အာဏာသိမ်းစစ်ကော်မရှင်က အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီး (အာဆီယံ)၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာသော အရှေ့တီမောနိုင်ငံကို အာဆီယံ ပဋိညာဉ်စာတမ်း ပုဒ်မ ၂၊ ပုဒ်မခွဲ (က)၊ (င) နှင့် (ဋ) ပါ အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ရန်ကုန်မြို့ရှိ အရှေ့တီမော သံရုံးယာယီတာဝန်ခံကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီ နိုင်ငံမှထွက်ခွာရန် နှင်ထုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
နှင်ထုတ်ရသည့် အကြောင်းရင်းမှာ ဇန်နဝါရီလအတွင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) က မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသား အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ (War Crimes)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crimes against Humanity) ကျူးလွန်ခဲ့ခြင်းအတွက် အရေးယူပေးရန် အရှေ့တီမောနိုင်ငံ တရားရုံးတွင် တရားစွဲဆိုရာတွင် ထိုအမှုကို စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေချုပ်ရုံးက လက်ခံခဲ့ခြင်းကြောင့် ဖြစ်သည်။
စစ်ကော်မရှင် ရည်ညွန်းသော အာဆီယံပဋိညာဉ်စာတမ်း ပုဒ်မ ၂ “အခြေခံစည်းမျဉ်းများ” ထဲတွင် ပုဒ်မခွဲ (က) သည် အာဆီယံအဖွဲ့ ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူညီမျှမှု၊ နယ်မြေ တည်တံ့ခိုင်မာမှုနှင့် အမျိုးသားအမှတ်လက္ခဏာတို့ကို လေးစားရန်၊ ပုဒ်မခွဲ (င) သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ ပုဒ်မခွဲ (ဋ) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက သော်လည်းကောင်း၊ အဖွဲ့ဝင် မဟုတ်သည့် အခြားနိုင်ငံတစ်ခု သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက သော်လည်းကောင်း၊ ထိုနိုင်ငံ၏ ပိုင်နက်နယ်မြေကိုအသုံးပြုပြီး အဖွဲ့ဝင်နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်သော မူဝါဒတရပ် သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုခုတွင် ပါဝင်ပတ်သက်ခြင်းမှ ရှောင်ရှားရန် ဟု ဖော်ပြထားသည်။
အကယ်၍ မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းခေါင်းဆောင်မဟုတ်ဘဲ ရွေးကောက်ခံ နိုင်ငံအကြီးအကဲဖြစ်လျှင်သော်လည်းကောင်း၊ စစ်ကောင်စီနှင့် စစ်ကော်မရှင် အဖွဲ့ဝင်များသည် ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့ ဖြစ်နေလျှင်သော်လည်းကောင်း အရှေ့တီမောနိုင်ငံသည် အထက်ပါ အာဆီယံပဋိညာဉ်စာတမ်းပါ အချက်များကို ချိုးဖောက်ခြင်း ဖြစ်နိုင်ပါသည်။
သို့ရာတွင် ၁၉၉၇ ခုနှစ်၌ အာဆီယံအဖွဲ့ဝင် ဖြစ်လာသော မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အဖွဲ့ဝင်နိုင်ငံတိုင်း တန်းတူရရှိသော နိုင်ငံရေးအရ အဆင့်မြင့်ဆုံး ကိုယ်စားပြုမှု ပြယုဂ်ဖြစ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးများ (ASEAN Summits) နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများကို တက်ရောက်ခွင့် ပိတ်ပင်ခြင်းခံထားရပြီး၊ အဖွဲ့ဝင် အဆင့်အတန်း လျှော့ချ အရေးယူခံထားရသည်။
အာဆီယံခေါင်းဆောင်များ အရေးယူခံထားရသော မင်းအောင်လှိုင်က အရှေ့တီမောကို စွပ်စွဲခြင်း
