မေးမြန်းခန်း

“ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ” –  ဖားကန့်ဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံရသူ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အကြိုနေ့ အောက်တိုဘာ ၂၃ ရက်ည ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲသည်။

ထိုဖြစ်စဉ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ မှ ထိပ်တန်းအရာရှိ ၄ ဦး အပါအဝင် ၆၂ ဦး သေဆုံးသည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ဒဏ်ရာရသူ ရာဂဏန်းရှိပြီး ဖားကန့်၊ မြစ်ကြီးနားသို့ ပို့ဆောင်ကုသရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီတပ်က ခွင့်မပြုသဖြင့် သေဆုံးသူ ဦးရေ တိုးနေသည်ဟု ကူညီကယ်ဆယ်ရေးသမားတို့ထံမှ သိရသည်။

အင်တာနက်နှင့် ဖုန်းလိုင်း မမိသည့် အနန့်ပါဒေသ အခြေအနေအသေးစိတ်ကို အတည်ပြုရခက်နေသည်။ သို့သော် ထိုဖြစ်စဉ်အတွင်း ပွဲခင်းထဲတွင် ကိုယ်တိုင်ရှိနေခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်လာသူ ဒေသခံ အမျိုးသားတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားမှာ ဗုံးကြဲတိုက်ခိုက်မှုအပြီး တစ်ရက်အကြာ အောက်တိုဘာ ၂၄ ရက်တွင် နေထိုင်ရာ အရပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

မေး –  ဗုံးကြဲခံရတဲ့ညက အခြေအနေကို ပြောပြပေးနိုင်လား။

ဖြေ – အဲဒီနေ့ညက ကျွန်တော်က စတိတ်ရှိုးကြည့်နေတာ။ ဗုံးကြဲပြီးတော့ ဘာမှ မသိတော့ဘူး။ ကျွန်တော်လည်း လွတ်ရာ ပြေးရတာ။ မနက်ပိုင်းကတော့ အဲဒီနေရာမှာ မရှိဘူး။ ညနေပိုင်းမှာမှ စတိတ်ရှိုးရှိလို့ သွားတာ။ ဗုံးကြဲတဲ့အချိန်မှာ သီချင်းဆိုနေကြတာ။ စတိတ်ရှိုးစင်မှာ ကျတာ။ ဗုံးပေါက်ပြီးတော့ ဘာမှ မသိတော့ဘူး။ လွတ်ရာ ပြေးရတာ။ ကွင်းပြင်ဘယ်ဘက်က တောထဲကို ပြေးရတာ။ တစ်ခါမှ မကြုံဖူးဘူးဆိုတော့ ကိုယ့်ဘာသာ လွတ်အောင် ပြေးတာ။ 

မေး –  ဗုံးမကြဲခင်လေးမှာ ဘယ်သူသီချင်းဆိုနေတာလဲ။

ဖြေ – အဲဒီတစ်ယောက်ကို နာမည်တော့ မမှတ်ဘူး။ သူက သီချင်းတောင် မဆိုရသေးဘူး။ ဆိုဖို့ ပြင်နေတုန်း ဗုံးလာကျတာ။ သူဆိုတော့ ပွဲအစီအစဉ် နောက်ဆုံးအချိန်ကို ရောက်နေပြီ။ ကျွန်တော်လည်း စတိတ်ရှိုးရှိတယ်၊ ဖျော်ဖြေပွဲရှိတယ်ဆိုလို့ သွားတာ။ အဲဒီမှာ သီချင်းဆိုတယ်။ ပြီးတော့ အကတစ်ပုဒ်၊ နှစ်ပုဒ်နဲ့ ဖျော်ဖြေတယ်။ ပွဲမှာ ဘယ်သူတွေရှိလဲ မသိဘူး။ အဲဒီနေရာကို မရောက်ဖူးဘူး။ ပွဲရှိတယ်ဆိုလို့ ကျွန်တော်သွားတာ။ 

