သတင်း

ဘူးသီးတောင်မှ အရပ်သားအများအပြား ပစ်ခတ်ခံရ

ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်တွင်  ဧပြီ ၃ ရက်နေ့က  ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ ဦးထက် မနည်း ဒဏ်ရာရပြီး သေဆုံးသူ တချို့ ရှိသည်ဟု ဒေသခံများကို ကိုးကားပြီး အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ယနေ့ ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားစဉ် ကျည်ဆန်ထိမှန်သူတို့သည် စိုင်းဒင်ချောင်းအနီး ဝါးခုတ်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

ရေချမ်းပြင်၊ သပြုချောင်း၊ သင်းတောင် စသည့်  ရွာများမှ သေဆုံးသူ ၅ ဦးထက်မနည်း ရှိသည်ဟု ရေချမ်းပြင်ရွာ အုပ်ချုပ်ရေးမှူး ဂျီရာလ်မန်ထံမှ သိရကြောင်း ဦးမောင်ကျော်ဇံက ပြောသည်။

သူတို့ရွာ(ရေချမ်းပြင်)ကို ဒဏ်ရာနဲ့ပြေးလာတဲ့ ရွာသားနှစ်ယောက်လည်း သေတယ်လို့ပြောတယ်” ဟု ဦးမောင်ကျော်ဇံက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက ယမန်နေ့က ဘူးသီးတောင်မြို့နယ် ဆေးရုံသို့ ဒဏ်ရာရသူ  ၆ ဦးထက် မနည်း ရောက်လာပြီး၊ ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံရောက်ရှိလာကြောင်း၊ သေဆုံးသူ တချို့လည်း ရှိကြောင်း အတည်ပြုသည်။ သေဆုံး၊ ဒဏ်ရာရ အရေအတွက်ကို  အတိအကျ မသိရသေးဟု ဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအနီးတွင် တပ်မတော်၏ ထောက်ပံ့ပို့ဆောင်ရေးယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် အနည်းငယ် ပြန်လည် ပစ်ခတ်မှု ရှိခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦး မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေစဉ်

ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်သည်ဟူသော ဒေသခံများ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး တပ်မတော်က ထိုသို့ ပစ်ခတ်ခြင်း ရှိမရှိ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

“အဲဒီမှာက နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းတာ ရှိတယ်၊ သွားတာ လာတယ် ရှိတယ်၊ ဒီလောက်ပါပဲ ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

မတ်လ ၂၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဆင်သေပြင်၊ အာဘူ၊ ထိုက်တူးပေါက် စသည့် ရွာများအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ   ၆၀၀ ထက် မနည်း ထွက်ပြေးခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွင်း အရပ်သား ၁၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ အထိ ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button