ဆောင်းပါး

မိုခါမုန်တိုင်းဒဏ်ကြားက ကူရာကယ်ရာမဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

မိုခါ ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့ကို ဖြတ်သန်း တိုက်ခတ်မည့် သတင်းကို ကြိုတင် သိရှိရသော်လည်း ယခုလောက် ပြင်းထန်လိမ့်မည်ဟု အသက် ၄၀ အရွယ် ကိုမောင်စိန် အပါအဝင် ဗေဒါကျေးရွာနေ (ဘော်ဂါဒိဝ်) ရိုဟင်ဂျာဒုက္ခသည်များ မမှန်းဆမိခဲ့ပေ။

ဗေဒါရွာမှာ စစ်တွေမြို့နှင့် ရိုဟင်ဂျာဒုက္ခသည်စခန်းများအကြား ချိတ်ဆက်ထားသော ကားလမ်းဘေး ၁ မိုင်ကျော်အကွာ၊ ဘင်္ဂလားပင်လယ်အော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ အဆိုပါ ရိုဟင်ဂျာ တံငါရွာလေးကို မုန်တိုင်းသတိပေးရန်၊ အသိပညာပေးရန်၊ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ရေး စီမံပေးရန် စစ်ကောင်စီ ပျက်ကွက်သည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း မေ့လျော့နေခဲ့ပုံရသည်။

အကူအညီမဲ့နေသည့် အခြေအနေကို အန်တု၍ ကိုမောင်စိန်နှင့် ဗေဒါရွာခံများက မိုခါမုန်တိုင်းကို ရင်ဆိုင်ရန် ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းခဲ့ရသည်။ ကလေးငယ်နှင့် သက်ကြီးရွယ်အိုအချို့ကို ပင်လယ်ကမ်းခြေနှင့် ဝေးသည့်နေရာတွင် ရှိသော ရိုဟင်ဂျာကျေးရွာများသို့ မုန်တိုင်းမဝင်မီ တစ်ရက်အလို မေ ၁၃ ရက် ညပိုင်းကပင် ပို့ဆောင်သည်။ ကိုမောင်စိန်က သူ၏ ကလေး ၂ ယောက်ကိုလည်း ဘေးလွတ်ရာ တိမ်းရှောင်မည့် ဆွေမျိုးများနှင့်အတူ ထည့်ပေးလိုက်သည်။

မိသားစုဝင်များထဲမှ ၎င်း၏ ၄ နှစ်အရွယ် သားငယ်၊ ကိုယ်ဝန်လွယ်ထားသည့် သူ၏ အမျိုးသမီး၊ ယောက္ခမနှင့် ယောက်ဖတို့မှာ ဗေဒါရွာတွင် ကိုမောင်စိန်နှင့်အတူ အိုးအိမ်ကို စောင့်ရှောက်ရင်း မိုခါမုန်တိုင်းကို ရင်ဆိုင်ခဲ့ကြသည်။

ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေရသည့် သူတို့ တစ်မိသားစုလုံး မည်သည့်နေရာသို့ တိမ်းရှောင်လျှင် ဘေးကင်းမည်ကို အစ္စလာမ်ဘာသာဝင် ကိုမောင်စိန်တို့ မဆုံးဖြတ်နိုင်၊ ထို့ကြောင့် ၎င်းတို့ ယုံကြည် ကိုးကွယ်ရာ ဘာသာတရားအတိုင်း ဝတ်ပြုဆုတောင်းခြင်းဖြင့်သာ ကြုံတွေ့လာမည့် ဘေးကို ရင်ဆိုင်ရန် စိတ်ခွန်အားယူခဲ့ရသည်။

မိုခါမုန်တိုင်းမှာ တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ ခန့်သာ ရှိမည်ဟု သိထားသည့် ကိုမောင်စိန်တို့မိသားစု နေထိုင်ရာ ဗေဒါကျေးရွာ (ဘော်ဒါဒိပ်) သို့ မေ ၁၄ နံနက် ၁၀ နာရီကျော်တွင် မုန်တိုင်းရှေ့ပြေးလက္ခဏာများ စတင်ဝင်ရောက်လာသည်။ နေအိမ်များရှိရာဘက်သို့ ဒီရေလှိုင်းများ စတင်ဝင်ရောက်လာသည်။

