ဆောင်းပါးနိုင်ငံရေး

လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် နိုင်ငံရေးပုံရိပ်များ

နိုင်ငံတော်အလံ၊ သာသနာ့အလံ၊ တပ်မတော်အလံများ ကိုင်ထားသော လူတစ်စု ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့သို့ ဦးတည် ချီတက်နေသည်။ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်၊ စစ်တပ်က တစ်ကျော့ပြန် အာဏာမသိမ်းမီ တစ်ရက်အလိုတွင် ဖြစ်သည်။

ထိုလူစု၏ ရှေ့နောက်၊ ဝဲယာတွင် ပုဆိုး ခပ်တိုတိုဝတ်၊ လွယ်အိတ် ဘေးစောင်းလွယ်၊ ဦးထုပ်ဆောင်း၊ နှာခေါင်းစည်း တပ်ထားပြီး လူမိုက်ပုံပေါက်နေသူအချို့ ခြံရံလိုက်ပါလာသည်။

ကြေးသွန်းဘုရားသို့ မရောက်မီ မိုင်ဝက်ခန့်အလို ရွှေဂုံတိုင်လမ်းမကြီးပေါ် ခုံးတံတားအောက် အလံများ၊ အမှတ်တံဆိပ်များ ရောင်းချသည့် ဆေးဆိုးပန်းရိုက်ဆိုင်တန်းများရှိရာသို့ အရောက်တွင် လူးလေးဦးက အချိတ်အဆက်မိမိ၊ အတိုင်အဖောက်ညီညီဖြင့် အချိန် ၆ စက္ကန့်အတွင်း လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။

တစ်ဦးက ဆိုင်တစ်ဆိုင်တွင် ချိတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလံကို ဖြုတ်ယူ ထွက်ပြေး၍ ပလက်ဖောင်းပေါ် ပစ်ချလိုက်သည်။ ထိုသူ့နောက်သို့ တစ်ဦးက ပြေးလိုက်သွားကာ လိုက်လံရိုက်နှက်သည့်ဟန် ပြုသည်။

NLD အလံကို နောက်ထပ်နှစ်ဦးက အလျင်အမြန် ကောက်ယူ မီးရှို့သည်။ မည်သည့်လောင်စာ အသုံးပြုခဲ့သည်တော့ မသိရပေ။ အလံမှာ တစ်မုဟုတ်ချင်း မီးဟုန်းဟုန်း တောက်လောင်သွားသည်။ ထို့နောက် အလံကို ပလက်ဖောင်းပေါ် ပစ်ချကာ ထိုနှစ်ဦး ထွက်ပြေးသွားသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်တွင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အလံကို မီးရှို့ဖျက်ဆီးသည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။ ဓာတ်ပုံ – Myanmar Now

ပါတီနှင့် အဖွဲ့အစည်းမျိုးစုံ၏ အလံ၊ အမှတ်တံဆိပ်နှင့် အထိမ်းအမှတ်ပစ္စည်းအမျိုးမျိုး ရောင်းချသောဆိုင်ရှိ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရ NLD အလံကို ထိုသို့ ရွေးချယ်မီးရှို့သည့်ဖြစ်စဉ်မှာ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းမည့် ရှေ့ပြေးနိမိတ် ဖြစ်ခဲ့သည်။

ထိုအဖြစ်အပျက်အပြီး ၂၄ နာရီပင် မရှိသေးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းမီ နေပြည်တော်တွင် ရှိနေသည့် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဒုဥက္ကဋ္ဌ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းသည်။

စစ်တပ်က ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ တိုင်းပြည်ကို ခြေဥမပေါ်ခင် ၁၉၈၈ မှ ၂၀၁၁ အစောပိုင်းကာလများကဲ့သို့ စစ်အာဏာသိမ်းပြီး ခြယ်လှယ်သည့် အခြေအနေသို့ တရွတ်တိုက် ပြန်ဆွဲခေါ်သွားသည်။

ထိုအချိန်မှစ၍ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲ ပေါ်လာသည်။ ထိုသို့ ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် လူထုကို ပစ်ခတ်၊ ရိုက်နှက်၊ ကားဖြင့်တိုက် စသည့် နည်းမျိုးစုံသုံး၍ အသက်သေဆုံးရသည်အထိ စစ်တပ်က ပြုမူသောအခါ နိုင်ငံအနှံ့ ရရာလက်နက်စွဲကိုင်၍ ခုခံမှုများ ပေါ်ပေါက်လာသည်။

ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်အုပ်ချုပ်သည့် နိုင်ငံရေးစနစ်မှာ နှစ်နှစ်အတွင်း မည်မျှ ပြိုလဲပျက်စီးသွားပြီကို မြန်မာပြည်တွင် ဆေးဆိုးပန်းရိုက်လုပ်ငန်း အများဆုံးတည်ရှိရာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းဆုံရှိ ဆိုင်ခန်းများက သက်သေပြနေသည်။

ထိုဆိုင်များတွင် ခင်းကျင်းပြသထားသည့် အမျိုးအမည်များထဲတွင် လူထုထောက်ခံ၍ ရောင်းအားကောင်းသော NLD အလံနှင့် အမှတ်တံဆိပ်များအပြင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် အရာမှန်သမျှ ပျောက်ဆုံးသွားခဲ့ပြီ။ မရောင်းရဲ၊ မဝယ်ရဲကြတော့ပေ။ ဆိုင်တွင် ရှိပြီး လက်ကျန်များ သိမ်းဖွက်ထားကြရပြီ။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအလံများနှင့် စီးပွားရေးလုပ်ငန်းများက လာအပ်သည့် အင်္ကျီ၊ ထီးကဲ့သို့သော အသုံးအဆောင်အချို့ကိုသာ ခင်းကျင်း ရောင်းချနေကြသည်ကို မတ်လ ပထမပတ်တွင် မျက်မြင်တွေ့ခဲ့ရသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဆေးဆိုးပန်းရိုက်ဆိုင်များတွင် ခင်းကျင်းထားသည့် ပစ္စည်းများကို ၂၀၂၃ မတ်လအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

