မင်းအောင်လှိုင်၏ အကြမ်းဖက်နှိမ်နှင်းရေးအမည်ခံ “အကုန်သတ်” လမ်းစဉ်

နိုင်ငံတကာက ကြေညာချက်များ ထုတ်ပြန်နေချိန်မှာပင် အာဏာသိမ်းခေါင်းဆောင်များက ဒေသအသီးသီးတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

၂၀၂၁ ဒီဇင်ဘာတွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး ခရီးသည်များ၊ မော်တော်ယာဥ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။ (ဓာတ်ပုံ − KNDF)

စစ်ကောင်စီသည် ၎င်းတို့ စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေများတွင် အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး အမည်ခံ၍ ဖျက်အားပြင်းလက်နက်များအသုံးပြုပြီး အရပ်သားပြည်သူများကို ခွဲခြားမှုမရှိဘဲ အစုအပြုံလိုက်သတ်ဖြတ်လာနေသည်။ 

ပဇီကြီးရွာ ဖြစ်စဉ်အရ တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်းမရှိသော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများသည် အာဏာချုပ်ကိုင်နိုင်ရေးအတွက် ၎င်းတို့ကို ဆန့်ကျင်သော ပြည်သူများကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြီး “အကုန်သတ်” လမ်းစဉ် ကျင့်သုံးလာခြင်း ဖြစ်သည်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါ လေကြောင်းတိုက်ခိုက်မှုအပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ပြည်သူများကို လေကြောင်းမှပင် တိုက်ခိုက်ရာမှ  ၁၇၀ ခန့် အစုအပြုံလိုက် သေဆုံးခဲ့ခြင်းက မင်းအောင်လှိုင် ထိုလမ်းစဉ်ကို ကျင့်သုံးနေကြောင်း ထပ်မံအတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

အနန့်ပါနှင့် ပဇီကြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ကြိုတင်ထောက်လှမ်းသတင်းရရှိခြင်း၊ အရပ်သားပြည်သူများ တစ်စုတစ်ဝေးတည်းရှိနေခြင်းကို ရှောင်ရှားခြင်းမရှိဘဲ ပစ်မှတ်ကို အတိအကျထိမှန်သော ဖျက်အားပြင်းလက်နက်ကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ အစုအပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံပြောကြားလာပါသည်။ 

ထိုအချက်ကို အတည်ပြုပြောကြားခဲ့သူမှာ ဧပြီလ ၁၅ ရက်နေ့ Al Jazeera သတင်းဌာနက ထုတ်လွှင့်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် မင်းအောင်လှိုင်၏ လက်ရုံး၊ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကိုယ်တိုင်ဖြစ်သည်။ 

ဇော်မင်းထွန်း၏ ဝန်ခံချက်အရ စစ်ကောင်စီသည် ၎င်းတို့ စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေများရှိ အရပ်သားပြည်သူများကို ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်းစွမ်း စသဖြင့် လုံးဝခွဲခြားမှု မရှိဘဲ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြောင်း ပေါ်လွင်ထင်ရှားစေခဲ့သည်။ 

ထို့ကြောင့် ပဇီကြီးဖြစ်စဉ်တွင် ကလေး အယောက် ၄၀၊ အသက် ၆၀ ကျော် လူကြီးပိုင်း ၁၀ ယောက် အပါအဝင် အရပ်သားပြည်သူ ၁၇၀ ခန့်ကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းက မင်းအောင်လှိုင်၏ “အကုန်သတ်” လမ်းစဉ်ကို ကျင့်သုံးနေကြောင်း အထင်ရှားဆုံးသက်သေပြခဲ့ခြင်း ဖြစ်သည်။ 

ထန်တလန်မြို့မှ ၅ မိုင်ခန့်အကွာ အိမ်ခြေ ၇၀ ကျော်သာ ရှိသည့် ခွာဖိုးရွာကို စစ်လေယာဉ် ၂ စီးက မတ် ၃၀ ရက် နံနက်က ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။
ထန်တလန်မြို့မှ ၅ မိုင်ခန့်အကွာ အိမ်ခြေ ၇၀ ကျော်သာ ရှိသည့် ခွာဖိုးရွာကို စစ်လေယာဉ် ၂ စီးက မတ် ၃၀ ရက် နံနက်က ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။