တစ်နာရီ လေတိုက်နှုန်း မိုင် ၅၀ ခန့် ရှိလာချိန်၊ ဒီရေလှိုင်းများ စတင်ဝင်ရောက်လာချိန်တွင် ဗေဒါကျေးရွာ (ဘော်ဂါဒိဝ်) ကို စွန့်ခွာခဲ့ကြသူများမှာ အသက်ဘေးမှ လွတ်မြောက်သည်။ မိုခါမုန်တိုင်း ကုန်းတွင်းပိုင်းသို့ ဝင်လာချိန်၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ နှုန်း ရှိလာချိန် မေ ၁၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ရောက်မှ ထွက်ပြေးရန် ကြိုးပမ်းသူများမှာ အရှိန်အဟုန်ဖြင့် တက်လာသည့် ဒီရေကြောင့် ပြေးမလွတ်တော့ပေ။

ပေ ၂၀ ကျော် မြင့်သည့် ဧရာမလှိုင်းလုံးကြီးများက သူနေထိုင်ရာ အိမ်ကို ရိုက်ခတ်သွားပြီး သူပွေ့ဖက်ထားသည့် ကိုယ်ဝန်ဆောင် သူ့အမျိုးသမီးနှင့် အသက် ၄ နှစ်အရွယ် သားငယ်ရော ကိုမောင်စိန်ပါ ရေထဲပါသွားသည်။ ကိုမောင်စိန်က ဒီရေလှိုင်းနှင့်အတူ ဗေဒါရွာအနီး သဲချောင်းရွာအထိ မျောပါသွားပြီး အသက်ဘေးမှ လွတ်ခဲ့သော်လည်း သူ၏ ကိုယ်ဝန်ဆောင် ဇနီးနှင့် ၄ နှစ်အရွယ် သားငယ်တို့ မည်သည့်နေရာ မျောပါသွားမှန်း ရှာမတွေ့တော့၍ သေပြီဟု သတ်မှတ်လိုက်ရပြီ။

“လေတိုက်လာတော့ လှိုင်းထဲမှာ လေတိုက်တာနဲ့ မိုးရွာတာများတော့ (အိမ်) လဲကျပြီးတော့ လှိုင်းတံပိုးက ကြီးလာပြီးတော့ (အိမ်) ရွှေ့သွားလိုက်တာပါ။ လှိုင်းမမြင်တာပါ။ ပြေးလို့ မရတော့တာပါ” ဟု ကိုမောင်စိန်က မုန်တိုင်းတိုက်ခတ်သည့်နေ့က ကြုံခဲ့ရသည့် အခြေအနေကို နှစ်ရက်အကြာ (မေ ၁၆) တွင် ပြန်ပြောပြသည်။

မိုခါမုန်တိုင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ် ဗေဒါ (ဘော်ဂါဒဝ်) ကျေးရွာနေ ကိုမောင်စိန်။ ဓာတ်ပုံ- Myanmar Now

“ကလေးတွေ မိန်းမတွေကို ကယ်လို့ မရတော့ဘူး”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဦးတည် တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ကိုမောင်စိန် နေထိုင်သည့် ဗေဒါ (ဘော်ဂါဒဝ်) ကျေးရွာ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်စခန်းများ၊ ကျေးရွာများ ရေလွှမ်းမိုးခံခဲ့ရပြီး ရာနှင့်ချီ သေဆုံး၊ ပျောက်ဆုံးနေသည်။

စစ်ကောင်စီက မုန်တိုင်းတိုက်အပြီး သုံးရက်ကြာသည်အထိ ရိုဟင်ဂျာသေဆုံးမှုစာရင်း မထုတ်ပြန်သလို ရခိုင်ဒေသအတွင်း ရိုဟင်ဂျာအရေး အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း စာရင်းတိတိပပ ပြုစုနိုင်ခြင်းမရှိသေးပေ။