၂၀၁၂ မှ ၂၀၂၀ အတွင်း ရွှေဂုံတိုင်တွင်သာမက နိုင်ငံအနှံ့ရှိ ဆိုင်များ၊ လမ်းများ၊ အိမ်များ၊ ဆိုက်ကား၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ၊ လမ်းဆုံလမ်းခွများတွင် NLD အမှတ်တံဆိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ပါ ပစ္စည်းများ ချိတ်ထား၊ ကပ်ထား၊ အလှဆင်ထားသည်ကို မတွေ့ချင်မှအဆုံးပင်။

နိုင်ငံအနှံ့ ခုခံတော်လှန်လှုပ်ရှားမှုများကို စစ်ကောင်စီက အပြင်းအထန် ရက်ရက်စက်စက် ဖိနှိပ်နေချိန် မျက်မှောက်အခြေအနေတွင် NLD အမှတ်တံဆိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် လက်ဝယ်တွေ့ရှိလျှင် ရာဇဝတ်မှုအဖြစ် သတ်မှတ်နေသည်။

နိုင်ငံတော်ကို ဆူပူစေရန် လှုံ့ဆော်သည်၊ အကြမ်းဖက်သည် စသည်ဖြင့် စွပ်စွဲ၍ ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် အနီရဲရဲနောက်ခံပါသည့် NLD အလံနှင့် အထိမ်းအမှတ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များကို သက်သေခံပစ္စည်းသဖွယ် သုံးလာသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးဘိုးသာ* သည် NLD ပါတီ၏ အမာခံထောက်ခံသူဖြစ်လင့်ကစား စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ပါတီတံဆိပ်ပါ အင်္ကျီများကို မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်ပစ်ခြင်းတို့ ပြုလုပ်ရသည်ဟု သူက ပြောသည်။ NLD ကို ရဲရဲတောက်အားပေးခဲ့သော်လည်း စစ်ကောင်စီလက်နက်ကိုင်များ ရန်ရှာမည်ကို စိုးရိမ်သဖြင့် ဆင်ခြင်နေရသည်ဟု ဦးဘိုးသာက ဝန်ခံသည်။

“NLD နဲ့ ပတ်သက်တာ မပြောနဲ့၊ အနီရဲရဲအင်္ကျီဆိုရင်ကို ရန်ရှာမှာစိုးလို့ လမ်းသွားရင်လည်း မဝတ်ရဲဘူး။ အိမ်မှာလည်း ဗီရိုထဲတွေ အလွယ်တကူ မထားရဲဘူး။ သူတို့က ကျွဲတွေလိုပဲ၊ အနီမြင်ရင်ကို ခွေ့ချင်တာ” ဟု ဦးဘိုးသာက ပြောသည်။

၂၀၂၂ ခုနှစ်က စိန်ပန်းရပ်ကွက်အတွင်းရှိ နေအိမ်များကို စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဧည့်စာရင်းလိုက်စစ်စဉ် တစ်အိမ်တွင် ပင်နီအင်္ကျီ၊ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် NLD ပါတီတံဆိပ်များကို တွေ့သွားသည်။ နေအိမ်ပေါ်မှာပင် တစ်မိသားစုလုံးကို စစ်ဖိနပ်နှင့် ကန်ကျောက်ကာ ဖမ်းခေါ်သွားသည်၊ ထိုမိသားစုထဲမှ လူကြီးအချို့ ပြန်လွတ်လာသော်လည်း သမီးနှစ်ဦးကို စစ်တပ်က တရားစွဲ၍ ထောင်သို့ ပို့လိုက်သည်ဟု ဦးဘိုးသာက ပြောသည်။ အသေးစိတ်ကိုမူ မသိရပေ။

“ယုန်ထောင် ကြောင်မိ၊ ဒါမျိုးဖြစ်စဉ်တွေက အများကြီးပဲ။ ဦးလေးတို့လည်း မတတ်သာဘူး။ ကိုယ်ယုံကြည်အားပေးခဲ့ပေမဲ့ အခုတော့ NLD နဲ့ ပတ်သက်တာမှန်သမျှ ဖျက်ဆီးထားရတယ်” ဟု သူက ပြောသည်။

နေပြည်တော်သို့ ၂၀၂၁ မတ် ၂၆ တွင် ရောက်လာသည့် ရုရှားကာကွယ်ရေး ဒုဝန်ကြီးနှင့်အတူ တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ဓာတ်ပုံ- စစ်ကောင်စီ

ထိုအခြေအနေတွင် လူထုထောက်ခံမှု အားကောင်းလွန်း၍ အရောင်းသွက်လွန်းသည့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ပါ ပစ္စည်းများကို ထုတ်ရောင်း၍ မရသဖြင့် ရွှေဂုံတိုင်ရှိ တံဆိပ်ရိုက်လုပ်ငန်းများလည်း စီးပွားရေးထိခိုက်နေပြီဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အသက် ၆၀ အရွယ် ဒေါ်လှမေ*က ပြောသည်။

