စီးပွားရေးသတင်း

စီးပွားပျက်နေချိန် ဘဏ်အကြွေးမဆပ်နိုင်ဟု SME လုပ်ငန်းရှင်များပြော

နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးယိုယွင်းလာမှုများကြောင့် လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သဖြင့် ဘဏ်အကြွေး ပြန်ပေးဆပ်ရန် ခက်ခဲလာသည်ဟု SME ခေါ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသူများက‌ ပြောသည်။

ကိုဗစ်ကပ်ဘေးဆိုက်ရောက်ချိန်တွင် ဘဏ်ချေးငွေများ ရယူကာ လုပ်ငန်းအသီးသီးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသော်လည်း စစ်တပ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းမလည်ပတ်နိုင်ဘဲ ဆုံးရှုံးသွားခဲ့သည်ဟု မန္တလေးမြို့မှ ဝန်ဆောင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“အခုချိန်က ထိုင်စားသလောက်နီးနီးတွေ။ ရောင်းလို့ချလို့ရရင် ကျွန်တော်တို့က ချေးထားတဲ့ငွေဆိုတော့ ဆပ်ရမှာလေ။ ဒါကတော့ ကျွန်တော်တို့ တာဝန်ယူရမှာလေ။ ဒါပေမဲ့ ကျွန်တော်တို့ မဆပ်နိုင်သေးဘူး။ ငွေဝင်သလောက်လေး သွင်းတယ်။ အခုမြေရောင်းရတယ်ပေါ့ဗျာ။ ၁၀၀ ဆိုရင် ၅၀ သုံးဖို့ ထားပြီး ၅၀ လောက် သွားသွင်းလိုက်တာမျိုးပေါ့” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းမှာ SME များဖြစ်ပြီး ချေးငွေလက်လှမ်းမီရန် ၂၀၁၅ မှ စတင်ကာ ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) ထံမှ ချေးငွေရယူ၍ ပြည်တွင်းဘဏ်များမှတစ်ဆင့် ထုတ်ချေးခဲ့သည်။

ဂျပန်အစိုးရချေးငွေကို မြန်မာ့စီပွားရေးဘဏ်က ကိုယ်စားလှယ်အဖြစ် ရယူပြီး ပြည်တွင်းဘဏ် ၁၁ ခုမှ ၃ နှစ်နှင့် ၅ နှစ် သက်တမ်းရှိ ချေးငွေများကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်သည်။ 

ကျပ်သန်း ၅၀၀ အထိ ထုတ်ပေးသည့် ထို‌ချေးငွေကို ၃ လ တစ်ကြိမ် အတိုးပေးဆပ်ရပြီး ချေးငွေသက်တမ်း ၃ နှစ်ဖြစ်ပါက တစ်နှစ်ဆိုင်းငံ့ပြီး ကျန် ၂ နှစ်အတွင်း အရင်းပေးဆပ်ရသည်။ 

ကပ်ဘေးကာလအတွင်း ဘဏ်များက ချေးငွေအစီအစဉ် အပြိုင်အဆိုင် ဈေးကွက်မြှင့်တင်လာမှုနှင့်အတူ ပြည်တွင်း SME လုပ်ငန်းအများအပြား ချေးငွေရရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်အတွင်း လုပ်ငန်းများရပ်ဆိုင်သွားသဖြင့် ချေးငွေ ပြန်မဆပ်နိုင်တော့ကြောင်း ထိုအမျိုးသမီးက ဆိုသည်။ 

“ချေးငွေယူပြီးတော့ လုပ်ငန်းတွေ ရပ်သွားပြီ။ ယူထားတာတွေက ထိုင်စားလိုက်သလို ဖြစ်သွားတာပေါ့။ လုပ်ငန်းထဲကို မြှုပ်လိုက်တဲ့ ပိုက်ဆံတွေကလည်း လုံးဝကို ပလုံသွားတယ်” ဟု ၎င်းက ဆိုသည်။

