ထိုးထိုးထောင်ထောင် ထန်းပင်ကြီးများထက်မှ နေရောင်ခြည်ဖြာကျနေသည်။ တိတ်ဆိတ်ခြောက်သွေ့သော ဆောင်းညနေခင်းတစ်ခုဖြစ်သည်။ မကွေးတိုင်းအစွန်အဖျား ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်နေရာရှိ ရွာလေးတစ်ရွာအနီး လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က မြင်တွေ့ရခြင်းပင်။
ရွာအပြင်ဘက် ထန်းတောတစ်နေရာတွင် ပြောက်ကျားဝတ်စုံဖြင့် လူငယ်များ စုရုံးနေကြသည်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးကာ၊ သုံးယောက်စီးကာ တဖွဲဖွဲရောက်သူများမှာ လူငယ်လူရွယ်အများစုဖြစ်သည်။ ရဲစခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ရန် ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နှင့် ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များ စုစည်းနေကြခြင်းဖြစ်သည်။
စုရပ်သို့ လက်နက်မျိုးစုံကို သယ်ဆောင်လာကြသည်။ ရိုင်ဖယ်သေနတ်လွယ်လာသူများ၊ လက်လုပ် တစ်ထောင့်ထိုးသေနတ်ဖြင့် ရောက်လာသူများ၊ သံပိုက်လုံးကြီးများကို ထမ်းလာသူများ စသည်ဖြင့် အမျိုးစုံပင်။ အထုပ်ကြီးအထုပ်ငယ် တနင့်တပိုးဖြင့် ရောက်လာသူများလည်း ရှိသည်။ ရောက်လာသူများကို ရေသန့်ဘူး၊ အချိုရည်၊ ဆေးလိပ် စသည်ဖြင့် လိုက်လံဝေငှနေသူများရှိကာ အနီးရှိ ကွမ်းယာဆိုင်မှာ လက်မလည်အောင် ရောင်းကောင်းနေသည်။
“ပြောင်းက လေးပြောင်းပါတယ်။ အဖူးကတော့ စခန်းမှာ ရှိတာ အကုန်ယူလာတာ။ ၃၀ လောက်ပါတယ်” ဟု လူငယ်တစ်ဦးက ရောက်ရောက်ချင်း ဆိုသည်။
ပြောင်းဆိုသည်မှာ ၆၀ မမ၊ ၁၂၀ မမ စသည်ဖြင့် အမျိုးအစားခွဲထားသည့် လက်လုပ်စိန်ပြောင်းဖြစ်ကာ စိန်ပြောင်းအတွင်း ထည့်သွင်းပစ်ခတ်သည့် အမြောက်ဆန်များကို အဖူးဟု အလွယ်ခေါ်ခြင်းပင်။ ကိုယ်စီကိုယ်င သယ်လာသည့် လက်နက်ပစ္စည်းများအကြောင်း ပြောဆိုဆွေးနွေးနေကြကာ လူနှင့် လက်နက် လိုက်လံစိစစ်နေသူများလည်း တွေ့ရသည်။
လူစုံသလောက်ရှိသောအခါ အဖွဲ့အလိုက် ခေါင်းဆောင်များနှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများ အစည်းအဝေးထိုင်ကာ ရဲစခန်းကို တိုက်ခိုက်ရေး စစ်ဗျူဟာခင်းကြသည်။ လုပ်ငန်းတာဝန် အသီးသီးခွဲဝေကြသည်။ နှစ်နာရီခန့် ကြာပြီးနောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ်သွားကြသည်။
အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူများကိုပင် ပစ်ခတ်ဖြိုခွင်းချိန်မှစ၍ နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်လာကာ သမိုင်းတစ်လျှောက် ပုန်ကန်တော်လှန်မှု အလျှင်းမရှိခဲ့သော နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့ရွာများလည်း ထကြွလာကာ ရရာလက်နက် စွဲကိုင်ကြတော့သည်။ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေသော အာဏာသိမ်းစစ်တပ်ကို ရရာနည်းဖြင့် ခုခံတော်လှန်နေကြသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း မကွေးတိုင်းအစွန်အဖျားဒေသရှိ ဆိတ်ဖြူ၊ ပေါက်၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့ရှိ PDF အဖွဲ့များသည် နယ်မြေချင်း ထိစပ်နေသော စစ်ကိုင်းတိုင်းမှ မြောင်၊ ဆားလင်းကြီး၊ ပုလဲစသည့် မြို့နယ်များရှိ PDF အဖွဲ့များနှင့် ချိတ်ဆက်ကာ ဒေသအတွင်း ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းများကို ခုခံတိုက်ခိုက်နေသည့်အပြင် နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများနှင့် ဂိတ်စခန်းများကို ရရာနည်းဖြင့် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
ကျပ်သိန်းတစ်ထောင်တန် တိုက်ပွဲ
ဖေဖော်ဝါရီအတွင်းက ပေါက်၊ မြိုင်နှင့် ပခုက္ကူအခြေစိုက် PDF အဖွဲ့များ သွားရောက်တိုက်ခိုက်ကြသည်မှာ ပေါက်မြို့နယ်အတွင်းရှိ ကုက္ကိုစုရဲစခန်းဖြစ်သည်။ ပေါက်မြို့မှ ၁၇ မိုင်ခန့်အကွာရှိ ကုက္ကိုစုရွာ၌ စစ်သားများနှင့် လက်နက်ကိုင် ပျူစောထီးအဖွဲ့များပါ ရှိနေသည်။ ရဲစခန်းအပြင် ရွာမြောက်ဘက်နှင့် အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်းများတွင် ကတုတ်ကျင်းများ၊ ဘန်ကာများ အခိုင်အမာဆောက်ထားသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စုစုပေါင်း အင်အား ၅၀ ခန့်ရှိ ရန်သူကို မြို့နယ်သုံးခုမှ PDF အဖွဲ့ ၄၀ ခန့် စုတိုက်ကြသည်။ အဖွဲ့အားလုံးပေါင်းပါက အင်အားရာဂဏန်းရှိသော်လည်း အချို့အဖွဲ့များမှာ ရဲစခန်းကို တိုက်ခိုက်ရာသို့ လိုက်ပါခြင်း မပြုဘဲ စစ်ကောင်စီဘက်မှ စစ်ကူရောက်လာနိုင်မည့် လမ်းကြောင်းများကို ကြိုတင်ဟန့်တားနိုင်ရေး တာဝန်ယူရသည်။
နံနက် ၄ နာရီခန့်တွင် ကိုယ့်အဖွဲ့နှင့်ကိုယ် အသီးသီးရောက်ရှိကာ နေရာယူကြသည်။ လက်နက်ကြီးများကို နေရာချသည်။ လက်နက်ကြီးပစ်အားဖြင့် ရန်သူ့ဘန်ကာများကို ဖြိုခွင်းပြီးနောက် ဖြန့်ခွဲနေရာယူထားသည့် တပ်စိပ်များဖြင့် ရွာအတွင်း ဝင်ရောက်ချေမှုန်းရန် အစီအစဉ်ဆွဲထားသည်။
နံနက် ၆ နာရီခန့်တွင် လက်နက်ကြီးအဖွဲ့က စတင်ပစ်ခတ်တော့သည်။
