သတင်း

ခမ်းပတ်မြို့တွင် NUG အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်ရန် ပြင်ဆင်နေ

တော်လှန်ရေးအဖွဲ့များ ၁၀ ရက်ကြာ ထိန်းချုပ်ထားသော ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် NUG က ပြင်ဆင်နေပြီး ဒေသခံတို့လည်း ပြန်ရောက်လာနေကြောင်း သိရသည်။

ကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ၅ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

“မြို့က ပုံမှန်အနေအထားတိုင်း ပြန်လည် လည်ပတ်နေပြီ။ ဆေးရုံ၊ ကျောင်းတို့က လောလောဆယ်မှာ အုပ်ချုပ်ရေးယန္တရားကနေ စတင်အကောင်အထည်ဖော်ဖို့ စီစဉ်နေပါပြီ။ မကြာခင်အချိန်အတွင်းမှာပဲ အမြန်ဆုံးဖွင့်နိုင်ဖို့ လုပ်နေပါတယ်” ဟု တမူးခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခမ်းပတ်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်လျက်ရှိပြီး ခမ်းပတ်တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့ ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တမူးခရိုင် ပအဖထံမှ သိရသည်။

“ခမ်းပတ်မြို့က ရပ်ကွက်ကြီး ၉ ခု ရှိတာ။ ၅ ခုကတော့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ပြီးပြီ။ ၄ ခု ကျန်သေးတယ်။ အဲ့ဒီ ၄ ခု ရွေးပြီးမှ ခမ်းပတ်တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့ရမယ်။ ခုလောလောဆယ်တော့ တမူးခရိုင်၊ တမူးမြို့နယ်ပအဖက ဦးစီးပြီးတော့ ဆောင်ရွက်ပေးနေတယ်” ဟု အမည်မဖော်လိုသည့် ခရိုင်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခမ်းပတ်မြို့ကို နိုဝင်ဘာ ၇ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ပြီးချိန်မှစတင်၍ ဒေသခံအများစု နေရပ် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စခန်းကုန်းရှိရာ အမှတ် (၁) ရပ်ကွက်မှအပ ကျန်ရပ်ကွက်မှ ဒေသခံအများစုမှာ နေရပ် ပြန်လည်နေထိုင်ပြီး ဆိုင်ခန်းများ၊ ဈေးများ ဖွင့်လှစ်ရောင်းချကာ ပုံမှန်ပြန်လည်ပတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတော့ ပြန်ဝင်နေပြီ။ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်နေလို့ရပြီ။ အခြေအနေကောင်းသွားပြီ။ ၈၅ ရာခိုင်နှုန်းကတော့ ကိုယ့်အိမ်နဲ့ကိုယ် ဝင်လို့ရတဲ့သဘောမျိုးရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ခမ်းပတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တမူးခရိုင်ပအဖအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

“လေကြောင်းအန္တရာယ်ကတော့ စိုးရိမ်တာတော့ စိုးရိမ်တာပေါ့လေ။ ဒါပေမဲ့ ဘယ်နေရာမဆို မြန်မာနိုင်ငံတစ်နိုင်ငံလုံး နိုင်ငံတနံတလျားက လုံခြုံတဲ့နေရာမရှိတော့ ကိုယ့်အိမ်နဲ့ကိုယ် ကိုယ့်ရာနဲ့ကိုယ် နေတာက အကောင်းဆုံးပဲဆိုပြီးတော့ နေတော့တာပေါ့ဗျာ။ မကြောက်ဘူးလို့တော့ မဟုတ်ဘူးပေါ့” ဟု အထက်ပါ တမူးဒေသခံ အမျိုးသားက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ခမ်းပတ်မြို့သည် ကလေး-တမူးလမ်းပိုင်းတွင် ရှိပြီး မြောက်ဘက်ရှိ တမူးမြို့နှင့် မိုင် ၃၀ ကျော် ကွာဝေးကာ တောင်ဘက်ရှိ ကလေးမြို့နှင့် မိုင် ၅၀ ခန့် ကွာဝေးသည်။

ကလေး-တမူးလမ်းရှိ စစ်ကောင်စီ၏ စခန်းငယ်အများစုကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ထားပြီး ထိုလမ်းကြောတစ်လျှောက် နေရာအများစုတွင် နယ်မြေစိုးမိုးထားသဖြင့် စစ်တပ်အနေဖြင့် ခမ်းပတ်မြို့ကို မြေပြင်စစ်ကြောင်းထိုးရန် မလွယ်ကူသည့် အခြေအနေဖြစ်ကြောင်း တမူးခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူက သုံးသပ်သည်။

ခမ်းပတ်နှင့် တမူးမြို့အကြား ပန်းသာရွာတွင် စစ်တပ်က အခိုင်အမာတပ်စွဲထားသည်။

နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တမူးမြို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၇၀ နီးပါး ထပ်မံ ဖြည့်တင်းထားကာ နိုဝင်ဘာ ၁၇ အထိ ပစ်ခတ်မှုများရှိကြောင်း သိရသည်။

“(စစ်တပ်က) လည်း ဘာစိုးရိမ်လဲဆိုရင် ပန်းသာကျရင် လေးမိုင် ကျမှာလေ။ လေးမိုင်က တမူးအဝင်ဂိတ်ပေါ့။ ဒါက သူတို့ရဲ့နောက်ဆုံးခံစစ်စည်းလို့လည်း ပြောလို့ရတယ်” ဟု တိုက်ခိုက်ရာတွင် ပါဝင်နေသည့် အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ကိုလျှောင်တစောင်းက ပြောသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့က မဟာမိတ်များနှင့် ပူးပေါင်းပြီး အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိပြီး မြို့ ၄ မြို့ကို သိမ်းပိုက်ထားချိန် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ခမ်းပတ်မြို့၊ ကောလင်းမြို့နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့တို့ကို ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်။

Show More

Related Articles

Back to top button