အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဇီကြီးရွာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၊ ရွာမီးလောင်နေ

ခြေလျင်စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီ လေတပ်က  ယနေ့ (ဧပြီ ၂၀) မွန်းလွဲ ၂ နာရီခွဲတွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ (ဧပြီ ၁၉ ) ညပိုင်းတွင် ပဇီကြီးရွာကို ခြေလျင်စစ်ကြောင်းဖြင့် စီးနင်းရန် ကြိုးပမ်းခဲ့သော်လည်း ရွာအရှေ့ပိုင်းတွင်သာ တပ်စွဲ၍ အခြေအနေကို စောင့်ကြည့်နေခဲ့ကြကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ရွာအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းကြစဉ် လက်နက်ကြီးများဖြင့် ခြေလျင်စစ်ကြောင်းက ကနဦးပစ်ခတ်ပြီးနောက် တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်နှစ်ခုထံမှ သိရသည်။ 

ခြေလျင်စစ်ကြောင်းသည် မွန်းလွဲ ၂ နာရီတွင် ရွာအနောက်ဘက်မှ လက်နက်ကြီးဖြင့် ဆယ်ကြိမ် ပစ်ခတ်တိုက်ခိုက်ပြီးနောက် တိုက်လေယာဉ်က ရောက်လာကာ ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ကန့်ဘူလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ 

“မနေ့က ဝင်တဲ့ စစ်ကြောင်းက ရွာအရှေ့ပိုင်းကနေ တောင်ကို ပတ်တယ်။ တောင်ကနေ အနောက်ကို တက်လာတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ထုတယ်။ အဲဒီပြီးတော့ ဖိုက်တာလာပြီး သုံးချက်ပစ်သွားတယ်။ အခုချိန်အထိတော့ ကပ်လို့မရသေးပါဘူး။ ရွာထဲမှာတော့ မီးလောင်နေပြီ။ အခု မီးခိုးတွေ မြင်နေရတယ်” ဟု ၎င်းက ပြောသည်။ 

လတ်တလောတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို မြင်တွေ့ရသော်လည်း အသေးစိတ်ကို မသိရသေးဟု ၎င်းက ဆိုသည်။ 

ပဇီကြီးရွာအနီးတွင် မြေပြင်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ယနေ့ မွန်းလွဲပိုင်းတွင် ပဇီကြီးရွာကိုပင် ဦးတည်၍ ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံအမျိုးသားတစ်ဦးကလည်း ပြောသည်။ 

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေ၍ ပဇီကြီးရွာအပါအဝင် ပတ်ပတ်လည်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းမှ ထောင်နှင့်ချီသော ပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ဧပြီ ၁၁ နံနက်ပိုင်းက ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးဖွင့်ပွဲအခမ်းအနားအနေဖြင့် အကျွေးအမွေးဖြင့် ရွာဓလေ့အတိုင်း ကလေးလူကြီးများ စုဝေးစားသောက်နေကြစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ပြီးနောက် ရဟတ်ယာဉ်ဖြင့်လည်း အနီးကပ် ၁၀ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ရေးဆောင်ရွက်နေသူများကိုပါ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူ၊ ဒဏ်ရာရသူများ၏ အလောင်းများကို လေးရက်နီးပါးကောက်ယူခဲ့ရသည်။ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၆ လသားအရွယ် မိန်းကလေးအပါအဝင် ကလေး၊ လူကြီး စုစုပေါင်း  ၁၆၈ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၁၆ တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button