အာဏာမသိမ်းမီ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲကာလများတွင် အမှာပစ္စည်းများလွန်း၍ အလုပ်သမားထပ်ငှားရ၊ လုပ်ငန်းငယ်များကို ခွဲပေးရသည်အထိ စီးပွားရေးကောင်းခဲ့သော်လည်း ယခုမူ ထိုအခြေအနေမျိုး အိပ်မက်၍ပင် မရနိုင်တော့။

ယခုတော့ အခွန်အခ မပေးနိုင်၍ စစ်ကောင်စီ ရန်ရှာမည်ကို စိတ်ပူနေရသည်။ နေ့တစ်ဝက်ကျိုးသည်အထိ ဈေးဦးမပေါက်သလို ကုန်ကြမ်းဝယ်၍ ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေတွင် မရှိတော့ဟု ဒေါ်လှမေက ပြောပြသည်။ ယခင်က ပိတ်လိပ်များ ကိုယ်တိုင်ဝယ်၊ လုပ်သားခန့်၍ NLD အလံများ ပြုလုပ်ရောင်းချခြင်းဖြင့် စီးပွားဖြစ်ခဲ့သော်လည်း ထိုကာလများသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။

“အခုကတော့ (နိုင်ငံအလံများ) ချုပ်ပြီးသားသူ လာသွင်းတာကို ကော်မရှင်စားနဲ့ ပြန်ရောင်းတယ်။ အရင်လောက် မကျန်ဘူး။ အရင်လောက်လဲ ရောင်းမကောင်းဘူး” ဟု လုပ်သက် နှစ် ၂၀ ကျော် ရှိပြီဖြစ်သည့် ဒေါ်လှမေက ပြောသည်။

NLD အစိုးရလက်ထက်က ပြည်ပဧည့်သည်အများအပြား ရောက်လာလေ့ရှိသည့် နေပြည်တော်သို့ နိုင်ငံတကာအလံများ ရိုက်နှိပ်ပြီး ဆက်တိုက်ပေးပို့ခဲ့ရဖူးသည်။ ယခုမူ အလံမှာယူသူ မရှိသလောက် နည်းလာသည့်အတွက် ရိုက်ထားပြီးအလံများ၊ တစ်ပါးသူထုတ်လုပ်သည့် ပစ္စည်းများကိုသာ လိုသလောက်မှာယူ ရောင်းချသည့် နည်းလမ်းကိုသာ ဒေါ်လှမေ သုံးနေရပြီ။

“လုပ်ငန်းအနေနဲ့ ပြောရရင် ၈၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု ဒေါ်လှမေက ပြောသည်။

စနေ၊ တနင်္ဂနွေကဲ့သို့ နေ့မျိုးတွင် ရွှေဂုံတိုင်တစ်ဝိုက်ရှိ တံဆိပ်ရိုက်ဆိုင်များတစ်လျှောက် ဝယ်သူမရှိသလောက် ဖြစ်နေကြောင်း ထိုနေရာရှိ တံဆိပ်ရိုက်လုပ်ငန်းသုံးခုထံမှ သိရသည်။

ရွှေဂုံတိုင် ဆေးဆိုးပန်းရိုက်ဆိုင်များတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် အင်္ကျီ၊ အလံများ ရောင်းအားကောင်းခဲ့သည့် နောက်ဆုံးအချိန်မှာ အာဏာသိမ်းစက ဖြစ်သည်။ နိုင်ငံတစ်ဝန်း စစ်တပ်ကို ဆန္ဒပြချိန်တွင် NLD အလံများ၊ တံဆိပ်များ လာဝယ်ကြသည်။ ရိုက်ထားသမျှ လက်ကျန်အလံများ ပစ္စည်းပြတ်သွားသည်အထိ ရောင်းကောင်းခဲ့သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဆေးဆိုးပန်းရိုက်ဆိုင်များတွင် ခင်းကျင်းထားသည့် ပစ္စည်းများကို ၂၀၂၃ မတ်လအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

တံဆိပ်ရိုက်လုပ်ငန်း လေးခုကို မေးမြန်းရာတွင် အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့် ပတ်သက်သည့် မည့်သည့်ပစ္စည်းမျှ အော်ဒါလာမအပ်ကြသလို ဆိုင်များကလည်း မရောင်းတော့ဟု ဖြေကြသည်။ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပစ္စည်းများကို မည်သည့်တံဆိပ်ရိုက်ဆိုင်ကမျှ လက်ခံမလုပ်ပေးလိုကြပေ။ စစ်ကောင်စီက အချိန်မရွေး ရန်ရှာမည်ကို စိုးရိမ်မကင်းဖြစ်ကြသည်။

တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်သူ အသက် ၄၅ နှစ်အရွယ် ကိုလှမျိုး*သည် စစ်တပ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ၎င်းဆိုင်ရှေ့တွင် NLD တံဆိပ်ပါအင်္ကျီ ဆက်လက်ချိတ်ဆွဲထား၍ ဖမ်းဆီးခံရဖူးသည်။ ထိုအတွေ့အကြုံကြောင့် NLD အမှတ်အသားပါသည့် ထုတ်ကုန်များကို ဆိုင်တွင် မတင်တော့ကြောင်း သူက ဆိုသည်။

“နောက်ဆက်တွဲပြဿနာတွေ မရှင်းချင်လို့ အခုကတော့ မတင်တော့ဘူး။ ကျွန်တော် တစ်ခုခုဖြစ်ရင် မိသားစုက အခက်အခဲရှိသွားနိုင်တယ်” ဟု ကိုလှမျိုးက ပြောသည်။

သူတို့စီးပွားထိခိုက်လာသည့် ကိစ္စမှာ နိုင်ငံရေးပုံရိပ်ထုတ်ကုန်များ အရောင်းအဝယ်မလုပ်ရဲတော့သည့် ကိစ္စတစ်ခုတည်းသာ မဟုတ်ပါ။