လက်လုပ်စိန်ပြောင်းများဖြင့် တရစပ်ပစ်ခတ်ပြီးနောက် တပ်စိပ်များက ရွာထဲဝင်ရန် ကြိုးပမ်းသည်။ ရန်သူ့ဘက်ကလည်း အပြင်းအထန်ခုခံသည်။ ကတုတ်ကျင်းနှင့် ဘန်ကာများမှာ ထင်ထားသည်ထက် ခိုင်ခံ့ကာ PDF အဖွဲ့များ တိုးမပေါက်နိုင်ဖြစ်နေသည်။ ရွာအရှေ့ဘက်မှ ဝင်စီးရန် ကြိုးပမ်းသော်လည်း အခွင့်မသာသဖြင့် မြောက်ဘက်မှ လှည့်ဝင်ရန် အစီအစဉ်ပြောင်းရသည်။
နာရီနှင့်ချီ ကြာပြီဖြစ်သော်လည်း PDF အဖွဲ့များ ရွာထဲ မဝင်ရောက်နိုင်သေးပေ။ နံနက် ၈ နာရီကျော်ကျော်တွင် တိုက်ပွဲကိုအလှည့်အပြောင်းဖြစ်စေမည့် အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။ စစ်ရဟတ်ယာဉ်တစ်စီး ရောက်လာခြင်းပင်။
“တပ်စိပ်နှစ်ခုက ခံပစ်ထားပြီး နောက်ထပ်နှစ်စိပ်က အရှေ့မြောက်ကနေ ဝင်ဖို့ လုပ်နေတဲ့အချိန်မှာ အစီအစဉ် ရပ်လိုက်ရတယ်။ လေယာဉ်လာပြီလို့ ကြားတော့ ရွာထဲဝင်ဖို့ မလုပ်တော့ဘူး။ ပြန်ဆုတ်ဖို့ ပြောလိုက်တယ်” ဟု ဆိုလာသူမှာ တိုက်ပွဲကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ကိုဇွဲပင်။
မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်တွင် အခြေစိုက်သည့် ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်တည်ထောင်ကာ စစ်ကောင်စီကို တော်လှန်နေသူ ကိုဇွဲမှာ အသက် ၃၀ အရွယ်သာ ရှိသေးသည်။ ရခိုင်တောင်ပိုင်းဇာတိ လူငယ်မှာ ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်သာမက ထို့နောက်ပိုင်း မြို့ပြ ပြောက်ကျားအဖွဲ့များတွင်လည်း ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အနောက်ပိုင်းတိုင်းအခြေပြု တပ်မဟာအောက်တွင် တပ်ခွဲမှူးအဖြစ် တာဝန်ယူထားသည်။
ပေါက်မြို့နယ်ရှိ ကုက္ကိုစုရွာရဲစခန်းကို ကိုဇွဲဦးဆောင်သော PDF အဖွဲ့များ အပြင်းအထန်တိုက်ခိုက်သော်လည်း စခန်းမသိမ်းနိုင်တော့ပေ။ စစ်ရဟတ်ယာဉ်ရောက်လာချိန်တွင် တပ်ဖွဲ့ဝင်များ ဘေးကင်းရေး လက်လျှော့လိုက်ရသည်။ မိနစ် ၂၀ ခန့် လှည့်ပတ်ပစ်ခတ်ပြီးနောက် စစ်ရဟတ်ယာဉ် ပြန်ထွက်သွားချိန်တွင် ရဲစခန်းကို နောက်တစ်ကြိမ် ပြန်ဝိုင်းရန် ဆန္ဒရှိသော်လည်း ကျည်လက်ကျန် နည်းနေကြပြီဖြစ်သည်။
“လေယာဉ်ပြန်သွားတော့ ရဲဘော်တွေက ပြန်ဝင်ဖို့ ပြောနေကြပြီ။ ကျည်အင်အား စစ်တဲ့အချိန်မှာ ရွာထဲဝင်ဖို့အထိ မလုံလောက်တော့ဘူး။ အခြေအနေကြောင့် ဖျက်ခဲ့လိုက်ရတယ်” ဟု တိုက်ပွဲပြီးဆုံးခဲ့ပုံကို ကိုဇွဲက ဖွင့်ဟသည်။
“ကျွန်တော့်သေနတ်မှာ ၂၂ တောင့်ပဲ ကျန်တယ်”
