သတင်း

​​ရသေ့တောင် မိုးစဲကျွန်းတွင် လူ ၅၀၀၀ ကျော် သောက်သုံးရေအခက်အခဲဖြစ်နေ

ယခုလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းပေါ်ရှိ ကျေးရွာများတွင် ဆားငန်ရေ ဝင်ရောက်ခဲ့ရာ ဒေသခံ ၅၀၀၀ ကျော် သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု သိရသည်။

မိုးစဲကျွန်းပေါ်တွင် ရွာပေါင်း ၂၆ ရွာရှိသည့်အနက် ညောင်ပင်ကြီး၊ ကျွန်းကြီး၊ ဆားပြင်းချေ၊ ရွှေလောင်းတင်၊ မြင်ကန်ချောင်း၊ ပန်ဇင်းမော်၊ ဇီးကိုင်း၊ ကပ်ချောင်း စသည့် ရွာများမှ သောက်သုံးရေကန်များအတွင်း ဆားငန်ရေ ဝင်ရောက်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ဆားငန်ရေ ဝင်ရောက်သဖြင့် မိုးစဲကျွန်းပေါ်ရှိ ကျေးရွာများတွင် သောက်သုံးရေ ဆိုးဆိုးဝါးဝါး ပြတ်လပ်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအတွက် ရသေ့တောင်မြို့နယ်၌ ကူညီကယ်ဆယ်ရေး လုပ်နေသော ဦးအေးထွန်းဘုက ယနေ့ (မေ ၂၂) ပြောသည်။

“မိုးစဲကျွန်းဘက်မှာ ရေ အမှန်တကယ် အခက်အခဲဖြစ်နေပါတယ်။ ဆိုးဆိုးရွားရွား အခက်အခဲဖြစ်ပါတယ်။ လုံးဝ ရေမရှိပါ။  အခု ကျွန်တော်တို့က ရေဆိုးစုပ်ထုတ်နေပါပြီ။ အခု ပန်ဇင်းမော်ကို ရေငန်စုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပန်ဇင်းမော်ရွာရှိ ရေကန် လေးကန်တွင် ဆားငန်ရေ ဝင်သွား၍ ပရဟတိဒေသခံကူညီရေးအဖွဲ့တချို့ သွားရောက်ကာ စက်ဖြင့် ရေစုပ်ထုတ်ပေးနေပြီး အထက်ပိုင်းကျေးရွာများမှ စက်လှေဖြင့် သောက်သုံးရေ သယ်ယူပေးနေသည်ဟု သိရသည်။

“အခြား (ရေဆိုးစုပ်ဖို့) ဆက်လုပ်ဖို့ ရှိတဲ့ ရွာတွေက ညောင်ပင်ကြီး၊ ကျွန်းကြီး၊ ဆားပြင်ကြီး၊ ဆားပြင် ချေရွာတို့ဖြစ်ပါတယ်။ မြင်းကန်ချောင်းနဲ့ ရွှေလောင်းတင်ရွာတွေမှာလည်း တွင်းတွေကို ရေဆိုးဝင်သွားလို့ ရွာသားတွေ စုပ်ထုတ်နေကြပါတယ်” ဟု ဦးအေးထွန်းဘုက ပြောသည်။

မုန်တိုင်းကြောင့် မိုးစဲကျွန်းပေါ်ရှိ ညောင်ပင်ကြီးတစ်ရွာ၌ ၂၁ ဦး သေဆုံးကာ ၃ ဦး ပျောက်ဆုံးနေပြီး အခြားရွာများတွင်လည်း သေဆုံးသူ ၅ ဦးရှိသည်ဟု ၎င်းထံမှ သိရသည်။

မိုးစဲကျွန်း ညောင်ပင်ကြီးရွာတွင် ထိခိုက်ပျက်စီးသွားသော နေအိမ်တစ်လုံးကို ပြုပြင်နေသည်ကို မေ ၂၀ က တွေ့ရစဉ်။ (ဓာတ်ပုံ-Save the Rathedaung)

“မိုးစဲကျွန်းမှာ မွတ်စလင် ၂၁ လောင်း ရထားပါပြီ။  နောက် မွတ်စလင် သုံးယောက် ပျောက်နေပါတယ်။ မွတ်စလင်တွေက ညောင်ပင်ကြီး တစ်ရွာတည်းကပါ။ ရခိုင် ၅ ဦး သေဆုံးပါတယ်။ မြင်းကန်ချောင်းက ရခိုင်အမျိုးသမီး ၂ ယောက်၊ ဇီးကိုင်းက ၂ ယောက်နဲ့ ညောင်ပင်လယ်က ၁ ယောက်ပါ”

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော်ဖြင့် ရခိုင်ကမ်းရိုးတန်းမှ ကုန်းတွင်းပိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ ယနေ့အချိန်ထိ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်၍ ဆက်သွယ်ရေးလိုင်းများလည်း အပြည့်အဝ မရသေးပေ။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် သောက်သုံးရေ အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

အဝီစိတွင်းရေကို အားကိုးအားထားပြုနေရသည့် ပြည်နယ်မြို့တော် စစ်တွေ၌လည်း လျှပ်စစ်မီး မလာသဖြင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

“စစ်တွေမှာက ကန်တော်ကြီး ရေမရတော့လို့ အဝီစိရေကို အားကိုးရတာပါ။ အခု လျှပ်စစ်မီးမရတော့ ရေအခက်အခဲ ကြုံတွေ့နေရပါတယ်။ မီးစက်တွေ ငှားပြီး ရေတင်တာ လုပ်ရပါတယ်။ တတ်နိုင်တဲ့သူတွေက မီးစက်ဝယ်ကြပါတယ်။ တချို့က ရေတုံကင် ဆင်ကြရပါတယ်။ လျှပ်စစ်မီး မရရင် ရေအခက်အခဲက ရှိနေဦးမှာပါ” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

မုန်တိုင်းသင့်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်မှုကြောင့် နောက်ဆုံးတွဲအနေဖြင့် ရေကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွားလာနိုင်သည်ဟုလည်း ကုလအဖွဲ့အစည်းများက သတိပေး ထုတ်ပြန်ထားသည်။

ရသေ့တောင်၊ မိုးစဲကျွန်းနှင့် အနီးအနားကျေးရွာများကို တွေ့မြင်ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button