မင်းအောင်လှိုင်ကို ကြိုးစင်တင်မည့် Al Jazeera မေးခွန်း

Al Jazeera သတင်းထောက် Tony Cheng က သက်သေအထောက်အထားခိုင်လုံသော စစ်တပ်၏ အစုအပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး၊ ကချင်ပြည်နယ် ဖားကန့်ဒေသ အနန့်ပါဖြစ်စဉ်နှင့် ကယားပြည်နယ် မိုဆိုဖြစ်စဉ်များကို ထောက်ပြလျက် စစ်တပ်၏ အရပ်သားပြည်သူများကို အစုအပြုံလိုက်သတ်ဖြတ်နေခြင်းမှာ စစ်တပ်၏ မြေပြင်တပ်ဖွဲ့ဝင်များက သူတို့သဘောဆန္ဒဖြင့် လုပ်ဆောင်နေခြင်းလား၊ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများက အမိန်ပေးစေခိုင်းခဲ့ခြင်းလားဟု မေးမြန်းခဲ့သည်။

ထိုမေးခွန်းသည် နိုင်ငံတကာတရားဥပဒေအရ အလွန်အရေးကြီးပြီး၊ ဇော်မင်းထွန်း၏ ဖြေကြားချက်များမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မင်းအောင်လှိုင်နှင့် စစ်တပ်၏ အရပ်သားပြည်သူများကို သတ်ဖြတ်နေခြင်းအား စစ်တပ်ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တစ်ဦး၏ တရားဝင်ဝန်ခံချက်အဖြစ် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် တရားစွဲနိုင်လောက်သည့် သက်သေအထောက်အထား ဖြစ်လာနိုင်ပါသည်။ 

ဇော်မင်းထွန်း၏ ဖြေဆိုချက်များတွင် ပထမဆုံး အရေးကြီးသည့်အချက်မှာ မိုဆိုနှင့် အနန့်ပါ ဖြစ်စဉ်များတွင် စစ်တပ်က အရပ်သားပြည်သူများကို အစုအပြုံလိုက်သတ်ဖြတ်ကျူးလွန်ခြင်းကို ငြင်းဆန်ခဲ့ခြင်း မရှိပါ။ ယင်းသည် စစ်ကောင်စီ၏ လူအစုအပြုံလိုက် သေစေနိုင်သော ဖျက်အားပြင်းလက်နက်များသုံးသည့် အကုန်သတ်လမ်းစဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ မူဝါဒပိုင်း တရားဝင်ပြောရေးဆိုခွင့်ရှိသူ စစ်ဗိုလ်ချုပ်တစ်ဦး၏ လူသိရှင်ကြား ဝန်ခံထွက်ဆိုချက် ဖြစ်ပေသည်။ 

ဒုတိယအရေးကြီးသည့်အချက်မှာ Tony Cheng ၏ အမေးကို ပြန်လည်တုံ့ပြန်ရာတွင် ဇော်မင်းထွန်းက တန်ပြန်အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး (Counter-terrorism Operation) အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖြေဆိုသည်။ ထို့ကြောင့် မိုဆို၊ အနန့်ပါနှင့် ယခုနောက်ဆုံး ဖြစ်ပွားခဲ့သော ပဇီကြီး အစုအပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်များတွင် မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများ တိုက်ရိုက်အမိန့်ပေး စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်သည်။  

Al Jazeera သတင်းထောက်၏ မေးခွန်းကို ခုခံကာကွယ်ရင်း ဇော်မင်းထွန်းသည် အနန့်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောဆိုရာ၌ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တည်နေရာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲ အရပ်သား ၂ ဦးသာ ပါဝင်ကြောင်း၊ ကျန်သူများမှာ KIA (ကချင် လွတ်လပ်ရေးတပ်မတော်) အဖွဲ့ဝင်များသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

သို့သော် ယနေ့အချိန်ထိ KIA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားခြင်းမရှိသဖြင့်၊ ဇော်မင်းထွန်း၏ တန်ပြန်အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးအရ ဆောင်ရွက်သည်ဟု ပြောဆိုချက်နှင့် ရှေ့နောက် ညီညွတ်ခြင်းမရှိဘဲ ဖြစ်နေသည်။

ဇော်မင်းထွန်း၏အဖြေကို မကျေနပ်ဟန်ဖြင့် Tony Cheng က “အဲ့နေရာက KIA ထိန်းချုပ်နယ်မြေ မှန်ပေမဲ့ တေးဂီတဖျော်ဖြေပွဲတစ်ခုပဲ မဟုတ်ဖူးလား၊ ဒါက သက်သေအထောက်အထား အထင်အရှားရှိနေတာပဲလေ” ဟု ပြန်လှန်မေးခွန်းထုတ်သည့်အခါ၊ ၎င်းက “ကျွန်တော်ပြောမယ်၊ ဒီမှာဖြစ်ခဲ့တဲ့ဟာသည် ပျော်ပွဲရွှင်ပွဲသည် KIA က ဦးစီးပြီး လုပ်တာဖြစ်ပါတယ်၊ သေဆုံးသူတွေဟာလည်း KIA တပ်သားတွေပဲဖြစ်တယ်” ဟု တုံ့ပြန်ခဲ့သည်။   

