သတင်း

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်ရှိ ရွာတစ်ရွာမှ ရိုဟင်ဂျာ ၁၉ ဦး သေဆုံး

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်းဘေး၊ မိုးစဲကျွန်းပေါ်မှ ညောင်ပင်ကြီးကျေးရွာတွင် ကလေးများအပါအဝင် ရိုဟင်ဂျာ ၁၉ ဦး ရေနစ်သေဆုံးခဲ့ပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ရွာခံများထံမှ သိရသည်။

သေဆုံးသူများမှာ ၂ နှစ် အရွယ်မှ ၆၅ နှစ် အရွယ်ထိ ရှိပြီး အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု ဆိုသည်။

မေ ၁၄ မွန်းတည့် ၁၂ နာရီတွင် မုန်တိုင်း ပြင်းထန်လာပြီး မွန်းလွဲ ၃ နာရီတွင် ပင်လယ်ဒီရေ မြင့်တက်လာသည်၊ ကျေးရွာထဲမှ မထွက်ခွာနိုင်တော့ဘဲ ကျေးရွာအလယ်တွင် ရှိသည့် နှစ်ထပ်အိမ်တစ်လုံးတွင် မုန်တိုင်းဒဏ်မှ ပုန်းခိုနေကြချိန် နေအိမ်ပြိုကျပြီး အများအပြား သေဆုံးရခြင်းဖြစ်သည်။

အသက် ၄၀ အရွယ် ညောင်ပင်ကြီးရွာသား ကိုသန်းမြင့်က ဇနီးသည်နှင့် ၆ နှစ်အရွယ် ကလေးကို ကျေးရွာအလယ်တွင် ရှိသည့် အဆိုပါ နှစ်ထပ်အိမ်သို့ ပို့ထားခဲ့ကြောင်း၊ ၄ နှစ်အရွယ် သားငယ်ကို အနီးရှိ ကျေးရွာသို့ ပို့ဆောင်ပြီး ပြန်လာချိန်တွင် ထိုနေအိမ် ပြိုကျနေသည်ကို တွေ့ရှိရကြောင်း ပြောသည်။

“ကျွန်တော့ မိန်းမနဲ့ ကလေး ပါသွားတယ်။ ကျွန်တော်က ကလေးတစ်ယောက်ကို အမြန်ပြေးပြီး သွားပို့တာ။ ကျွန်တော် မမြင်လိုက်ရပါဘူး။ ကလေးအငယ်ကို လုံခြုံတဲ့နေရာမှာ ထားပြီး ကျွန်တော် ပြန်လာတဲ့အချိန်မှာ ဘယ်သူမှ မရှိတော့ဘူး” ဟု ကိုသန်းမြင့်က ပြောသည်။

ညောင်ပင်ကြီးကျေးရွာတွင် အိမ်ခြေ ၄၁၂ လုံး၊ လူဦးရေ ၂၀၉၇ ဦး ရှိသည်၊ မုန်တိုင်းဒဏ်ကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးသွားပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာ ပြတ်လပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

မုန်တိုင်းဝင်သည့် မေ ၁၄ ရက်နေ့က နံနက်ပိုင်းတွင်ပင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့ကျေးရွာ အနီးအနားရှိ ရခိုင်ရွာများသို့ ပြောင်းရွှေ့နိုင်သဖြင့် ဒေသခံ ရာနှင့်ချီပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေသည့် အသက် ၂၂ နှစ်အရွယ် ကိုအောင်နိုင်စိုးက ပြောသည်။

“အဲဒီရွာတွေက ရခိုင်ညီအစ်ကိုတွေက ကူညီကယ်ဆယ်ပေးလို့ ကျွန်တော်တို့ အသက်ရှင်ခဲ့ရတာပါ။ အဲဒီမှာ ပိုပြီးတော့ လုပ်ခဲ့တာက ရက္ခိုင့်တပ်တော်က ရဲဘော်တွေ၊ ဗိုလ်ကြီးတွေ ပါခဲ့တယ်။ သူတို့ ကြီးကြပ်ပေးလို့ ကျွန်တော်တို့ အများကြီး လွတ်မြောက်ခဲ့တယ်” ဟု သူက ဆိုသည်။