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို မှတ်တမ်းတင်နေသည့် ကျောင်သားလူငယ်များနှင့် အလင်းရောင် လူငယ်ပရဟိတအသင်းတို့ မေ ၁၇ ရက်တွင် ပူးတွဲထုတ်ပြန်သော စာရင်းအရ အစ္စလာမ်သာသနာ့ထုံးစံနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ပြီးစီးသည့် ရိုဟင်ဂျာဒုက္ခသည်ဦးရေ ၁၁၀ ရှိသည်၊ သေဆုံးသူဦးရေ ထို့ထက်ပို၍ တိုးလာနိုင်သည်ဟု သိရသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည်အများစုမှာ ပင်လယ်ကမ်းရိုးတန်းဘေးရှိ ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp ၊ ဒါးပိုင်ရွာ၊ အုန်းတောကြီးကျေးရွာ၊ ဘောဒူဗ ကျေးရွာနှင့် ဗေဒ (ဘော်ဂါဒိဝ်) ကျေးရွာများမှ ဖြစ်ပြီး ပျောက်ဆုံးနေသူ ရာနှင့်ချီ ရှိနေပြီး အတည်မပြုနိုင်သေးဟု မြေပြင်တွင် သတင်းအချက်အလက် ကောက်ယူနေသည့် ကျောင်းသားလူငယ် ကိုသိဏ်းရွှေက ပြောသည်။

“ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ လေ့လာတဲ့အခါမှာ မြေမြှုပ်သင်္ဂြိုဟ်တဲ့အထဲမှာက ၁၁၀ ရှိတယ်။ လက်ရှိက ပျောက်နေတဲ့အထဲမှာ သေတော့ သေတယ်၊ ပျောက်နေဆဲဖြစ်တာက ၁၃၀ လောက် ရှိပါတယ်” ဟု သူက ပြောသည်။ 

ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးရှိ ဗေဒါ (ဘော်ဂါဒဝ်) ကျေးရွာ တည်နေရာ။

စစ်တွေလေဆိပ်အနောက်ဘက်မှ စတင်ပြီး စစ်တွေနည်းပညာတက္ကသိုလ်အထိ ဘင်္ဂလားပင်လယ်အော်တစ်ဝိုက် ပင်လယ်ကမ်းစပ်အနီးတစ်ဝိုက်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၀ ခုကျော်၊ ရိုဟင်ဂျာကျေးရွာ ၁၀ ရွာကျော် တည်ရှိပြီး ထိုကျေးရွာများမှာ မိုခါမုန်တိုင်း ဖြတ်သန်းသည့် ဗဟိုချက်မအတွင်း တည်ရှိနေသည်။

ဗေဒါ (Bogadip)၊ ဘာဆာရာ (စံပြ) တို့ကဲ့သို့ ကျေးရွာများမှာ စစ်တွေတက္ကသိုလ်နှင့် စစ်တွေလေဆိပ်အနီးတွင် တည်ရှိပြီး ဘောဒူဗ၊ အုန်းတောကြီး၊ အုန်းတောချေတို့မှာ အတွင်းပိုင်း ပိုကျသည့် ဘင်္ဂလားပင်လယ်အော် ပင်လယ်ကမ်းစပ်တွင် တည်ရှိသည့် ရိုဟင်ဂျာကျေးရွာများ ဖြစ်ကြသည်။

ဗေဒါကျေးရွာ (Bogadip) ကျေးရွာသည် သဲချောင်းကျေးရွာအုပ်စုတွင် ပါဝင်သည်။ စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့် စစ်တွေမြို့ကို ချိတ်ဆက်ထားသော သဲချောင်းတံတားအနီးတွင် ရှိသည့် ဒါးပိုင်ကျေးရွာမှ မိနစ် ၄၀ ခန့် လမ်းလျှောက်လျှင် ရောက်သော ဘင်္ဂလားပင်လယ်အော်အစွန်းမှ တံငါရွာလေးတစ်ရွာဖြစ်သည်။

