်နှစ်အတွင်းက ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားစဉ် မြန်မာပြည်သူများကို ယူကရိန်းနည်းတူ မကူညီကြသည့် အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတကာကို မေးခွန်းထုတ်ခဲ့သူဖြစ်သည်။
“မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ်။ သစ္စာဖောက်ခံထားရတယ်လို့ ခံစားနေကြတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေကြတယ်။ ဆက်လက် အသေခံနေကြတယ်” ဟု ၎င်းက ကုလစင်မြင့်တွင် ပြောဆိုခဲ့သည်။
ယူကရိန်းကို ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဖောဖောသီသီ ကူညီပေးနေသော်လည်း မြန်မာပြည်သူများနှင့်ပတ်သက်၍ နိုင်ငံတကာက တိတ်ဆိတ်နေခြင်းကို တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြစ်တင်ဝေဖန်သည်။
ပေါ်တူဂီကိုလိုနီဟောင်း အရှေ့တီမောဒေသတွင် နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးနှင့် အာဏာသိမ်းမှုဖြစ်စဉ်များ ကြုံတွေ့ခဲ့ရကာ အင်ဒိုနီးရှားနိုင်ငံအောက်တွင် အနှစ် ၂၀ ကျော် နေခဲ့ရပြီးနောက် ၂၀၀၂ ခုနှစ်တွင်မှ ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့် လူထုဆန္ဒခံယူပွဲ ကျင်းပကာ သီးခြားနိုင်ငံငယ်အဖြစ် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်သည်။
တီမောနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်အဖြစ် ၂၀၁၁ ခုနှစ်တွင် တရားဝင်လျှောက်ထားခဲ့ပြီး လက်ရှိတွင် တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့် လက်ခံထားပြီးဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)