မင်းအောင်လှိုင်ကို နိုင်ငံတကာခုံရုံးတင်နိုင်မည့် Tony Cheng ၏ မေးခွန်းက ဇော်မင်းထွန်းကို အကျပ်ရိုက်စေခဲ့သည်မှာ ၎င်း၏ ဝေ့ဝိုက်ဖြေဆိုနေရသော အခြေအနေက ထင်ရှားစေသည်။ ဇော်မင်းထွန်း၏ “တန်ပြန်အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးအရ ဆောင်ရွက်ခဲ့ခြင်း” ဆိုသည့် ပြောဆိုချက်သည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာ ၃၀၀ ကျော်ကို မီးရှို့ပြီး၊ အရေအတွက်အတိအကျမသိသော ရိုဟင်ဂျာအမြောက်အမြားကို အိမ်တွေနှင့်အတူ သတ်ဖြတ်မီးရှို့ကာ လက်စဖျောက်ခဲ့သော “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး” (Clearance Operation) နှင့် အလားသဏ္ဌာန်တူနေပြီး၊ စစ်တပ်၏ အကြမ်းဖက်မှုသရုပ်မှန်အဖြစ် ထပ်မံ တွေ့မြင်ရသည်။ 

ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများ။
ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများ။

ကမ္ဘာကြီးက စစ်မိစ္ဆာများကို အမြန်ဆုံးအရေးယူရန် လိုအပ်နေ

ရိုဟင်ဂျာများအပေါ် မင်းအောင်လှိုင်နှင့် ၎င်း၏စစ်တပ် ကျူးလွန်ထားမှုများကို တာဝန်ခံမှု ရှိလာစေရန် ကမ္ဘာကြီး၏ ကြိုးပမ်းမှုများ မအောင်မြင်သေးချိန်တွင် စစ်မိစ္ဆာများက အပြစ်မဲ့ အရပ်သားပြည်သူများကို အစုအပြုံလိုက်သတ်ဖြတ်ခြင်းမှာ “တန်ပြန်အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေး” ဖြစ်သည်ဟု ဆိုပြီး အောင်ပွဲခံနေသည်။ 

ထို့ပြင် မင်းအောင်လှိုင်၏ “အကုန်သတ်လမ်းစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးမယူနိုင်စေရန် “ပြည်တွင်းရေး” အဖြစ် ရုရှားနှင့် တရုတ်နိုင်ငံတို့က ကာကွယ်ပိတ်ဆို့ခဲ့ခြင်းက ခွင့်လွှတ်စရာမရှိသော အရှက်သိက္ခာမဲ့လုပ်ရပ်ဖြစ်သည်။

ရုရှားနှင့် တရုတ်တို့၏လုပ်ရပ်ကိုလည်း မြန်မာပြည်သူများ မေ့မသွားမသင့်ပေ။

၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗန်းရှင်း အပါအဝင် နိုင်ငံတကာဥပဒေများအရ အကြမ်းဖက်နှိမ်နှင်းရေးဟု အကြောင်းပြ စစ်ဆင်ရေး ပြုလုပ်ပြီး၊ ဆန့်ကျင်ဘက်လက်နက်ကိုင်အဖွဲ့အစည်း နယ်မြေတွင်ရှိနေသော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သားပြည်သူများကို အစုအပြုံလိုက်သတ်ဖြတ်ခြင်းမှာ တရားဥပဒေနှင့် ညီသည်ဟု မည်သည့်အစိုးရ၊ အဖွဲ့အစည်းကမျှ ပြောဆိုခွင့်မရှိပါ။ 

ထိုလုပ်ရပ်သည် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သော်လည်း စစ်ကောင်စီက နိုင်ငံတကာဥပဒေများကို ဂရုမစိုက်ကြောင်း ဇော်မင်းထွန်း၏ ပြောဆိုချက်များက သက်သေပြနေသည်။ 

စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ ရာဇဝတ်မှုလုပ်ရပ်အားလုံးကို ပြည်တွင်းဥပဒေများဖြင့် တရားဝင်အောင် လုပ်ဆောင်နေသည်ဆိုသည့် အချက်မှာ ထင်ရှားနေသဖြင့်၊ နိုင်ငံတကာတရားရေးစနစ်ကသာ မြန်မာပြည်သူများကို ကာကွယ်ပေးခြင်းမရှိလျှင် စစ်တပ်၏ ပိုမိုဆိုးရွားပြင်းထန်သော အစုအပြုံလိုက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူတို့၏ အသက်ပေါင်းများစွာ စတေးခံနေရဦးမည် ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက ၂ နှစ်ကျော်လာသည်အထိ နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူများ၏ ဒီမိုကရေစီစနစ်ကို ခုခံကာကွယ်နေပုံနှင့် ပတ်သက်ပြီး ကမ္ဘာကြီးက ချီးကျူးနေရုံမျှဖြင့်၊ ၎င်းတို့နှင့်အတူ ရပ်တည်နေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော ကမ္ဘာ့ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုနေရုံမျှဖြင့် မြန်မာစစ်မိစ္ဆာများ ဖျက်အားပြင်းလက်နက်သုံးပြီး  ကိုယ့်ပြည်သူအပေါ် ရက်ရက်စက်စက်သတ်ဖြတ်နေမှုများ ရပ်တန့်သွားမည် မဟုတ်ပါ။ 

မြန်မာပြည်သူများသည် လူသား၏ အခြေခံအခွင့်အရေးဖြစ်သော အသက်ရှင်သန်ခွင့်ကို အခြားနိုင်ငံများမှ လူသားများကဲ့သို့ ရရှိသင့်ပါသည်။ ထိုအခြေခံအခွင့်အရေးကို လေးစားတန်ဖိုးထားလျှင် ကမ္ဘာ့ခေါင်းဆောင်များသည် ၎င်းတို့၏ ကိုယ်ကျင့်သိက္ခာအရ တာဝန်ရှိမှု (Moral Responsibility) ကို လျစ်လျူမရှုသင့်ဘဲ စစ်မိစ္ဆာ စစ်ဗိုလ်ချုပ်များကို အရေးယူအပြစ်ပေးနိုင်ရေး အချိန်မနှောင်းခင် ဝိုင်းဝန်းကြိုးပမ်းသင့်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။

လူသတ်ရန် ငွေဖြုန်းပြီး လူကယ်ရန် ငွေမသုံးသည့် မင်းအောင်လှိုင်

စစ်ခေါင်းဆောင်သည် ကိုယ်တိုင်ထုတ်ပြန်ထားသည့် တည်မြဲအမိန့်နှင့် ဥပဒေများကို လျစ်လျူရှုထားပြီး အရေးပေါ်ရန်ပုံငွေ ထုတ်သုံးရမည်ကိုလည်း မေ့လျော့ဟန် ဆောင်​လျက်ရှိသည်။

စစ်တပ်ကြောင့် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာ၊ တိုင်းပြည်ပြိုကွဲမှုဆီ ဦးတည်နေ

အာဏာသိမ်းစကတည်းက နိုင်ငံတကာ၏ တောင်းဆိုမှုများကို ယနေ့အချိန်ထိ ငြင်းဆန်ပြီး၊ တိုင်းပြည်တွင် ပြည်တွင်းစစ်မီး ကျယ်ပြန့်စေခဲ့သူမှာ မြန်မာစစ်တပ်သာ ဖြစ်သည်။

နိုင်ငံရေးထွက်ပေါက်ပိတ်နေချိန်တွင် ခြေရှုပ်လာသူများ

အာဏာသိမ်းခေါင်းဆောင်က ထွက်ပေါက်ကို ကိုယ်တိုင်ပိတ်လိုက်ချိန်တွင် ကန့်လန့်ကာနောက်ကွယ်မှ အာဏာရှင်ဟောင်းများ၊ ငြိမ်းချမ်းရေးပွဲစားများလည်း ခြေရှုပ်လာကြသည်။

စစ်ခေါင်းဆောင်အဆက်ဆက် ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ NLD ပြိုကွဲရေး ဗျူဟာ

အင်အားကြီး NLD ပါတီ ပျက်စီး၊ အင်အားချည့်နဲ့သွားရန် အာဏာသိမ်းစစ်ဗိုလ်ချုပ်များ ကာလကြာရှည် ကြိုးစားလာကြသည်၊ ပါတီမှ ခွဲထွက်သည့် ဖြစ်ရပ်တချို့သာ ပေါ်ပေါက်လာသည်။