“ကျွန်တော်တို့မှာ ရေသောက်စရာ မရှိတော့ဘူး။ သောက်ရေကန်တွေ အကုန်လုံးက ဆားငန်ရေ ဝင်သွားတယ်။ ရွာမှာ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ။ ရေနဲ့ ဆေးဝါးတွေ၊ အစားအသောက်တွေ လိုနေတာပါ”

ကျေးရွာဒေသခံ ၇၀ ရာခိုင်နှုန်းခန့်ကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး ရွာထဲတွင် ကျန်ခဲ့သူများမှာ ကျေးရွာ ဘာသာရေးအဆောက်အအုံတွင် ပြောင်းရွှေ့ ပုန်းခိုနေခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ဒေသတွင်းသတင်းများကို ဖော်ပြနေသော နရိဉ္ဇရာသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် သေဆုံးသူတို့မှာ အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အထိ ကလေး ၁၃ ဦး၊ အသက် ၁၈ နှစ် တစ်ဦး၊ အသက် ၃၀ မှ ၆၅ နှစ်အထိ ၅ ဦး ဖြစ်ကာ ကျား ၈ ဦး၊ မ ၁၁ ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။

ညောင်ပင်ကြီးရွာမှ သေဆုံးမှုစာရင်း။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါ ဒေသရှိ ညောင်ပင်ကြီးရွာအပါအဝင် အနည်းဆုံး ကျေးရွာ ၉ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်သည် သောက်သုံးရေပြတ်လပ်နေကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအတွက် ရသေ့တောင်မြို့နယ်၌ ကူညီကယ်ဆယ်ရေးလုပ်နေသော အမျိုးသားတစ်ဦးကလည်း ပြောထားသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့ရပြီး ကူညီကယ်ဆယ်ရေးများ အချိန်မီ မဝင်ရောက်နိုင်ပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက မကြာခဏ ထုတ်ဖော်ပြောဆိုထားသည်။

မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ကူညီ၊ ကယ်ဆယ်ခွင့်များ ကန့်သတ်ထားခြင်းမှာ အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်ထားခြင်းမှာ စစ်တပ်က မပြီးပြတ်သေးသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေခြင်းသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အကြံပေး ဦးအောင်ကျော်မိုးက Myanmar Now ကို ပြောသည်။

အစိုးရအဆက်ဆက်က ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ နေရပ်ဒေသတွင်းမှလွဲ၍ မည်သည့်အရပ်ကိုမျှ ခရီးသွားခွင့်မပြုပေ။ ရခိုင်ပြည်နယ်ပြင်ပတွင် တွေ့ရှိလျှင် ဖမ်းဆီးခံနေရသည်။ ထို့ပြင် နေရပ်စွန့်ခွာရသူ အများအပြားမှာ ပညာသင်ကြားခွင့်မရှိဘဲ ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်သည်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် နေထိုင်သူ ရာနှင့်ချီ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု မြေပြင် သေဆုံး၊ ပျောက်ဆုံး စာရင်းများကို မှတ်တမ်းတင်နေသည့် ကျောင်းသားလူငယ်များနှင့် အလင်းရောင်လူငယ်ပရဟိတအသင်းက မေ ၁၇ တွင် ထုတ်ပြန်ထားသည်။

စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ သေဆုံး၊ ပျောက်ဆုံးစာရင်းကိုသာ ကောက်ယူ ထုတ်ပြန်နိုင်ပြီး ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိ ရိုဟင်ဂျာကျေးရွာများမှ သေဆုံး၊ ပျောက်ဆုံး စာရင်းများကို ကောက်ယူနိုင်ခြင်း မရှိသေးပေ။

ကူညီရေးအဖွဲ့များက မုန်တိုင်းသင့်ဒေသတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရရန် စစ်ကောင်စီထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေသည်မှာ ရက်အတန်ကြာပြီ ဖြစ်သည်။

Show More

Related Articles

Back to top button