သုံးနာရီကျော်ကြာသည့်တိုက်ပွဲတွင် ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျသော်လည်း စစ်ကောင်စီဘက်မှ စစ်သားနှစ်ဦး သေဆုံးသည်ဟုသာ တော်လှန်ရေးအဖွဲ့များ ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည်။ ဦးဆောင်ပါဝင်ခဲ့သူ ကိုဇွဲတို့အဖွဲ့သည်ပင် ကျည်ကုန်လုနီးပါးဖြစ်ကာ သိန်း ၂၀ လောက် အကြွေးတင်သွားသည်။
စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို အင်အားရာဂဏန်းဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဆိုသော်လည်း လက်နက်အင်အားအရမူ မီးကျိုးမောင်းပျက်သာသာ ဖြစ်သည်။ အဖွဲ့တစ်ခုချင်းစီမှ ရနိုင်သမျှ လက်နက်များစုကာ ခန့်မှန်းခြေ ပစ်အားကျည်အားဖြင့် တိုက်ရခြင်းဖြစ်သည်။
သာရေးနာရေးဖြစ်စေ၊ စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံသိမ်းရာတွင်ဖြစ်စေ တစ်ယောက်တစ်လှည့် လုပ်အားပေးကာ ဝိုင်းဖွဲ့လုပ်ကိုင်တတ်သည့် အညာဒေသတွင် စစ်ကောင်စီကို တိုက်ခိုက်ရေး လူစုရ လွယ်ကူလေသည်။ အထူးတလည် လိုက်လံစည်းရုံးစရာ မလိုဘဲ ဖုန်းဆက်ရုံဖြင့်ပင် ရောက်ချလာကြသည်ဟု ကုက္ကိုစုရွာရဲစခန်းတိုက်ပွဲကို ဦးဆောင်ခဲ့သူ ကိုဇွဲက ဆိုသည်။
“လိုအပ်တဲ့နေရာကို တာဝန်ယူကြတယ်။ ဖုန်းလေးပဲ ဆက်လိုက်ရုံနဲ့ ရောက်ချလာတာတွေလည်း ရှိတယ်။ လက်နက်ကြီးပြောင်းပဲ ထမ်းရထမ်းရ၊ အဖူးပဲ ထမ်းရထမ်းရ၊ ဘက်ထရီအိုးပဲ ထမ်းရထမ်းရဆိုပြီး လိုက်လာတဲ့သူတွေလည်း ပါတယ်”
နည်းနည်းဖြင့် ကျဲကျဲဝိုင်း
ရေစကြိုနှင့် မြိုင်မြို့နယ်မှ PDF အဖွဲ့များသည် စစ်ကိုင်းတိုင်းမှ ဆားလင်းကြီး PDF နှင့် မဟာမိတ်အဖြစ် ပူးပေါင်းကာ ၎င်းတို့လှုပ်ရှားရာ နယ်မြေအတွင်းရှိ စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ဖူးသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက မြိုင်မြို့နယ်မြောက်ပိုင်းရှိ လင်းကတောရွာရဲစခန်းကို ထိုမြို့နယ်သုံးခုမှ PDF အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့သည်။ မြိုင်မြို့မှ ၁၆ ခန့်အကွာ ပုသိမ် – မုံရွာကားလမ်းမပေါ်ရှိ လင်းကတောရွာမှာ မြိုင်၊ ရေစကြို၊ ပုလဲနှင့် ဆားလင်းကြီးမြို့နယ်များသို့ ဆက်သွယ်သွားလာရာ လမ်းဆုံပင်။
လင်းကတောရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် တစ်နာရီခန့်သာ ကြာခဲ့ပြီး ရဲစခန်းမှ သေနတ် ၉ လက်၊ ကျည်ဆန် ၆၀၀ ကျော်နှင့် အခြားဆက်စပ်ပစ္စည်းများကို PDF အဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ကာ ဖမ်းဆီးရမိသည့် ရဲမိသားစုဝင် ၁၃ ဦးကိုမူ ပြန်လွှတ်ပေးခဲ့သည်။