နှစ်နှစ်အတွင်း စစ်တပ်က ပစ်ခတ်၊ သတ်ဖြတ်၊ အိမ်မီးရှို့နေသဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့လာချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း နိုင်ငံတွင်းမှ ထွက်ခွာနေကြသည်။ ဤအခြေအနေတွင် စီးပွားရေးအပ်ကုန်များလည်း ပါးရှားနေသည်ဟု တံဆိပ်ရိုက်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။

ပြည်တွင်းပြည်ပကုမ္ပဏီများကို ပုံမှန်ဖောက်သည်အဖြစ် မှီခိုနေရသည်ဖြစ်၍ အာဏာသိမ်းပြီးနောက် ပေါ်လာသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေဆိုးများ၏ ရိုက်ခတ်မှုကို ဆိုးရွားစွာ ခံနေရသည်ဟု ရွှေဂုံတိုင်အခြေစိုက် တံဆိပ်ရိုက်လုပ်ငန်းများက ညည်းတွားသည်။

ဆေးဆိုးပန်းရိုက်ဆိုင်များက စစ်ကောင်စီ မကြိုက်သည့် အရာများကို လက်ရှောင်နေကြခြင်းကြောင့် ရန်ကုန်မြို့တွင် ရံဖန်ရံခါပြုလုပ်နေသည့် ပြောက်ကျားဆန္ဒပြပွဲများအတွက်ပါ အခက်တွေ့နေသည်။

ဆန္ဒပြသမားတို့က ၎င်းတို့ အသုံးပြုမည့် အလံနှင့် ကြွေးကြော်သံစာသားပါ ပိတ်စတို့ကို ဆိုင်မအပ်နိုင်တော့ဘဲ ကိုယ်တိုင် ဖန်တီးရေးဆွဲနေရသည်။

တံဆိပ်ရိုက်ဆိုင်များတွင် သွားရောက် အပ်နှံလျှင်လည်း ထိုဆိုင်က စစ်တပ်အား သတင်းပေးမည်ကို စိုးရိမ်ရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုမိုးညို*က ပြောသည်။

“ကျွန်တော်တို့ သွားလုပ်ရင်လည်း ဒီလူက ငါ့များ မှတ်ထားမလား၊ အချက်အလက်တွေရပြီး ဒလန်များ ပြန်လုပ်မလား၊ တိုင်မလား စိုးရိမ်စိတ်ကရှိတော့ ဆိုင်တွေမှာ လုံးဝမလုပ်ဖြစ်ဘူး” ဟု သူက ပြောသည်။

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလအတွင်း ဆန္ဒပြနေသည့် လူငယ်များ။ ဓာတ်ပုံ – Octopus

စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်ဘက်နိုင်ငံရေးလှုပ်ရှားမှုများ မည်မျှမှေးမှိန်သွားသည်ကို သက်သေပြနိုင်သည့် အရာမှာ တံဆိပ်ရိုက်လုပ်ငန်းအခြေအနေတစ်ခုတည်းသာ မကပါ။ အနှေးယာဉ် ခေါ် ဆိုက်ကားများကို ကြည့်၍လည်း သိနိုင်သည်။ နိုင်ငံအနှံ့ လမ်းများပေါ်တွင် သွားလာနေသည့် ဆိုက်ကားများတွင် လက်ညှိုးထိုးမလွဲ တွေ့ရတတ်သည့် NLD ပုံရိပ်များကို အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တကူးတက ရှာလျှင်ပင် မတွေ့နိုင်တော့။

လမ်းတိုင်း၊ နေရာတိုင်းတွင် နိစ္စဓူဝ သွားလာနေသည့် ဆိုက်ကားများ၏ ကြော်ငြာအား မည်မျှ တာသွားမည်ကို လက်ရှိတွင် စစ်တပ်က ဖမ်းဆီးထားသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကောင်းစွာသိသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ NLD အနိုင်ရပြီးချိန်တွင် ရန်ကုန်မြို့ရှိ ဆိုက်ကားဆရာများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောဖူးသည်။

နောင်ငါးနှစ်အကြာ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန်တွင် ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ လူစုလူဝေးဖြင့် မဲဆွယ်ခွင့်မရချိန်တွင် ဆိုက်ကားဆရာများ၏ စွမ်းပကားကို ဒေါ်အောင်ဆန်းစုကြည် မမေ့ခဲ့။

၂၀၂၀ စက်တင်ဘာ ၈ ရက်နေ့ ၈ နာရီမှစ၍ အိမ်ပြတင်းပေါက်၊ ခြံဝ၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီးတို့တွင် NLD ပါတီအလံ စိုက်ထူကြရန် နိုင်ငံတစ်ဝန်းရှိ ပါတီထောက်ခံသူများကို သူ၏ Facebook စာမျက်နှာမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက် အမှန်တကယ်လည်း အလုပ်ဖြစ်ခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာကဲ့သို့သော မြို့ကြီးများတွင် ရာချီသော ဆိုက်ကားများ လှည့်လည်၍ NLD အတွက် မဲဆွယ်ပေးခဲ့ကြသည်။ NLD ၏ ပြိုင်ဘက်ပါတီများကလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဆိုက်ကားသုံး၍ မဲဆွယ်ရန် အပြိုင်အဆိုင် ကြိုးပမ်းကြသည်အထိ ဖြစ်ခဲ့ရသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် ဆိုက်ကားဖြင့် နိုင်ငံရေးမဲဆွယ်သည့် အားပြိုင်မှုများ အထင်အရှားတွေ့ခဲ့ရသည်။ ထိုဆိုက်ကားနိုင်ငံရေးကစားပွဲတွင် NLD ကို မည်သူမျှ မယှဉ်နိုင်ခဲ့ကြပေ။ တချို့အနှေးယာဉ်လုပ်သားများနှင့် သမ္ဗန်လှေမောင်းသူများကမူ NLD ပါတီအလံကိုသာ တပ်ကြပြီး အခြားပါတီများက အလံနှင့် လက်ဆောင်ပစ္စည်း လာပေးလျှင် လက်မခံခဲ့ကြ။