၂ နှစ်ကျော် ကာလအတွင်း လုပ်ငန်းတိုင်း အရှုံးပြနေပြီး လုပ်ငန်းအချို့ ပြန်လည်ပတ်လာသော်လည်း ပိုင်ဆိုင်သည့် အိမ်ခြံမြေများကို ထုခွဲရောင်းချနေရကြောင်း ၎င်းက ဆိုသည်။

စစ်ဗိုလ်ချုပ်များ အာဏာသိမ်းစက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာ ကျပ်ငွေတန်ဖိုး ဇောက်ထိုးကျဆင်းလာသလို လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်မှု၊ လောင်စာဆီ ပြတ်လပ်မှုတို့ကြောင့် သယ်ယူစရိတ်၊ ထုတ်လုပ်မှုစရိတ် မြင့်တက်လာကာ လုပ်ငန်း ပုံမှန်မလည်ပတ်နိုင်ကြောင်း စားသောက်ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦးက  ပြောသည်။

ကုန်ဈေးနှုန်း ကြီးမြင့်လာသော်လည်း တစ်ဦးချင်းဝင်ငွေ မတိုးတက်လာသဖြင့် ရောင်းအားများ ထိုးကျသွားကြောင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းကို စစ်ကောင်စီက အကြီးအကျယ် မြေလှန်ထိုးစစ်ဆင်နေခြင်းကြောင့် ထိုဒေသတွင် ကုန်ပစ္စည်းများ မဖြန့်ဖြူးနိုင်တော့ကြောင်း၊ ရလဒ်အားဖြင့် ဘဏ်အကြွေးမဆပ်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။

“လုံးဝ မဆပ်နိုင်လုနီးပါးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုမှာ ဆပ်ဖို့ ဘယ်လိုမှ မလွယ်ဘူး။ Blacklist (နာမည်ပျက်စာရင်း) ထိမှာစိုးလို့သာ ရှိသမျှအကုန်လုံး စုစပ်ပြီးတော့ ဆပ်ရတယ်။ တကယ်တမ်းက အခုချိန်ကတော့ မလွယ်ဘူး” ဟု ၎င်းက ဆိုသည်။ 

ဘဏ်များကမူ ငွေ အတင်းအကျပ်ပြန်တောင်းနေပြီး နေ့စဉ်နှင့်အမျှ စာပို့ခြင်း၊ ဖုန်းဆက်ခြင်း၊ ကုမ္ပဏီရုံးခန်းများအထိ လာတောင်းခြင်းအပြင် သတင်းစာတွင်ပင် အကြွေးတောင်းစာ ထည့်သွင်းလာသည်။ 

အာဏာသိမ်းခေါင်းဆောင်က အသေးစား၊ အလတ်စားလုပ်ငန်းများကို အားပေးမည်ဟု လိုက်လံစည်းရုံးနေချိန် စစ်ကောင်စီ၏ နေပြည်တော်စည်ပင်ဘဏ်က SME လုပ်ငန်းရှင် ၈ ဦးကို အကြွေး ကျပ်သိန်း ၂၀၀,၀၀ ရလိုမှုဖြင့် တရားစွဲဆိုမည်ဟု မတ် ၈ တွင် ကြေညာခဲ့သည်။

ထိုလုပ်ငန်းရှင် ၈ ဦးမှာ မန္တလေးနှင့် နေပြည်တော်မှ ဖြစ်သည်၊ ပိုးထည်၊ အမှုန့်ကြိတ်လုပ်ငန်း၊ စားသောက်ဆိုင်၊ စက်ရက်ကန်း၊ ဆေးဆိုင်နှင့် မိတ္တူဆိုင်ရှင်တို့ ပါဝင်ပြီး အနည်းဆုံး ကျပ်သိန်း ၄၆၀ မှ ၅,၅၅၀ အထိ ချေးယူထားခြင်းဖြစ်သည်ဟု ကြေညာချက်တွင် တွေ့ရသည်။ 