လင်းကတောရဲစခန်းကို မြို့နယ်သုံးခုမှ PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာတွင် ရိုင်ဖယ်သေနတ် ၁၅ လက်သာ ပါသည်ဟု ရေစကြို PDF ခေါင်းဆောင် ကိုဝေကြီးက ပြောသည်။
“အဲဒီအချိန်က လူတွေပေါတယ်။ လက်နက်တွေ မရှိသေးတဲ့အချိန်ပေါ့။ အရမ်းစောသေးတယ်။ တူမီးသမားတွေ ပေါတယ်။ တစ်တောင့်ထိုးသမားတွေ ပါတယ်။ အော်တိုက သုံးဖွဲ့ပေါင်းမှ ၁၅ လက်လောက်ပဲ ရှိမယ်”
နောက်လေးလအကြာ ဇွန်လတွင် ထိုမြို့နယ်သုံးခုမှ PDF အဖွဲ့များပင် ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို ပူးပေါင်းတိုက်ခိုက်ကြသည်။ စစ်သားနှင့် ရဲများ အခြေချတပ်စွဲထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ် ရေစကြိုမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်ကို တစ်ဖွဲ့လျှင် ၁၅ ဦးစီဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လျှပ်တစ်ပြတ်ဝင်တိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးနိုင်သည့်အပြင် သေနတ် ၆ လက်နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းပိုက်နိုင်ခဲ့သည်။
“လက်နက်က မထုတ်နိုင်ဘူး။ မရှိလည်း လာခဲ့။ သုံးလက်ရှိရှိ၊ နှစ်လက်ရှိရှိ လာခဲ့။ ဒါမှမဟုတ် မိုင်းဖြတ်တောက်ရေးတာဝန်ယူပေးဆိုပြီး ပူးပေါင်းဆောင်ရွက်ကြတာ။ ဘုံရန်သူကလည်း တစ်ယောက်တည်း.. အကြမ်းဖက် စစ်တပ်ပေါ့” ဟု ရဲဘော်ဝေကြီးက ပြောသည်။
မဟာမိတ်အဖြစ် ပူးပေါင်းထားခြင်းက ကုန်ကျစရိတ်သက်သာစေသည့်အပြင် တော်လှန်ရေးအဖွဲ့များအချင်းချင်း ရင်းနှီးမှု၊ ယုံကြည်မှု တိုးစေသည်ဟု မြိုင်မြို့နယ် PDF အဖွဲ့မှ ဗိုလ် Cross က ဆိုသည်။
“စုလုပ်ရင် ကုန်ကျစရိတ် သိပ်မကုန်ဘူး။ ရဲဘော်တွေချင်းလည်း မဟာမိတ်ကောင်းကောင်းဖြစ်တယ်။ တစ်ခုခုဖြစ်ရင်တောင် တပ်ကူခေါ်လို့ရတယ်”
မြို့နယ်သုံးခုမှ PDF အဖွဲ့များ ပူးပေါင်း၍ လင်းကတောရဲစခန်းနှင့် ဆင်ဖြူရှင်တံတားဂိတ်သာမက ရေစကြိုမြို့နယ်အတွင်းရှိ မအူရဲစခန်း၊ ပခန်းငယ်ရဲစခန်း၊ ဆားလင်းမြို့နယ်ရှိ ကျားတက်ရဲစခန်း၊ ပေါက်မြို့နယ်မှ ရေပြာရဲစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
စုပေါင်းအားဖြင့်သာ
နယ်စွန်နယ်ဖျားရှိ PDF အဖွဲ့များအနေဖြင့် ရဲစခန်းနှင့် စစ်ကောင်စီကင်းစခန်းများကို လိုက်လံ တိုက်ခိုက်နေသော်လည်း လက်နက်ခဲယမ်း မလုံလောက်ပေ။ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လက်နက်ခဲယမ်း စုဆောင်းရသည်ဖြစ်ရာ တိုက်ပွဲတစ်ခုရှိပါက အဖွဲ့အချင်းချင်း လူအင်အား၊ လက်နက်အား စုစည်းကြရသည်။