အာဆီယံခေါင်းဆောင်များသည် မင်းအောင်လှိုင်ကို အရေးယူခဲ့ရာတွင်လည်း အာဆီယံပဋိညာဉ်စာတမ်း ပုဒ်မ ၅၊ အပိုဒ်ခွဲ ၃ အရ “ပဋိညာဉ်စာတမ်းကို ဆိုးရွားစွာ ချိုးဖောက်ခဲ့သော သို့မဟုတ် မလိုက်နာခဲ့သော ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ပုဒ်မ ၂၀ အရ ဆောင်ရွက်ရန်” ပြဋ္ဌာန်းထားသည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၂၀ ၏ ပုဒ်မခွဲ ၄ တွင် “ပဋိညာဉ်စာတမ်းကို ဆိုးရွားစွာ ချိုးဖောက်ခဲ့သော သို့မဟုတ် မလိုက်နာခဲ့သော ဖြစ်ရပ်အား ဆုံးဖြတ်ချက်ချမှတ်ရန် အာဆီယံထိပ်သီးအစည်းအဝေးသို့ လွှဲအပ်ရမည်” ဟု ဖော်ပြထားသည်။
ထို့ကြောင့် အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး လပိုင်းအတွင်း ဧပြီလ ၂၄ ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး တည်ရှိရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ခေါ်ယူ၍ အာဆီယံ ဘုံသဘောတူညီချက် “၅ ရပ်” ကို လိုက်နာအကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်ချမှတ် အသိပေးခဲ့သည်။
အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်မှာ (၁) အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်ရန်၊ (၂) သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာရန်၊ (၃) အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီရန်၊ (၄) AHA Center မှတဆင့် အာဆီယံ၏ လူသားချင်းစာနာမှုအကူအညီပေးရန်၊ (၅) အာဆီယံအထူးကိုယ်စားလှယ်နှင့် အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူအားလုံးကိုတွေ့ဆုံရန်တို့ ဖြစ်သည်။
မင်းအောင်လှိုင်သည် အာဆီယံ ခေါင်းဆောင်များရှေ့မှောက်တွင် အထက်ပါအချက်များကို လိုက်နာပါမည်ဟု ကတိပြုပြီးမှ မြန်မာနိုင်ငံပြန်ရောက်သည့်အခါ လိုက်နာရန် ငြင်းဆန်ခဲ့ခြင်းသည် အာဆီယံခေါင်းဆောင်များအပေါ် မလေးစားခြင်း၊ ပဋိညာဉ်စာတမ်းအရ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ပဋိညာဉ်စာတမ်းကို တိုက်ရိုက်ဆန့်ကျင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ခေါ်ယူခဲ့ရပြီး မင်းအောင်လှိုင်ကို အရေးယူမှုများ စတင်ချမှတ်ခဲ့ရသည်။
ထိုကဲ့သို့ စစ်ခေါင်းဆောင်ကို အရေးယူပြီး မြန်မာနိုင်ငံကို အဖွဲ့ဝင်အဆင့်အတန်း လျှော့ချခဲ့ရခြင်း၏ အဓိက အကြောင်းရင်းများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ တရားဝင်အစိုးရကို အာဏာသိမ်းခဲ့သည့် လုပ်ရပ်၊ ၎င်းကိုယ်တိုင် လိုက်နာရန်တာဝန်ရှိသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်း၊ အာဆီယံခေါင်းဆောင်များ၏ ပဋိညာဉ်စာတမ်းအရ ဆုံးဖြတ်ချက်ဖြစ်သော ဘုံသဘော တူညီချက် “၅ ရပ်” ကို မလိုက်နာဘဲ ဆန့်ကျင် ချိုးဖောက်ခဲ့ခြင်းများက ယနေ့အချိန်ထိ ပျက်ပြယ်ခြင်းမရှိပါ။
အာဆီယံ၏ အဆိုပါ ရပ်တည်ချက်သည် ကုလသမဂ္ဂ၏ ရပ်တည်ချက်နှင့် တထပ်တည်း တူညီသည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှတဆင့် ပြည်သူတို့၏ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရခေါင်းဆောင်များဖြစ်သည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ မြန်မာနိုင်ငံ၏ နိုင်ငံ့အကြီးအကဲများအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်သည်။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ မြန်မာနိုင်ငံအကြီးအကဲများအဖြစ် တရားဝင်မှုသည် မင်းအောင်လှိုင် စွပ်စွဲနေသော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှတဆင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အခြေခံထားသည့်အချက်ကို အလေးအနက် သတိပြုရမည်ဖြစ်သည်။