အိမ်နှင့် ခြံကို ရောင်းချပြီး ဘဏ်အကြွေးဆပ်ရန် ပြင်ဆင်ထားသော်လည်း ရောင်းမထွက်သေးကြောင်း၊ သတင်းစာတွင် ထည့်သွင်းခံရပြီးနောက် ဝယ်လက်များက ဈေးပိုနှိမ်ကြောင်း အကြွေးအတောင်းခံရသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အပေါင်ပစ္စည်းအာမခံ အထပ်ထပ်ပေးပြီးမှ ချေးငွေရရှိခြင်းဖြစ်ပြီး ချေးငွေပြန်ဆပ်ရက် ရွှေ့ဆိုင်းပါက အဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။

“အမြန်ဆုံးရောင်းနိုင်ဖို့ ကြိုးစားမယ်လို့ စိတ်ကူးတယ်။ ဘဏ်ဘက်က တစ်နှစ်လောက် စောင့်ပေးရင်တော့ ကောင်းတာပေါ့။ ယူထားတာ ပြန်ဆပ်ရမှာပဲ။ ဒါပေမဲ့ သူတို့ဘက်က (တရားစွဲဆိုတာကို) ဆက်လုပ်သွားမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံခြားမှ ချေးယူထားသည့် ချေးငွေများ အတိုး၊ အရင်းပြန်မဆပ်ရန် ဘဏ်များကို ၂၀၂၂ ဇူလိုင်တွင် ညွှန်ကြားထားသည်၊ သို့သော်လည်း ဘဏ်များက လုပ်ငန်းရှင်များကို  ပြန်ဆပ်ရန် တောင်းဆိုနေသည်ဟု မန္တလေးမြို့မှ ဝန်ဆောင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးက ဆိုသည်။ 

ဘဏ်များသည် ချေးငွေပြန်မဆပ်သူတို့ထံမှ အပေါင်ပစ္စည်းများသိမ်းသလို မဆပ်နိုင်သည့် ကာလကို အတိုးအရင်းပေါင်း ဒဏ်ကြေးငွေ ကောက်ခံသဖြင့် ပေးဆပ်ရမည့် ပမာဏ ပိုများလာကြောင်းလည်း ပြောသည်။ 

အမြတ်ရရန်ထက် လုပ်ငန်းရပ်တည်ရန် ကျားကန်နေရချိန်တွင် ချေးငွေ အတင်းကျပ်ပြန်တောင်းပါက အပေါင်ပစ္စည်းများ အဆုံးခံပြီး ထွက်ပြေးရသည့် အခြေအနေထိ ဖြစ်လာနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ 

“ဘဏ်ကနေပြီးတော့ အိမ်တွေပိတ်ထားတာ၊ အိမ်တွေရောင်းသွားတာ။ ဒါမျိုးတွေ မျိုးစုံဖြစ်နေတဲ့ ပြဿနာက အကြီးကြီးပဲ။ အစ်ကိုတို့လည်း ပေးနိုင်တဲ့အချိန် ပေးတာလေ။ ပေးလို့မရနိုင်ဘူးဆိုရင် ဘာလုပ်မှာလဲ။ လစ်မှာပဲ” ဟု စားသောက်ကုန်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်က ဆိုသည်။

NLD အစိုးရလက်ထက်တွင် ချေးငွေဖြေလျှော့မှုနှင့် SME ဆိုင်ရာ အခက်အခဲများကို တင်ပြနိုင်သော်လည်း စစ်ကောင်စီလက်ထက်တွင် ထိုအခွင့်အရေး ပျောက်ဆုံးသွားကြောင်း ၎င်းက ဆိုသည်။ သို့သော် စစ်ကောင်စီသည် ကိုဗစ်နိုင်တင်းရန်ပုံငွေထဲမှ လုပ်ငန်းရှင် ၆၀၀၀ ခန့်ကို ထုတ်ချေးထားသည့် ချေးငွေ ကျပ် ၁၅၈ ဘီလျံကို ပြန်ဆပ်ရမည့်ရက်ကို သက်တမ်းတိုးပေးထာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button