“လက်နက်ခဲယမ်းက MOD (အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန) က လုပ်ပေးထားတာ မရှိဘူး။ ကိုယ်ဟာနဲ့ကိုယ် စုပြီးဝယ်ထားရတာဖြစ်တဲ့အတွက် လက်နက်ခဲယမ်းက နည်းတယ်။ အဖွဲ့တွေတိုင်းက လက်နက်ခဲယမ်းနည်းတဲ့အတွက်ကြောင့် သူ့အဖွဲ့နည်းနည်း၊ ကိုယ့်အဖွဲ့နည်းနည်း ပေါင်းလုပ်ရတာ” ဟု ဗိုလ် Cross က ပြောသည်။
ပေါက်မြို့နယ်မှ ကုက္ကိုစုရွာရဲစခန်းကို တိုက်ခိုက်စဉ်က ဒေသအခြေစိုက် PDF အဖွဲ့ခြောက်ဖွဲ့ တာဝန်ရှိသူ သုံးဦးစီ တွေ့ဆုံဆွေးနွေးပြီးနောက် လူသူလက်နက်အင်အား တောင့်တင်းသည့်အခြားအဖွဲ့များကို အစီအစဉ်ချပြကာ စည်းရုံးရသည်။ အဖွဲ့ ၁၀ ခုခန့်မှာ ဖုန်းလှမ်းဆက်ရုံနှင့် လိုက်ပါလာကြသည်ဟု ပြည်သူ့အားမာန်အဖွဲ့မှ ကိုဇွဲက ပြောသည်။
“အကိုတို့ဘက်က လူဘယ်နှစ်ယောက် လွှတ်ပေးပါဆိုရင် လက်နက်ကြီးရော၊ လက်နက်ငယ်ရော ရှိသမျှ အင်အားနဲ့ အားဖြည့်ပေးကြတယ်”
မကွေးတိုင်းနှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးအဖွဲ့များသည်လည်း လက်နက်နှင့် ရန်ပုံငွေ ရရှိရေး ခက်ခဲနေသည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုကို အပြင်းထန်ဆုံး ရင်ဆိုင်နေရသည့် နိုင်ငံအနောက်မြောက်ပိုင်းရှိ ထိုဒေသတွင် PDF အဖွဲ့ အများအပြားရှိနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရအောက်မှနေ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းဆောင်ရွက်သည့် PDF အဖွဲ့များရှိသည့်နည်းတူ ကိုယ်ထူကိုယ်ထ လှုပ်ရှားနေရသူများလည်း ရှိသည်။
လက်နက်အင်အား မပြည့်စုံမှုကြောင့် စုပေါင်းအား ယူရသည်ဆိုသော်လည်း PDF အဖွဲ့များ ပေါင်းတိုက်သည့်အခါ မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်ဟု စစ်ကိုင်းတိုင်းမြို့တော် မုံရွာအခြေစိုက် ချင်းတွင်းတိုက်ခိုက်ရေးအဖွဲ့ (chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ကျွန်တော်တို့အဖွဲ့က နှစ်လက်ရှိတယ်။ တခြားအဖွဲ့က နှစ်လက်ရှိတယ်။ နှစ်လက်ဆို ဘာမှ အရာမရောက်ပေမဲ့ ပေါင်းလိုက်ရင် မစ်ရှင်တစ်ခု ဖော်ဆောင်လို့ ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ကူညီရိုင်းပင်းလို့ ရတယ်။ အစီအစဉ်ဆွဲရတာလည်း မြိုင်တယ်”
အကြွေးများ လုံးလည်ချာလည်
လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာမှစ၍ အစစအရာရာ အင်အားသာလွန်သည့် အာဏာသိမ်းစစ်တပ်ကို စုပေါင်းအားဖြင့် တော်လှန်တိုက်ခိုက်ရာ၌ အားသာချက်များ ရှိသော်လည်း ဒေသခံ PDF အဖွဲ့များအနေဖြင့် အကြွေးမကင်းသည့် အခြေအနေကို ဆက်တိုက်ရင်ဆိုင်နေရသည်။
တော်လှန်ရေးအစတွင် ကျပ်သိန်း ၅၀ ခန့်ဖြင့် ဝယ်ယူရရှိနိုင်သော ရိုင်ဖယ်သေနတ်များ ပြီးခဲ့သည့်နှစ်အတွင်း သုံးဆကျော် ဈေးတက်ခဲ့သည်။ လက်ရှိအချိန်၌ AK အမျိုးအစား ရိုင်ဖယ်သေနတ်တစ်လက် တန်ဖိုးမှာ ကျပ်သိန်း ၁၉၀ ခန့်အထိ ပေါက်ဈေးရှိကာ အသစ်စက်စက်ဖြစ်ပါက သိန်း ၂၅၀ အထိပင် ရှိနေသည်။ ကျည်တစ်တောင့် ကျပ်သုံးထောင်မှ တစ်သောင်းကျော်အထိ ပေးဝယ်နေရသည်။
“ထမင်းတစ်နပ်စားဖို့က ပိုက်ဆံဘယ်လောက်မှ မကုန်ဘူး။ ကျည်တစ်တောင့်ပစ်လို့ရှိရင် ငွေတစ်သောင်းလောက် ကုန်တဲ့အခါကျတော့ ငွေရှိရင်တောင်မှပဲ ကျည်ဆန် ဝယ်မရတာမျိုးတွေ ရှိတယ်” ဟု ဆိုလာသူမှာ ပေါက်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များအတွက် လက်နက်ခဲယမ်း ရှာဖွေပေးနေသည့် ကိုမြင့်က ပြောသည်။ (လုံခြုံရေးအခြေအနေအရ အမည်ရင်းအစား ကိုမြင့်ဟု ယူထားသူဖြစ်သည်။)
ရန်ပုံငွေရရှိရေး ခက်ခဲသည့်အပြင် ဝယ်ယူရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ကျပ်လွန်းသဖြင့် ပိုက်ဆံရှိသည့်တိုင် လက်နက်ရရှိရေး ရုန်းကန်နေကြရသည်။
“ရောင်းလိုက်တာမျိုး၊ ပေါင်လိုက်တာမျိုးတွေလည်း ရှိတယ်။ ချေးရငှားရတာပေါ့။ အခုထိလည်း ချေးငှားပြီးတော့ ကျွန်တော်တို့ ဝယ်ရတယ်။ တိုက်ပွဲကြီးတွေဖော်ဖို့ ခက်နေတာ အဲဒါတွေကြောင့်လည်း ပါတယ်” ဟု ရေစကြို PDF ခေါင်းဆောင် ကိုဝေကြီးက ခပ်ညည်းညည်း ပြောလေသည်။
ရပ်ရွာအခြေပြု ကာကွယ်ရေးအဖွဲ့များမှာ လစဉ် ငွေကျပ် နှစ်သိန်းခန့်ဖြင့် ရပ်တည်နေကြရသည်ဖြစ်ရာ လက်နက်ခဲယမ်းဖြည့်တင်းရေးထက် တပ်ဖွဲ့ဝင်များ နေထိုင်စားသောက်ရေးအတွက် ရုန်းကန်နေရသည်ဟု ရေစကြိုမြို့နယ်တောင်ပိုင်းအခြေစိုက် PDF အဖွဲ့ခေါင်းဆောင် ကိုအောင်မောင်းက ဆိုသည်။
“လက်လုပ်လက်နက်ကြီးတွေကတော့ အဖွဲ့တိုင်းရှိတယ်။ လက်နက်အစစ်ရှိတဲ့အဖွဲ့က နည်းတယ်။ ခေါင်းဆောင်တွေက အကြွေးဗရပွနဲ့။ လက်နက်ဝယ်ဖို့ဆိုတာဝေး”။ ၎င်းကိုယ်တိုင် ကျပ်သိန်း ၆၀၀ ခန့် အကြွေးတင်နေသည်ဟုလည်း ကိုအောင်မောင်းက ထုတ်ဖော်ပြောဆိုသည်။
လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာတွင် စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်ကာ လက်လျှော့ခဲ့ရသည်များလည်း ရှိသည်ဟု စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသူ အမျိုးသမီငယ်တစ်ဦးက ဖွင့်ဟသည်။