အာဆီယံပဋိညာဉ်စာတမ်းကို ဦးစွာချိုးဖောက်ထားသော၊ အဖွဲ့ဝင်အဆင့်အတန်းမှ လျှော့ချအရေးယူခံထားရသော၊ နိုင်ငံကိုယ်စားပြု တရားဝင်အစိုးရအဖြစ် အာဆီယံအဖွဲ့ကြီးက အသိအမှတ်ပြုထားခြင်းမရှိသော မြန်မာ စစ်ကော်မရှင်က အရှေ့တီမောကို အာဆီယံ ပဋိညာဉ် ချိုးဖောက်သည် ဟု စွပ်စွဲခြင်းက မည်ကဲ့သို့ အဓိပ္ပာယ်ဆောင်ပါသနည်း။ စစ်ကော်မရှင်- အရှေ့တီမော ပြဿနာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ရပ်တည်ချက်က မည်သို့ရှိမည်နည်း။
မင်းအောင်လှိုင် ချိုးဖောက်ခဲ့သော အာဆီယံပဋိညာဉ်စာတမ်းပါ အချက်များ
အဖွဲ့ဝင်နိုင်ငံတစ်ခု၏ စစ်တပ်က ထိုနိုင်ငံ၏ အမြင့်ဆုံး ဥပဒေဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် ပြီး၊ ရွေးကောက်ခံ တရားဝင်အစိုးရကို အာဏာသိမ်းခြင်းအား အာဆီယံပဋိညာဉ်စာတမ်း က ခွင့်ပြုထားခြင်း အလျဉ်း မရှိပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်းအောင်လှိုင်၏ စစ်အာဏာသိမ်းမှု လုပ်ရပ်သည် ပဋိညာဉ်စာတမ်း ပုဒ်မ ၂ ပါ ပုဒ်မခွဲ (ဇ) ၊ (ဈ) နှင့် (ည) တို့တွင် ပြဋ္ဌာန်းထားသော အခြေခံစည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်ကလည်း အရှေ့တီမောကို ထိုပုဒ်မများ ချိုးဖောက်ပါသည်ဟု စွပ်စွဲထားသည်။
ပုဒ်မခွဲ ၂ (ဇ) တွင် ပြဋ္ဌာန်းထားသော “တရားဥပဒေစိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော အစိုးရ စသည့် စည်းမျဉ်းများကို လိုက်နာရန်” စသည့် အချက်အားလုံးကို ချိုးဖောက်ခဲ့သည်။ စစ်အာဏာသိမ်းခြင်းသည် တရားဥပဒေစိုးမိုးမှုကို ချိုးဖောက်လိုက်ခြင်း ဖြစ်သလို အရပ်သားအစိုးရလက်ထက် တည်ဆောက်ထားသော ကောင်းမွန်သော အုပ်ချုပ်ရေးကို ဖျက်ဆီးလိုက်ခြင်းလည်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုက ဒီမိုကရေစီစံနှုန်းများကို ဆန့်ကျင်သွေဖည်ရုံမျှမက၊ ဒီမိုကရေစီအခြေခံအုတ်မြစ်များကို တိုက်ခိုက်ခဲ့ခြင်း၊ ခြေ/ဥကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော အစိုးရ မဟုတ်တော့ခြင်း စသည်တို့ကို အာဆီယံ ခေါင်းဆောင်များက ရှင်းလင်းစွာတွေ့မြင်ခဲ့၍ မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြုသလို အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် မပေးသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အခြေခံစည်းမျဉ်း ပုဒ်မခွဲ ၂ (ဈ) တွင် ပြဋ္ဌာန်းထားသော “အခြေခံလွတ်လပ်မှုများ၊ လူ့အခွင့်အရေးကို တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်း၊ လူမှုတရားမျှတမှုကို တိုးမြှင့်လုပ်ဆောင်ခြင်း စသည်တို့ကို လေးစား လိုက်နာရန်” ဟူသော အချက်အားလုံးကို စစ်အာဏာသိမ်းခြင်းဖြင့် မင်းအောင်လှိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်။