“အမေစုအလံ လာပေးရင် တပ်မှာပေါ့။ ဒီ့ပြင်အလံ လာပေးရင် မတပ်ဘူး” ဟု ပန်းဆိုးတန်း-ဒလ သမ္ဗန်ဆိပ်မှ လှေမောင်းသူတစ်ဦးက ရွေးကောက်ပွဲမတိုင်မီ ပြောဖူးသည်။

ထိုကာလတွင် ဆိုက်ကားဆရာအချို့သည် ၎င်းတို့တစ်နေ့တာဝင်ငွေထက်ပင် ကျော်လွန်သော ငွေပမာဏအထိ ကျခံသုံးစွဲ၍ NLD အလံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်တို့ကို ၎င်းတို့၏ ဆိုက်ကားများတွင် အလှဆင်ခဲ့ကြသည်။ ဆိုက်ကားဆရာတို့က ပါတီအမှတ်တံဆိပ်ပါသည့် နဖူးစည်းများတပ်၊ အင်္ကျီများ ဝယ်ယူ ဝတ်ဆင်၍ NLD ကို သည်းသည်းလှုပ်ထောက်ခံကြောင်း ပြသနိုင်ခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်များကို အလှဆင်၍ ရန်ကုန်မြို့၌ လှည့်လည်နေသည့် အနှေးယာဉ်လုပ်သားများ။ ဓာတ်ပုံ – EPA

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ထပ်မံ အနိုင်ရပြီးနောက်တွင်လည်း ရန်ကုန်မြို့ရှိ ဆိုက်ကားဆရာ ၁၀၀ ကျော်က နိုဝင်ဘာ ၁၀ ရက်တွင် လှည့်လည်၍ အောင်ပွဲခံခဲ့ကြသေးသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD ကို ထောက်ခံသူ မည်သူ့ကိုမဆို စစ်တပ်က ရန်ရှာနေသည်ဖြစ်၍ မည်သည့်ဆိုက်ကားဆရာကမျှ ထိုသို့ မပြုမူရဲတော့။ ဆိုက်ကားများတွင် အလှဆင်ပြီးသား NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်များကိုပင် ခွာထားလိုက်ရပြီ။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့ သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင် မြို့နယ်များရှိ ဆိုက်ကားဂိတ်များကို Myanmar Now က လှည့်လည်ကြည့်ရှုရာ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်များ မတွေ့ရတော့ပေ။

အသက် ၅၀ အရွယ် ဦးကျော့ဖေ*သည် ဆိုက်ကားနင်းသက် ၁၀ နှစ်ကျော်ရှိပြီး ဗိုလ်တထောင်မြို့နယ်တွင် ဆိုက်ကားနင်းသည်။ အငှားဆိုက်ကားဖြစ်သည့်အတွက် အုံနာကြေး တစ်‌နေ့ ၁၃၀၀ ပေးရပြီး အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းလည်း နှစ်ဆတက်နေလေရာ လက်ဖက်ရည်ပင် မသောက်နိုင်တော့။ အိမ်ငှားစရိတ်၊ စားစရိတ်နှင့် အုံနာကြေးရအောင် မနည်းရှာနေရသည်။

ထိုသို့သောအခြေအနေတွင် စစ်တပ်အာဏာသိမ်းမှုကို လုံးဝမနှစ်မြို့သော်လည်း ယခင်တပ်ထားခဲ့သော NLD ပါတီအလံကို အသာပြန်ဖြုတ်ထားသည့် နည်းလမ်းမှအပ ဦးကျော့ဖေအတွက် အခြားရွေးချယ်စရာ မရှိ။ မိသားစုတွင် တစ်ဦးတည်းသော ဝင်ငွေရှာသူဖြစ်၍ မိသားစုစားဝတ်နေရေးကို သူက ဒုက္ခရောက်မခံနိုင်။

“ကြောက်တာတော့ မဟုတ်ဘူး။ ကိုယ်က ဘာမှမရှိတဲ့ကောင်ဆိုတော့ ကိုယ့်ကို တွဲပြီး တိုင်ပတ်သွားရင် နောက်မှာ ငွေထုတ်လည်း မရှိ၊ စိန်ထုတ်လည်း မရှိ” ဟု ဦးကျော့ဖေက ပြောသည်။

ပုဇွန်တောင်မြို့နယ်၊ ရေကျော်တွင် ဆိုက်ကားနင်းသော အသက် ၄၅ နှစ်အရွယ် ဦးကျော်နိုင်*သည်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီအတွက် လှည့်လည်မဲဆွယ်ရာ၌ ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပုဇွန်တောင်မြို့နယ်မှ ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားလမ်းအထိ NLD အလံများတပ်၍ မျက်စိတစ်ဆုံး လှည့်လည်မဲဆွယ်မှုတွင်လည်း သူက ပါခဲ့သည်။