တော်လှန်ရေးအတွင်း ရဲဘော်ခင်သောင်းဟု အမည်ခံထားသူ ထိုအမျိုးသမီးငယ်မှာ အသက် ၂၀ ကျော်အရွယ်သာ ရှိသေးသည်။ မိသားစုလိုက် PDF ထဲ ဝင်ပြီးနောက် လယ်နှစ်ဧကကို အပြီးအပိုင်ရောင်းချကာ လက်နက်ခဲယမ်း ဝယ်ယူခဲ့သည့် ထူးထူးခြားခြား အညာက မိသားစုဖြစ်သည်။ လယ်နှစ်ဧကကို ၆၅ သိန်းနှင့် အပေါင်ထားခဲ့ရာမှ သိန်း ၂၁၀ ဖြင့် အပြတ်ရောင်းချခဲ့သည်။ ထိုငွေဖြင့် ရိုင်ဖယ်တစ်လက်နှင့် ကျည် အတောင့် ၃၀ သာ ဝယ်နိုင်ခဲ့သည်ဟု ရဲဘော်ခင်သောင်းက ဆိုသည်။
“တစ်ပွဲတစ်ပွဲဆိုရင် ခန့်မှန်းခြေ ၄၀/၅၀ (ကျပ်သိန်း) လောက် ပါသွားတာပဲ။ တိုက်ပွဲမှာ ကိုယ်သုံးချင်သလောက် မသုံးရဘူး။ စစ်ရေးအရ နိုင်မယ့်အနေအထားဆိုပေမဲ့ ကျည်မလုံလောက်တာတို့။ ပစ်လိုက်ရင်လည်း ကိုယ့်လူတွေ အခွင့်အရေးမသာလို့ ပြေးတော့မယ်ဆိုရင် ကိုယ့်ရဲဘော်တွေကို ကာပစ်ဖို့ မရှိတော့ဘူး”
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နယ်မြေချင်း ထိစပ်နေသော အရာတော်မြို့နယ်၌ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်စဉ် နယ်မြေခံ PDF အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့စဉ် ကြုံတွေ့ခဲ့ရသည်များကို ရဲဘော်ခင်သောင်းက ပြောပြခြင်းပင်။
“ကိုယ့်မှာ ပစ်ကွင်းသာနေရင်တောင် ကျည်အလုံအလောက် မရှိဘူးဆိုတော့ ရဲဘော်တွေက တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျလာတာ။ အဖွဲ့ကနေ စွန့်ခွာချင်လာကြတယ်”
မုံရွာ – မန္တလေးကားလမ်းမ ဖြတ်သန်းသွားရာ စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ မြင်းမူမြို့နယ်အနောက်ဘက်တွင် မြောင်မြို့နယ်နှင့် တောင်ဘက်တွင် ဧရာဝတီမြစ်ရှိပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကောင်းရာ နယ်မြေတစ်ခုဖြစ်သည်။
ရံဖန်ရံခါ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်သည်အထိ တိုက်အားကောင်းနေသော်လည်း ဒေသအခြေစိုက် PDF အဖွဲ့များနောက် မပျက်မကွက်လိုက်နေသည်မှာ အကြွေးပင်။ ဖန်တီးခဲ့သော တိုက်ပွဲများအတွက် အကြွေးမပြတ်ဖြစ်နေဟု ကုက္ကိုစုရွာရဲစခန်းကို တိုက်ခိုက်ရာ၌ ဦးဆောင်ပါဝင်ခဲ့သူ ကိုဇွဲက ဆိုသည်။
“ကုက္ကိုစုပွဲပြီးကတည်းက နောက်ပိုင်း ပွဲကို မဖော်နိုင်သေးဘူး။ ကုန်ခဲ့တဲ့ ကျည်ဖိုးအတွက် အကြွေးပြန်ဆပ်နေတာနဲ့တင် လုံးလည်ချာလည်လိုက်နေတာ”