မေး –  ပွဲခင်းရဲ့ ဘယ်နားကနေ ကြည့်နေတာလဲ။ ဗုံးကျတဲ့နေရာမှာ ဘယ်သူတွေရှိလဲ။ ဘာတွေလုပ်နေကြလဲ။

ဖြေ – ကျွန်တော်က ပွဲခင်းရဲ့ ဘယ်ဘက်အခြမ်း၊ အပြင်ဘက်ကနေပဲ ကြည့်တာပေါ့။ သီချင်းဆိုတာဆိုတော့ ကခုန်တာတွေ ဘာတွေတော့ မရှိပါဘူး။ ကျွန်တော်ရှေ့မှာတော့ လူငယ်တွေရော၊ လူကြီးပိုင်းတွေရော အကုန်ရှိနေတာ။ 

မေး –  ဗုံးက ဘယ်နေရာတွေမှာ ကျသွားလဲ။ 

ဖြေ –  ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ။ ပွဲခင်းထဲကိုတော့ ဗုံးတစ်လုံးပဲ​ ကျတာ။ ကျွန်တော်ရှေ့မှာ (ခပ်ဝေးဝေးမှာ) ကျတာ။ ကျွန်တော် (ပြေးတော့) နောက်မှာ မီးလင်း(တောက်)နေတာပဲ တွေ့တာ။ …မီးက တော်တော်တော့လင်းတယ်။ တစ်ခါတည်း မီးလောင်တာ။ မီးဗုံးရော ပါတယ် ထင်တယ်။ ဗုံးကျပြီး အဆောက်အအုံတွေရော မီးလောင်ကုန်တာ။ ကျွန်တော်လည်း ဗုံးကျတော့ တစ်ခါတည်း လွင့်သွားတာ။ ပြီးတော့ ကျွန်တော်ထိုင်ကြည့်တဲ့နေရာနားမှာ မီးလောင်နေပြီ။

မေး –  ထိုင်နေတဲ့နေရာကနေ ဘယ်လောက်လောက်လွင့်သွားတာလဲ။ မီးလောင်တဲ့နေရာမှာ ဘာတွေရှိလဲ။ 

ဖြေ – ကျွန်တော် ခုံတန်းမှာ ထိုင်နေတာ။ ကျွန်တော်ထိုင်တဲ့နေရာကနေ ၆ ပေ ထင်တာပဲ​ လွင့်သွားတာပဲ။ ကျွန်တော့်ရှေ့မှာ မီးလောင်နေပြီ။ မီးလောင်တဲ့နေရာမှာ မီးတောက်ပဲ တွေ့ရတော့တယ်။ ကျန်တာတွေ မသိရတော့ဘူး။ ပြေးရတာ။ 

မီးတောက်က တော်တော်ကြီးတယ်။ ဗုံးကျတဲ့အချိန်ပဲ မြင်လိုက်ရတာ။ ဖျာ ၂ချပ်၊ ၃ ချပ်စာလောက် ရှိမယ် (ဗုံးကျပြီး မီးလောင်သည့် နေရာအကျယ်အဝန်း)။ မီးတောက်က အမြင့်ကြီးပဲ။ ဝါးတစ်ပြန်စာလောက် ရှိမယ်။ 

မေး –  အဲဒီနေရာက လွင့်သွားပြီးတော့ ဗုံးတွေစတွေ ဘာတွေထိသေးလား။ ဒဏ်ရာရသေးလား။

ဖြေ – ကျွန်တော်လည်း လွင့်သွားပြီး ပြန်ကျလာတော့ မြေကြီးတွေ လာစင်တယ်၊ ခေါင်းပေါ်၊ မြေမှုန့်လေးတွေပေါ့ါ။ ခုံပေါ်မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ နှစ်ယောက်ထိုင်တာ။ ကျွန်တော်တို့နှစ်ယောက်လုံး လွင့်သွားတာ။ ကျွန်တော်တို့ သူငယ်ချင်းတွေလည်း ဘယ်ရောက်ကုန်မှန်း မသိဘူး။ လူစုကွဲကုန်တာ။ အခုအထိ အဆက်အသွယ်မရသေးဘူး။