“အခုကတော့ မလုပ်ရဲကြတော့ဘူး၊ ကြောက်တယ်။ ကိုယ့်လုံခြုံရေးလည်း ရှိတယ်” ဟု ဦးကျော်နိုင်က ပြောသည်။ အာဏာသိမ်းစစ်ကောင်စီက လေသံပစ်ထားသည့် ရွေးကောက်ပွဲ နီးလာချိန်ရောက်၍ ပိုက်ဆံပေး တပ်ခိုင်းလျှင်ပင် မည်သည့်ပါတီအလံကိုမျှ ၎င်း၏ ဆိုက်ကားတွင် မတပ်ဆင်တော့ဟု သူက ဆိုသည်။

အနှေးယာဉ်လုပ်သား ၆ ဦးထက်မနည်းကို မေးမြန်းခဲ့မှုအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်တွင် ယခင်လောက် ဆိုက်ကားငှားစီးသူ မရှိတော့သဖြင့် စားဝတ်နေရေး ဖူလုံရုံ တစ်နေ့တာဝင်ငွေ ကျပ်တစ်သောင်းဝန်းကျင် ရရန်ပင် မနားမနေလုပ်နေရကြောင်း သိရသည်။ ယခင်ကကဲ့သို့ နိုင်ငံရေးခံယူချက်နှင့် ပတ်သက်၍ ပေါ်ပေါ်ထင်ထင် ပြသနိုင်သည့် အခြေအနေ ဆိုက်ကားဆရာများမှာ မရှိတော့။

မန္တလေးမြို့တွင် ၂၀၂၁ ဧပြီက လူငယ်တစ်ဦး၏ လက်တွင် ထိုးထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို စစ်ကောင်စီက မီးရှို့ခဲ့ဖူးသည်။ ဓာတ်ပုံ – CJ

ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆေးမင်ကြောင် ထိုးထား၍ စစ်တပ်က အငြိုးတကြီး ရိုက်နှက်ညှဉ်းဆဲသည့် ဖြစ်စဉ်များ နေရာအနှံ့ ရှိနေသည်။ ၂၀၂၁ ဧပြီက မန္တလေးမြို့ မနော်ဟရီလမ်းနှင့် ၅၃ လမ်းအနီးတွင် စစ်သားများက လူငယ်တစ်ဦးကိုဖမ်းဆီး၊ လက်တွင် ထိုးထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို မီးမြှိုက် ဖျက်ဆီး နှိပ်စက်ခဲ့သည့် ဖြစ်စဉ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။

ထိုအခြေအနေတွင် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ပြများ၌ပင် ယခင် ဆယ်စုနှစ်တစ်ခုအတွင်း နေရာတိုင်းလိုလို မြင်တွေ့နေရသည့် NLD အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်။

အာဏာသိမ်းမှုကို တက်တက်ကြွကြွ ဆန့်ကျင်၍ စစ်ကောင်စီ၏ အငြိုးထား ဖိနှိပ်ခံရသော မန္တလေး စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ ကျော်အရွယ် ဦးငြိမ်းမောင်*သည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၁၉၆၂ မှ ၂၀၁၁ အစောပိုင်းကာလအတွင်း တိုင်းပြည်ကို စစ်အာဏာသိမ်း အုပ်ချုပ်ခဲ့သည့် စစ်ခေါင်းဆောင်ဟောင်း ဦးနေဝင်းနှင့် ဦးသန်းရွှေတို့ခေတ်ကိုပါ မီခဲ့သူဖြစ်သည်။

ဦးသန်းရွှေလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ခိုးကြောင်ခိုးဝှက်သိမ်းရခြင်း၊ NLD ပါတီအလုပ်များကို သိုဝှက်စွာ လုပ်ကိုင်ရခြင်းတို့ ကြုံခဲ့ရဖူးသည်။ သို့သော် ယခု မျက်မှောက်ခေတ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အထက်ပါ အာဏာရှင်ဟောင်းနှစ်ဦးထက် ပိုရက်စက်သည်ဟု သူ့အတွေ့အကြုံများကို နှိုင်းယှဉ်၍ ပြောသည်။

“မင်းအောင်လှိုင်က ရမ်းရမ်းကားကားနဲ့ ပေါ်တင်ကြီးကို လူမိုက်လုပ်တာ။ အခုက သူတို့လက်ထဲ ရောက်သွားရင် လူ့အသက်တွေက ကြက်ကလေးငှက်ကလေးတွေလိုပဲ၊ ဘာဥပဒေမှ မရှိဘူး၊ ဘာတန်ဖိုးမှ မရှိတော့ဘူး” ဟု ဦးငြိမ်းမောင်က ပြောသည်။

မင်းအောင်လှိုင်ရှေ့က အာဏာရှင်နှစ်ဆက်လုံးကို သိမီခဲ့သူ ဦးငြိမ်းမောင်သည် သူ့မှာ ရှိထားပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့် ပတ်သက်သည့် ပစ္စည်းများ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးနှင့် သက်ဆိုင်သော အရာများကို လုံခြုံသောနေရာတွင် သိမ်းဝှက်ထားရမည်မှန်း ကောင်းစွာ သိရှိနားလည်ထားပြီး ဖြစ်သည်။

ပြည်သူပေးသော ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အာဏာရပါတီအဖြစ် ရပ်တည်နိုင်မှုကို လက်နက်အားကိုးဖြင့် စစ်တပ်က ဖြုတ်ချပြီးနောက် NLD ပင် ထိုအခြေအနေကြုံနေရချိန်တွင် ထောက်ခံသူတစ်ဦးဖြစ်သည့် ဦးငြိမ်းမောင်မှာ ၎င်း၏ နိုင်ငံရေးယုံကြည်ချက်ကိုပါ သိုဝှက်လိုက်ရပြီ။