မိုခါမုန်တိုင်းကြောင့် သေဆုံးခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များ၏ သေဆုံး၊ ပျောက်ဆုံး စာရင်းများကို မြေပြင်တွင် စာရင်းကောက်ယူနေကြသူများထဲတွင် ဘုမေကျေးရွာတွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် ရိုဟင်ဂျာကျောင်းသား ကိုဇော်သီဟလည်း ပါသည်။

မိုခါမုန်တိုင်းဖြစ်ပွားအပြီး ၂ ရက်အကြာ မေ ၁၆ ရက်က ဗေဒါကျေးရွာ (Bogadip) သို့ ရောက်ရှိချိန်တွင် ကျေးရွာတစ်ခုလုံး တစ်အိမ်မျှ မကျန်တော့ဘဲ လူမရှိသည့် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိနေသကဲ့သို့ပင်ဖြစ်သည်ဟု ကိုဇော်သီဟက ပြန်ပြောပြသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ (ဘေးလွတ်ရာ တိမ်းရှောင်ရာမှ ပြန်လာသည့်) လူဦးရေ ၁၀၀ လောက်ပဲ တွေ့တယ်။ ဘေးလွတ်ရာကို ပြောင်းရွှေ့သွားတဲ့သူတွေ တဖြည်းဖြည်းနဲ့ (ပြန်) လာရင်းနဲ့ သူတို့မှာ (အိမ်ခြံ) မြေလဲ မရှိတော့ဘူး။ အခြေအနေက ကျွန်းဆွယ်တစ်ကျွန်းကို လူတွေ ရောက်လာပြီးတော့ ပြန်နေရသလိုပါပဲ။”

ဗေဒါကျေးရွာ ဥက္ကဋ္ဌ၏ မိသားစုဝင် ၄ ဦး အပါအဝင် သေဆုံးသူ ၃၀ ကို မြေမြှုပ်သင်္ဂြိုဟ်နိုင်ခဲ့သည်၊ လူဦးရေ ၃၀၀၀ ကျော်သည့်ရွာတွင် လူ ၁၀၀ ကျော်သာ စုစည်းနိုင်ပြီး လူပျောက်စာရင်းကို ပြုစုနေဆဲဖြစ်သည်ဟု သူက ဆက်ပြောသည်။

“တိုက်လိုပုံစံမျိုး အိမ်တွေပဲ ကျန်ခဲ့တယ်။ သူတို့က ပိုက်သည် (တံငါ) ရွာဆိုတော့ အဓိကလုပ်ငန်းက တံငါသည်လုပ်တာ။ သူတို့အိမ်တွေက ကြံ့ခိုင်မှုမရှိဘူး။ အဲဒီလိုအိမ်တွေက အကုန်လုံးပါသွားတယ်။ လုံးဝ ခြေရာတောင် မရှိဘူး” ဟု ကိုဇော်သီဟက ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာရွာ ဘာဆာလာ ပျက်စီးဆုံးရှုံးများကို မိုခါ မုန်တိုင်ဝင်အပြီး နှစ်ရက်အကြာ မေ ၁၆ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- SAI AUNG MAIN/AFP via Getty Images)

ပင်လယ်ကမ်းခြေနှင့် နီးသည့် ရိုဟင်ဂျာကျေးရွာများနှင့် ဒုက္ခသည်စခန်းအများစုမှာ ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းနိုင်ခဲ့သော်လည်း ဗေဒါရွာ( Bogadip) ဒေသခံ ရွာသားများမှာမူ ပြောင်းရွှေ့ရန် နေရာမရှိ၍ ကျန်ခဲ့ကြခြင်းဖြစ်သည်ဟု ထိုရွာအနီး သဲချောင်းကျေးရွာတွင် နေထိုင်သည့် မောင်သန်းနိုင်က ပြောသည်။