အခြေခံစည်းမျဉ်း ပုဒ်မခွဲ ၂ (ည) တွင် ပြဋ္ဌာန်းထားသော “အာဆီယံအဖွဲ့ဝင်နိုင်ငံများ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ အပါအဝင် နိုင်ငံတကာဥပဒေကို လိုက်နာရန်” ဆိုသည့် အချက်များအားလုံးကိုလည်း မင်းအောင်လှိုင် ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့၊ ချိုးဖောက်နေဆဲ ဖြစ်သည်။
အာဆီယံပဋိညာဉ်စာတမ်းတွင် အတိအလင်းဖော်ပြထားသော ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက လိုက်နာရမည် ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ မင်းအောင်လှိုင်၊ ၎င်း၏ အာဏာသိမ်း စစ်ကောင်စီ၊ စစ်ကော်မရှင်တို့ကို အာဆီယံက အသိအမှတ်မပြုခြင်း ဖြစ်သည်။
သို့ဆိုလျှင် လက်ရှိအချိန်တွင် ထိပ်သီးအစည်းအဝေး အပါအဝင် အာဆီယံအစည်းအဝေးများကို မြန်မာနိုင်ငံ ဆက်လက်တက်ရောက်နေခြင်းက မည်သို့ အဓိပ္ပာယ်ဆောင်သနည်း ဟူသော မေးခွန်းရှိပါသည်။ သတိပြုရမည့် အချက်မှာ အာဆီယံသည် မြန်မာနိုင်ငံမှ “နိုင်ငံရေးအရ ကိုယ်စားမပြုသော” ကိုယ်စားလှယ်ကိုသာ ဖိတ်ကြား တက်ရောက်ခွင့်ပြုထားခြင်းသည် နိုင်ငံ (State) ကို အာဆီယံအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုထားခြင်းသာ ဖြစ်ပြီး၊ အစိုးရအကြီးအကဲ (Head of Government) ကို တရားဝင်အသိအမှတ်မပြုဟု သဘောသက်ရောက်သည်။
ထို့အပြင် မင်းအောင်လှိုင်၏ အာဏာသိမ်းကာလတစ်လျှောက်လုံး နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာချိန် ပြည်သူများကို ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်နေခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီး ခြင်းတို့ကြောင့် စစ်ပြေးဒုက္ခသည် သုံးသန်းကျော် အထိရှိလာသော မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်တွင်း ရေးမဟုတ်တော့ဘဲ၊ အိမ်နီးချင်းနိုင်ငံများအထိ သက်ရောက်မှုများရှိနေပြီဟု အာဆီယံက လက်ခံထားသည်။
ထို့ကြောင့် အာဆီယံပဋိညာဉ်စာတမ်း အခြေခံစည်းမျဉ်း ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသော “ဒေသတွင်း ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့်ချမ်းသာကြွယ်ဝမှု တိုးတက်ကောင်းမွန်စေရန် ကတိကဝတ်ပြုမှုနှင့် စုပေါင်းတာဝန်ယူမှု” ဆိုသည့်အချက်ကို မင်းအောင်လှိုင်နှင့် စစ်ကော်မရှင်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသည်။
အဖွဲ့ဝင်သစ် အရှေ့တီမောက “အာဆီယံနည်း” မှ ထိုးဖောက်ထွက်နိုင်မည်လား
အဖွဲ့ဝင်သစ် အရှေ့တီမောနိုင်ငံက ကမ္ဘာ့မည်သည့်အရပ်ဒေသတွင်မဆို ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် အလွန်ကြီးလေးသော စစ်ရာဇဝတ်မှုများကို လက်ခံစုံစမ်းစစ်ဆေးသော တရားစီရင်ပိုင်ခွင့်စနစ် (Universal Jurisdiction) ကို လက်ခံကျင့်သုံးသောနိုင်ငံဖြစ်သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သည်လည်း အလားတူ တရားရေးစနစ်ကျင့်သုံးသောနိုင်ငံ ဖြစ်သည်။
အဆိုပါ တရားစီရင်ပိုင်ခွင့်စနစ်အရ မြန်မာအာဏာသိမ်းခေါင်းဆောင်၏ စစ်ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးပေးရန် CHRO က တရားစွဲတင်ပြလာခြင်းကို အရှေ့တီမော တရားရေးစနစ်က လက်ခံခဲ့ခြင်းသည် စစ်ကော်မရှင် စွပ်စွဲသလို အာဆီယံပဋိညာဉ်ကို ချိုးဖောက်သည်ဟု အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ယူဆပါသလား။ ဖိလစ်ပိုင်၏ ရပ်တည်ချက် မည်သို့ရှိမည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