မန္တလေးမြို့ရှိ NLD ရုံး ဖျက်ဆီးခံရသည်ကို ၂၀၂၁ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

လက်တွေ့တွင်လည်း စစ်ကောင်စီက NLD ပါတီကို ရန်သူသဖွယ် ပစ်မှတ်ထားနေသည်မှာ အမှန်ပင်။ 

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် အယောက် ၉၀ အပါအဝင် NLD ပါတီဝင် ၁၁၆၉ ဦး ဖမ်းဆီးခံထားရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးမှာ စစ်တပ်က ဖမ်းထားစဉ် သေဆုံးခဲ့ကြောင်း၊ နိုင်ငံအနှံ့ ပါတီရုံးများ ဖျက်ဆီးခံရမှု အကြိမ် ၁၂၀ အထိရှိကြောင်း NLD က နိုဝင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။

ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းဆုံအနီးမှ NLD ရုံးချုပ်အဆောက်အအုံသည်ပင် တိတ်ဆိတ် ခြောက်ကပ်ပြီး တံခါးအထပ်ထပ် ပိတ်ထားသည်ကို မတ်လ ၂ ရက်နေ့က တွေ့မြင်ရသည်။

ယာဉ်ကြောပိတ်ဆို့မှုအချိန်ကြာသည့် လမ်းဆုံလမ်းခွများရှိ မီးပွိုင့်များတွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်းက နိုင်ငံရေးပါတီအလံများ၊ အင်္ကျီများ၊ ပြက္ခဒိန်နှင့် အမှတ်တရပစ္စည်းများ လိုက်လံရောင်းချသည့် ဈေးသည်များမှာ ယခုအခါတွင် အခြားပစ္စည်းများ အစားထိုးရောင်းချနေရပြီဟု ရန်ကုန်မြို့ခံ အသက် ၃၀ အရွယ် ကိုအေး*က ပြောသည်။

“ကျွန်တော် သတိထားမိသလောက် ဘုရားဆင်းတုတော်အသေးလေးတွေနဲ့ ဘုရားပန်းရောင်းတာတွေလောက်ပဲ တွေ့တော့တယ်” ဟု သူက ပြောသည်။

ထိုဈေးသည်လေးများမှာ ယခင်က ပါတီအလံများ ရောင်းကောင်း၍ ၎င်းထံမှ ဖောက်သည်ယူ ရောင်းခဲ့သော်လည်း ယခု မရောင်းရ၍ မယူတော့ကြောင်း တံဆိပ်ရိုက်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်လှမေက ပြောသည်။

“လူတွေကလည်း လိုအပ်တဲ့ပစ္စည်းပဲ ဝယ်တော့မယ်။ ဒါကို (အလံများ) ဆို အပိုပစ္စည်းလို့ တွက်တဲ့အတွက် မဝယ်ကြတော့ဘူး” ဟု သူက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရန်ကုန်မြို့ရှိ မီးပွိုင့်များ၊ လမ်းဆုံလမ်းခွများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမှတ်တံဆိပ်ပါ ပစ္စည်းများ ရောင်းချနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-EPA

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း တစ်စတစ်စ ပျောက်ကွယ်လာသည့် နိုင်ငံရေးနှင့် ဆိုင်သော ပုံရိပ်များထဲတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်တို့သာမက စစ်အာဏာသိမ်းမှုဂယက်က စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သက်ဆိုင်သော အရာများကိုပင် လူမြင်ကွင်းမှ ရိုက်ချသွားသည်။ သို့သော် စစ်တပ်က မကြည်ဖြူ၍တော့ မဟုတ်။

စစ်ကောင်စီကို ဆန့်ကျင်သူများ ဖမ်းဆီး၊ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များတွင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများ သတင်းပေးသည်ဟု စွပ်စွဲခံနေရကာ တော်လှန်ရေးအဖွဲ့များ၏ လက်တုံ့ပြန် ရှင်းလင်းမှုများ နိုင်ငံအနှံ့ နေ့စဉ် ပေါ်ပေါက်နေရာ ကြံ့ခိုင်ရေးပါတီကို ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ပြရဲသူ ရှားလာသည်။ စစ်ခေါင်းဆောင်၏ဓာတ်ပုံ ချိတ်ဆွဲလျှင် အများ ငြိုငြင်မည်ကို စစ်တပ်ထောက်ခံသူများ နားလည်ကြသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ ကိုမိုးညိုက ပြောသည်။

“ဒီဆိုင်ကြီးက ကြံ့ခိုင်ရေးကပုံတွေ၊ လူသတ်ကောင်တွေပုံတွေ ဝေဝေဆာဆာ ချိတ်ထားတယ်၊ ဘာဆိုင်ကြီးလဲ ဆိုတာမျိုး (လူတွေက ထင်ကြမှာ) သူတို့ကလည်း စိုးရိမ်တယ်” ဟု သူက ဆိုသည်။

လက်တွေ့တွင်လည်း ကြံ့ခိုင်ရေးပါတီသည် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် မြို့ကြီးအချို့တွင်သာ ပေါ်ပေါ်ထင်ထင် လှုပ်ရှားနိုင်သည်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံရှိ မြို့နယ်ထက်ဝက်နီးပါးကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်ဟု ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားရသည်။ စစ်တပ်ပိုင် လုပ်ငန်းနှင့် ထုတ်ကုန်များကို ပြည်သူများ သပိတ်မှောက်မှုကြောင့် မည်မျှထိခိုက်နေရသည်ကို မြန်မာဘီယာနှင့် မိုင်တဲဆက်သွယ်ရေးလုပ်ငန်းတို့ကို နမူနာကြည့်လျှင် သိနိုင်သည်။