“ဒီရေတွေ ဝင်လာတော့ အကုန်လုံး ကြောက်သွားတယ်။ ကြောက်သွားပြီးတော့ ထွက်ပြေးတဲ့အချိန်မှာ လမ်းမှာ အကုန်လုံး ဒီရေဖြစ်နေပြီဆိုတော့ သူတို့အကုန်လုံး ကလေးတွေ မိန်းမတွေကို ကယ်လို့မရတော့ဘူး” ဟု ၎င်းက ပြောသည်။

ဗေဒါရွာ (ဘော်ဂါဒိဝ်) ကဲ့သို့ပင် စစ်တွေလေဆိပ် အနောက်ဘက် ပင်လယ်ကမ်းခြေတွင် တည်ရှိသည့် ဘာဆာရာကျေးရွာတွင်လည်း မိုခါမုန်တိုင်းကြောင့် သေဆုံးသူ များပြားသည်။

ဘာဆာရာကျေးရွာ ရာအိမ်မှူး ဦးရောရှိတ်ကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ဘာဆာရာကျေးရွာတွင် နေထိုင်ပြီး ပင်လယ်ကမ်းခြေနှင့် ပိုမိုနီးကပ်သည့် နေအိမ်များမှ ရိုဟင်ဂျာဒုက္ခသည်တစ်ချို့ ထွက်ပြေးရန် ပြင်ဆင်နေချိန်တွင် ဒီရေလှိုင်း ကြီးမားလာပြီး လှိုင်းထဲ မျောပါ သေဆုံးရခြင်းဖြစ်သည်ဟု ထိုရွာ၏ ရာအိမ်မှူး ဦးရောရှိတ်က ပြောသည်။

သေဆုံးသူများတွင် မဇူဘီ (၂၅ နှစ်)၊ အလီယစ် (၃၀ နှစ်)၊ မမဝတ်အစ် (၇ နှစ်)၊ ခင်ခင်အေး (၈) နှစ်အပါအဝင် ၁၀ ဦး ပါဝင်သည်။

“အိမ်မှာ ဒူးလောက် ရေတက်လာတော့ ကျနော်တို့ စစ်တွေလေဆိပ်တာဝါအောက်မှာ သွားနေပါတယ်။ တခြားသူတွေလည်း ကျန်လိုက်တာ မဟုတ်ပါဘူး။ ရေက ကျနော်နဲ့ ဒူးလောက်ဆိုရင် သူတို့နဲ့လည်း အဲ့လောက်၊ ခါးလောက်ပါ။ သူတို့ လေပြင်းတိုက်ခတ်တဲ့အချိန် လဲကျသွားပြီး မျောပါသွားတာပါ” ဟု ဦးရောရှိတ်က ထိုနေ့အဖြစ်အပျက်ကို ပြန်ပြောပြသည်။

ဘာဆာရာကျေးရွာခံ အသက် ၁၈ နှစ်အရွယ် ကိုကျော်လှစိန်ကမူ အာဏာပိုင်များ၏ မုန်တိုင်းအသိပညာပေးမှု အားနည်းခြင်းကြောင့် အစ်မဖြစ်သူနှင့် မိသားစုဝင် လေးဦး သေဆုံးခဲ့ရသည့် အဖြစ်ဆိုးကို မချိတင်ကဲဖြစ်နေသည်။

“ရေတွေ မြင့်တက်လာတယ်ဆိုတော့ အစ်မက သားသမီးလေးယောက်ကို ချီပြီး ပြေးတာမှာ လဲကျသွားတယ်။ ဆွဲလို့ မရလိုက်ဘူး။ ရေထဲကို မျောပါသွားတယ်” ဟု သူက မုန်တိုင်းတိုက်သည့် မေ ၁၄ ရက်က သူတွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောပြသည်။

မြေပြင်တွင် သေဆုံး၊ ပျောက်ဆုံး စာရင်းများ ကောက်ယူနေသူ ကျောင်းသားလူငယ်များ၏ ထုတ်ပြန်ချက်အရ ဘာဆာရာ (စံပြ) ရွာတွင် ၂၀ ဦးကို မြေမြှုပ်သင်္ဂြိုဟ်နိုင်ခဲ့ပြီး သေဆုံးသွားသည်ဟု ယူဆရသူ ၃၀ ရှိနေသည်။