မေး –  ပေါက်ကွဲမှုဖြစ်တဲ့ အချိန် ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေ အခြေအနေကို တွေ့မိသေးလား။ ဘာတွေမြင်လိုက်ရလဲ။

ဖြေ –  လေယာဉ်က ကိုယ့်အပေါ်ရောက်တာနဲ့ ကြဲတော့တာ။ ဗုံးကျလာတော့ လွင့်သွားရော။ ပြန်ကျလာတော့ ထပြေးတာပဲ။ ဗုံးစင်တာ (ဗုံးစမှန်တာ) တွေ ဘာတွေတော့ မရှိဘူး။ ခုံတန်းရှိ (ခံ) နေလို့လည်း ဖြစ်နိုင်တယ်။ ပေါက်ကွဲတာက ပြောတောင်မပြောတတ်ဘူး။ နားတောင် အူသွားတယ်။ ဖြစ်ပြီးတဲ့ညကနေ မနေ့က (အောက်တိုဘာ ၂၅) အထိ နားအူနေတာပဲ။ 

မေး –  ဗုံးတွေက တစ်ပြိုင်တည်းကျတာလား။ ဘယ်နေရာတွေမှာ ကျတာလဲ။

ဖြေ – ဗုံးက တစ်လုံးပြီးမှ တစ်လုံးကျတာ။ မီးဖိုချောင်မှာ တစ်လုံးကျတယ်။ ဗုံးက ပွဲခင်းထဲကို အရင်ကျတာ။ 

မေး –  လေယာဉ်လာတဲ့အသံရော ကြားရလား။

ဖြေ –  လေယာဉ်လာတဲ့အသံကို မကြားရဘူး။ ရောက်လာပြီး ဗုံးကြဲခါနီးမှ အသံကြားရတာ။ ပြီးရင် အကြဲခံလိုက်ရတာ။ လေယာဉ်လာတဲ့ သတင်းလည်း မကြားရဘူး။ ကိုယ့်ခေါင်းပေါ်မှာ ရောက်မှ လာမှန်းသိတာ။ အဆက်အသွယ်ကလည်း အဲဒီအချိန်က (ဖုန်းနဲ့ အင်တာနက်) လိုင်းပြတ်နေတာ။ 

မေး –  ပေါက်ကွဲမှုဖြစ်ပြီးတော့ ပွဲခင်းနေရာကို သွားကြည့်ဖြစ်သေးလား။ 

ဖြေ – အဲဒီလိုမျိုးတော့ မကြည့်ဖြစ်ဘူး။ (တောထဲမှာ ပုန်းနေရင်း)  မနက်မိုးလင်းတော့ ကိုယ့်ရပ်ရွာကို ပြန်တာ။ ကျွန်တော်ပြေးတာ (ပွဲနေရာနဲ့) တော်တော်ဝေးနေပြီ။ ကြောက်သွားလို့ ပြန်မကြည့်တော့တာ။ နောက်တစ်ခေါက်များ ပြန်လာမလားလို့၊ ပြန်သွားမကြည့်ခဲ့ဘူး။ 

မေး –  အနန့်ပါဒေသကနေ လာတဲ့ လမ်းတွေကို ပိတ်ထားတယ်လို့ ကြားတယ်။ ရွာကို ဘယ်လို ပြန်လာခဲ့လဲ။ 

ဖြေ – လမ်းအလွတ် (စစ်ကောင်စီဂိတ်မရှိတဲ့နေရာ) ကနေပဲ ပြန်လာတာ။ ဂိတ်ရှိတဲ့လမ်းကို မဖြတ်ဘူး။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဂီတပွဲကို အောက်တိုဘာ ၂၃ ရက်ည စစ်ကောင်စီ ဗုံးကြဲမှုကြောင့် တွေ့ရသည့် အပျက်အစီးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button