စစ်အာဏာသိမ်းပြီးနောက် အရပ်ဘက်နိုင်ငံရေး နိုးကြားမှုနှင့် လွတ်လပ်စွာ ရပ်တည်ခွင့်၊ မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုခွင့်တို့မှာ အလွှာအသီးသီးအကြား မည်မျှ ပျောက်ပျက်၊ ပျက်စီးသွားသည်ဆိုသည်ကို အထက်ပါ ဖြစ်စဉ်များအရ အထွေအထူး ထပ်၍ ဆိုဖွယ်ရာမရှိတော့ချေ။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများ စုဝေးချီတက်နေသည်ကို ၂၀၂၂ အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

သို့သော် စစ်တပ်ကို လက်နက်ကိုင်ခုခံမှု အားကောင်းရာ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသတို့တွင် NLD ပါတီအလံများ၊ အင်္ကျီများနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အင်္ကျီများကို ယနေ့တိုင် ဝတ်ဆင်နေကြသေးသည်။

အညာဟု ခေါ်ဆိုကြသည့် စစ်ကိုင်း၊ မကွေး ဒေသအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများတွင် NLD ပါတီအလံများ၊ အင်္ကျီများကို ယနေ့တိုင် အသုံးပြုဝတ်ဆင်နေကြဆဲ။

စစ်တပ်က အပြည့်အဝ မအုပ်ချုပ်နိုင်သည့် စစ်ကိုင်း၊ မကွေးရှိ မြို့များ၌ ကား၊ ဆိုင်ကယ်နှင့် ဆိုင်များတွင် NLD ပုံရိပ်များ ပေါ်ပေါ်ထင်ထင်ရှိနေဆဲ။

သို့သော် စစ်တပ်က မီးရှို့သတ်ဖြတ်မှုများ ပြင်းထန်လာသည့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင်မူ ဒေသခံတို့က လုံခြုံရေးအခြေအနေကို ကြည့်၍ NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သက်ဆိုင်သည့် အရာများကို ဖြုတ်တန်ဖြုတ်၊ ဖွက်တန်ဖွက်နေကြရပြီဟု အာဏာသိမ်းပြီးနောက် ထိုဒေသများသို့ သွားရောက်ခဲ့သည့် အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ကိုမျိုးထက်လှသော်က ပြောသည်။

“စစ်ကြောင်းတွေလာမယ်ဆို သူတို့ ချောင်တွေထဲ ထည့် (ဝှက်) တာတွေ၊ မြေကြီးထဲ မြှုပ်ခဲ့တာတွေ လေးငါးခါ တွေ့ဖူးတယ်” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကို ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

ဒေသခံတို့ ထိုသို့မလုပ်လျှင်လည်း မဖြစ်ပါ။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသများရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် ဝင်ရောက်လာပါက NLD ပါတီဝင်များနှင့် ဆက်စပ်သူများကို ဦးဆုံး ခေါ်ယူမေးမြန်းကာ ပစ်မှတ်ထား သတ်ဖြတ်နေသည်။ အလိုရှိသည့် NLD ပါတီနှင့် ပတ်သက်သူကို ရှာမတွေ့ပါက နေအိမ်ကို မီးရှို့သည်အထိ စစ်တပ်က ပြုမူနေသည်။

တော်လှန်ရေးအားကောင်းသည့် ထိုဒေသတွင် ရေပန်းစားနှင့်ပြီးဖြစ်သည့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်တို့အပြင် စစ်ကောင်စီကို ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံကိုပါ ပြည်သူများက တပ်ဆင်အသုံးပြုနေသည်ဟု ကိုမျိုးထက်လှသော်ထံမှ သိရသည်။

သို့သော် တစ်နိုင်ငံလုံး ခြုံ၍ ကြည့်လျှင် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း တော်လှန်ရေးနှင့် သက်ဆိုင်သည့် ပစ္စည်းများ၊ NLD နှင့် ဆိုင်သော ပစ္စည်းများကို ပေါ်ပေါ်ထင်ထင် မထားကြတော့။

ယင်းမှာ စစ်အာဏာရှင်စနစ်ကို ထောက်ခံ၍ ဖြစ်သည်ဟု ထင်လျှင် မှားပေလိမ့်မည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ လူထုပါဝင်၍ လေးကြိမ်တိုင်တိုင် အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို ကြည့်လျှင် အခြေအနေကို သိနိုင်သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ မိုးညိုက ထောက်ပြသည်။

အချိန်ကာလ သတ်မှတ်၍ အပြင်မထွက်၊ ဈေးမဝယ်၊ လမ်းများပေါ်တွင် လူမရှိသည့် နည်းကို သုံး၍ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသသည့် လူထု၏ အသံတိတ်သပိတ်မှာ နိုင်ငံတကာတွင်ပါ ကျော်ကြားသည်။

“လူထုက အရင်လို မဟုတ်တော့ဘူး။ အခု ပိုပါးနပ်ကြတယ်။ ဘယ်ဟာဆိုရင်တော့ (သူတို့အတွက်) အန္တရာယ်များတယ်။ တော်လှန်ရေးမှာ ဘယ်လိုရအောင်ပါမယ် စသဖြင့် ပိုပါးနပ်လာကြတယ်” ဟု မိုးညိုက ဆိုလိုက်သည်။

(*ပြထားသည်မှာ လုံခြုံရေးအရ နာမည်လွှဲထားခြင်းဖြစ်သည်)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ရရာလက်နက်ဖြင့် စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးသမားအချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button