ထိုရိုဟင်ဂျာဒုက္ခသည်စခန်းများနှင့် ကျေးရွာများတွင် အသေအပျောက်စာရင်း ကောက်ယူနေသူများထဲတွင် သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်သူ ရိုဟင်ဂျာလူငယ် ကိုအောင်ဇော်ဟိန်းလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ 

လူဦးရေ တစ်သောင်းကျော်ရှိသည့် ဘောဒူဗ Camp တစ်ခုလုံး ပျက်စီးသွားပြီး အုန်တောကြီး၊ အုန်းတောချေ၊ စေတမာကြီး ဒုက္ခသည်စခန်းများလည်း ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားကာ အသေအပျောက်စာရင်း တိုးလာနေသည်ဟု ယမန်နေ့ (မေ ၁၆) က ထိုစခန်းများကို ကွင်းဆင်းလေ့လာခဲ့သူ ကိုအောင်ဇော်ဟိန်းက မြေပြင်အခြေအနေကို ပြောပြသည်။

“ဘောဒူဗ Camp တစ်ခုလုံး ပျက်စီးသွားတာ။ နေဖို့ဆိုတာ မပြောနဲ့ ကျွန်တော်တို့ ဆိုင်ကယ်နဲ့ သွားဖို့တောင် လမ်းမရှိဘူး။ အပင်တွေ ကျပြီးတော့ Camp တစ်ခုလုံး ပျက်စီးသွားပြီ။ အကုန်လုံး ပျက်စီးတာ။ ၁၀၀ ရာခိုင်နှုန်း ပျက်စီးတာ။ ဘောဒူဗ၊ အုန်းတောကြီး၊ အုန်းတောချေ Camp၊ စေတမာကြီး ဘာမှ မကျန်ဘူးတော့ဘူး” ဟု သူက ပြောသည်။ 

မိုခါမုန်တိုင်း ဦးတည်တိုက်ခတ်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပျက်စီးဆုံးရှုံးများကို မေ ၁၇ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-Getty Image)

ရိုဟင်ဂျာများ ပြေးစရာ မြေမရှိ

၂၀၂၂ ပြည့်နှစ်က စာရင်းများအရ စစ်တွေမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၁၃ ခုရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော် ရှိသည်။

ထိုဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် ရိုဟင်ဂျာအရေးအခင်းတွင် ၎င်းတို့ နေထိုင်ရာ နေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသူများဖြစ်သည်။

အစိုးရအဆက်ဆက်က ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ နေရပ်ဒေသတွင်းမှလွဲ၍ မည်သည့်အရပ်ကိုမျှ ခရီးသွားခွင့်မရှိ၊ ရခိုင်ပြည်နယ်ပြင်ပတွင် တွေ့ရှိလျှင် ဖမ်းဆီးခံနေရသည်။ ထို့ပြင် ပညာသင်ကြားခွင့်မရှိဘဲ ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံစားရပြီး အသက်ဘေးမှ လွတ်မြောက်လာသူများထဲတွင် ၂၀၁၂ ရိုဟင်ဂျာအရေးအခင်းနောက်ပိုင်း စစ်တွေတက္ကသိုလ်အနီးရှိ သူနေထိုင်ရာ နာဇီကျေးရွာ ဖျက်ဆီးခံခဲ့ရပြီး သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသူ Brights Islam လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

မုန်တိုင်းသတင်းကို ကြိုသိခဲ့သော်လည်း ပြေးစရာ မြေမရှိ၍ အသက် ၈၀ အရွယ် မိခင်နှင့် အမျိုးသမီးများကိုသာ ဘေးလွတ်ရာသို့ ပို့ဆောင်ခဲ့ရပြီး ၁၀ ပေခန့် ကျယ်ဝန်းသည့် သက္ကယ်ပြင် ဒုက္ခသည်စခန်းရှိ အခန်းကျဉ်းထဲတွင်သာ ဘာသာရေးကို အာရုံပြု၍ နေခဲ့ရသည်ဟု Brights Islam က ပြောသည်။