စစ်ကော်မရှင်- အရှေ့တီမော သံတမန်ရေးတိုက်ပွဲအကြား အလယ်ဗဟိုချက်တွင် အာဆီယံပဋိညာဉ်စာတမ်းက အဓိက အခန်းကဏ္ဍတွင် ရှိနေပြီး၊ ယင်းပဋိညာဉ်သည် အာဆီယံအသင်းကြီး တည်တံ့ခိုင်မြဲရေး၊ အဖွဲ့ဝင် နိုင်ငံများအကြား အရေးကိစ္စများတွင် ဂုဏ်သိက္ခာရှိစွာ ဩဇာသက်ရောက် ဖြေရှင်းနိုင်စွမ်းရှိရေးတို့သည် အသက် သွေးကြောတမျှ အရေးပါသည်။ တနည်းဆိုရလျှင် စစ်ကော်မရှင်- အရှေ့တီမော ပြဿနာသည် အာဆီယံ ပဋိညာဉ်စာတမ်း၏ သက်ဝင်မှု အကျိုးအာနိသင်ကို စိန်ခေါ်စမ်းသပ်လိုက်ခြင်းလည်း ဖြစ်သည်။
အာဆီယံခေါင်းဆောင်များသည် ပဋိညာဉ်စာတမ်းကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက် ထိုပြဿနာကို မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ သေချာသည့်အချက်တစ်ခုမှာ အရှေ့တီမောနိုင်ငံသည် ယခုအခါ အာဆီယံအဖွဲ့ဝင် တင်းပြည့်ကျပ်ပြည့် ဖြစ်နေပြီဖြစ်၍၊ အာဆီယံ၏ရေးရာကိစ္စရပ်များတိုင်းတွင် မဲပေးဆုံးဖြတ် ပိုင်ခွင့် အပြည့်အဝရရှိထားပြီ ဖြစ်သည်။ အရှေ့တီမောသည် နိုင်ငံငယ် ဖြစ်သော်လည်း၊ ၎င်း၏ မဲပေးခွင့် အခွင့်အာဏာသည် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူဖြစ်သည့်အချက်ကို သတိချပ်သင့်သည်။
ထို့ကြောင့် မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲအလွန် ထွက်ပေါ် လာသော အစိုးရကို အာဆီယံနိုင်ငံအများစုက အသိအမှတ်ပြုရန် ဆန္ဒရှိလာလျှင်ပင် အရှေ့တီမောနိုင်ငံ ကန့်ကွက်ပါက အာဆီယံအနေဖြင့် ထိုအစိုးရကို အသိအမှတ်ပြုနိုင်မည် မဟုတ်ပါ။
ခြုံ၍သုံးသပ်ရလျှင် တစ်ချိန်က အရှေ့တီမော အာဆီယံအဖွဲ့ဝင်ရောက်ရေးတွင် အနှောင့်အယှက်ပေးနေသည့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ သံတမန်အဖွဲ့စေလွှတ် ဆွေးနွေးညှိနှိုင်းခဲ့သော အရှေ့တီမောနိုင်ငံသည် အဖွဲ့ဝင်သစ် ဖြစ်လာပြီးနောက် အာဆီယံစည်းမျဉ်းစည်းကမ်းများအရ ရရှိထားသော အခွင့်အရေးကို အသုံးချ၍ အဖွဲ့ဝင်ဟောင်းများ၏ မြန်မာ့အရေးအပေါ် “အာဆီယံနည်း” (ASEAN Way) ဖြင့်ချဉ်းကပ်ဖြေရှင်းမှုမှ ခွဲထွက်၍ လုပ်ဆောင်နိုင်မည်လား စောင့်ကြည့်ရမည် ဖြစ်သည်။
အာဆီယံနည်း ဆိုသည်မှာ မြန်မာ့အရေးကို “ပြည်တွင်းရေး” ဟု ဆိုကာ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ ဆိုသည့် ခံကတုတ်နောက်ကွယ်တွင် ပုန်းကွယ်လျက် လွန်ခဲ့သော ငါးနှစ်လုံးလုံး ထိရောက်စွာ ဖြေရှင်းခြင်းမပြုဘဲနေခဲ့ခြင်းကို ဆိုလိုသည်။ အာဆီယံခေါင်းဆောင်များက မြန်မာ့ပြဿနာ ကိုင်တွယ်ရာတွင် အာဆီယံအသင်းကြီး၏ မူဝါဒများ၊ လုပ်ငန်းစဉ်များ မထိခိုက်စေရန်ကိုသာ ဦးစားပေးခဲ့ကြသည်၊ အာဆီယံ အကျိုးစီးပွား ရှေ့ရှုကာကွယ်ရေး နည်းလမ်း (Protecting ASEAN’s interests from Myanmar crisis) ကိုသာ ကျင့်သုံးနေကြသည်၊ ဤအခြေအနေတွင် အရှေ့တီမောက အာဆီယံ အဖွဲ့ဝင် ဖြစ်လာပြီး များမကြာမီ အာဏာသိမ်း မြန်မာဗိုလ်ချုပ်များနှင့် ပတ်သက်သော အမှုကို စုံစမ်းစစ်ဆေးရန် ၎င်းတို့၏တရားရုံးတွင် လက်ခံလိုက်ခြင်းကြောင့် အာဆီယံဒေသတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်တုံ့ပြန်ပေးမည့်နိုင်ငံ ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။