“ကျွန်တော်တို့မှာက အိမ်ဆိုတာ မရှိပါဘူး။ နာဇီမြို့ပေါ်မှာ နေခဲ့တဲ့သူတွေလေ။ ကျွန်တော်တို့ရဲ့အိမ်တွေ အဲဒီမှာပဲ မီးလောင်ခဲ့ရတယ်။ နောက်တော့ ကျွန်တော်တို့ကို IDP စခန်းကနေ ဒီ သက္ကယ်ပြင်စခန်းကို ရွှေ့လိုက်တာ” ဟု လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်က အဖြစ်အပျက်ကို သူက ပြန်ပြောပြသည်။

ပြောင်းရွှေ့စရာ မြေမရှိသည့် ပင်လယ်ဘေး ဒုက္ခသည်စခန်း ယာယီတဲများတွင် နေထိုင်ရသည့် ရိုဟင်ဂျာဒုက္ခသည်များမှာ မိုခါမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ သေဆုံးသူအရေအတွက် တိုးလာမည်သာဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ပြောင်းရွှေ့ကြ၊ ပြောင်းရွှေ့ကြဆိုပေမဲ့ ကျွန်တော်တို့က ဘယ်ကို ပြောင်းရွှေ့ရမှာလဲ။ အကုန်လုံးက ပြည့်နေပြီ။ IDP စခန်းမှာ နေရတဲ့သူတွေကို သဘာဝဘေးအန္တရာယ် တစ်ခုခု ဖြစ်လာမယ်ဆိုရင် ခိုင်မာတဲ့ အဆောက်အအုံတွေ ကြိုတင် တည်ဆောက်ပေးထားဖို့ လိုပါတယ်” ဟု Brights Islam က ပြောသည်။

မုန်တိုင်းမဝင်မီ တစ်ရက်အလို မေ ၁၃ ရက် ညနေပိုင်းတွင် မုန်တိုင်းသတိပေးချက်ကို စစ်ကောင်စီက အသံချဲ့စက်များဖြင့် လာရောက်ဖွင့်ပြသွားသည်မှအပ ဘေးလွတ်ရာ ရှောင်တိမ်းရန် နေရာမရှိ၊ ဒေသတွင်း၌ မုန်တိုင်းဒဏ်ခံအဆောက်အအုံ မရှိ၍ ရိုဟင်ဂျာများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သဲချောင်းတံတားအနီးရှိ ဆီတာဒယ်ကျေးရွာတွင် နေထိုင်သူ ကိုချစ်ဆွေက​ ပြောသည်။

“အိမ်မှာ မနေရဘူးဆိုရင် ဘယ်သူမှ သေမှာမဟုတ်ဘူး။ ဒီမှာ (ဆီတာဒယ်) အပင်လဲကျလို့ (သေ) သွားတာလည်း ရှိတယ်။ ရေမှာ မျောပါသွားတာလည်း ရှိတယ်။ လေးယောက်ကတော့ အိမ်ထဲမှာ နေကြတယ်။ အပင်က နှစ်ပင်လဲကျလို့ သေသွားတာ။ ကလေးသုံးယောက်နဲ့ အမေတစ်ယောက်။ နောက်လေးယောက်ကတော့ ရေမှာ မျောပါသွားတာ” ဟု ကိုချစ်ဆွေက ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာရွာ ဘာဆာလာ ပျက်စီးဆုံးရှုံးများကို မိုခါမုန်တိုင်ဝင်အပြီး နှစ်ရက်အကြာ မေ ၁၆ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- SAI AUNG MAIN/AFP via Getty Images)

အကူအညီမဲ့နေသည့် နိုင်ငံမဲ့ ဒုက္ခသည်များ

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာတို့၏ အခြေအနေများကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဒုက္ခသည်စခန်းများကို ဝင်ရောက် စိစစ်နိုင်ရေး စစ်ကောင်စီထံမှ ခွင့်ပြုချက်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယမန်နေ့ (မေ ၁၆) ရက်တွင် ပြောထားသည်။

“ရခိုင်ပြည်နယ်နဲ့ အခြား မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေမှာ သေဆုံးမှုတွေ ရှိနေတဲ့အကြောင်း သိရတဲ့အတွက် UNHCR အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ကနဦးရတဲ့ အချက်အလက်တွေအရ ဒုက္ခသည်စခန်းတွေမှာ ရေနစ်သေဆုံးကြတာပါ။ ပျောက်ဆုံးနေတာတွေလည်း ရှိပါတယ်” ဟု UNHCR ၏ ပြန်ကြားရေးအရာရှိ Reuben Lim က ဆိုသည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် UNHCR အနေဖြင့် ဒုက္ခသည်စခန်းများကို ဝင်ရောက် စိစစ်နိုင်ရေး ကြိုးပမ်းနေဆဲဖြစ်သည်ဟု သူက ပြောသည်။

နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဝင်ရောက် ကူညီခွင့်ရရှိရန် လျှောက်ထားသော်လည်း စစ်တပ်က ခွင့်ပြုမိန့် မချပေး၍ အခက်ကြုံနေရသည်ဟု သက္ကယ်ပြင်ရွာတွင် နေထိုင်ပြီး ရိုဟင်ဂျာဒုက္ခသည်များကို အကူအညီပေးနေသူတစ်ဦးက မုန်တိုင်းမတိုင်မီ မေ ၁၄ တွင် Myanmar Now ကို ပြောသည်။

“တခြားလူတွေ၊ NGO အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ကတော့ လှုပ်ရှားလို့မရဘူး။ သူတို့မှာ TA ဆိုတဲ့ ခွင့်ပြုချက်မရှိတဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင် ကွင်းဆင်းပြီးတော့ ဘာတစ်ခုမှ လုပ်လို့မရဘူး။ သူတို့ အကုန်လုံးကတော့ Emergency Response အနေနဲ့ ဒီမုန်တိုင်း ပြီးသွားရင်တော့ အကုန်လုံးက ပြင်ဆင်ထားပြီးပါပြီ” ဟု သူက ပြောသည်။

သို့သော်လည်း မိုခါမုန်တိုင်း တိုက်ခတ်အပြီး ၃ ရက်အကြာ မေ ၁၇ အထိ ကူရာမဲ့ ရိုဟင်ဂျာများထံသို့ မည်သည့်အကူအညီမျှ မရောက်လာသေးပေ။

စစ်အာဏာသိမ်းမှု၊ သဘာဝဘေးအန္တရာယ်အပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု ပျောက်ဆုံးမှုတို့၏ နောက်ကွယ်တွင် ဗေဒါကျေးရွာ (ဘော်ဂါဒိဝ်) ၌ နေထိုင်သော ကိုမောင်စိန်မှာ သူချစ်ရသည့် ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် သားငယ်ကို ဆုံးရှုံးလိုက်ရသည့်အဖြစ်ကို ဖြေမဆည်နိုင် ဖြစ်နေရသည်။

“အရမ်းကြီး ခံစားရပါတယ်။ အခု ကျွန်တော်နဲ့ ကျွန်တော့် ကလေး ၂ ယောက်ပဲ ကျန်ခဲ့ပါတယ်။ ကျွန်တော် အသက်ဘယ်လိုရှင်ခဲ့ရသလဲ အလ္လာရှင်မြတ်ပဲ သိမှာပါ” ဟု ကိုမောင်စိန်က ပြောလိုက်သည်။

မိုခါမုန်တိုင်း ဖြတ်သန်း တိုက်ခတ်သွားပြီးနောက် စစ်တွေမြို့ ခေါင်းဒုက္ကာ ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ ကျိုးသွားသော တံတားအနီး ဖြတ်သန်းသွားလာနေသူများကို မေ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-SAI AUNG MAIN/AFP via Getty Images)

(ကိုချို၊ မျိုးသစ်၊ ပိုးဥတို့ ပူးပေါင်းရေးသားသည်)

Show More

Related Articles

Back to top button