သတင်း

နေပြည်တော်စည်ပင်ဘဏ်က SME လုပ်ငန်းရှင် ၈ ဦးကို တရားစွဲမည်ဟု ကြေညာ

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းခန်းလှည့်လည်ကာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို လိုက်လံစည်းရုံးနေချိန် စစ်ကောင်စီ၏ နေပြည်တော်စည်ပင်ဘဏ်က SME လုပ်ငန်းရှင် ၈ ဦးကို အကြွေး ကျပ်သိန်းနှစ်သောင်း ရလိုမှုဖြင့် တရားစွဲဆိုမည်ဟု ကြေညာလိုက်သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းနေချိန် ပြည်တွင်းအားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသော ဓာတ်ပြားဟောင်းဖြင့် မင်းအောင်လှိုင်က အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို ချေးငွေများထုတ်ပေးမည်ဖြစ်ကြောင်း မနားမနေ စည်းရုံးနေစဉ် နေပြည်တော်စည်ပင်ဘဏ်၏ အကြွေးတောင်းစာ ပေါ်ထွက်လာသည်။ 

လုပ်ငန်းရှင်ရှစ်ဦးအနေဖြင့် သီတင်းနှစ်ပတ်အတွင်း ပေးဆပ်နိုင်ခြင်း မရှိပါက တရားစွဲဆိုမည်ဟု နေပြည်တော်စည်ပင်ဘဏ်က ယနေ့ (မတ် ၈) ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာထားသည်။

အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) က ထုတ်ပေးသည့် နှစ်ဆင့်ချေးငွေကို နေပြည်တော်ဘဏ်မှတစ်ဆင့် ချေးယူထားခြင်းဖြစ်ကာ အရင်း၊ အတိုးနှင့် အာမခံကြေး ငွေများကို အကြိမ်ကြိမ်ပေးသွင်းရန် ပျက်ကွက်နေသည်ဟု ဆိုသည်။

နေပြည်တော်စည်ပင်ဘဏ်၏ ကြေညာချက်တွင် အသေးစားစီးပွားရေးလုပ်ငန်းရှင်ရှစ်ဦး၏ အမည်သာမက မှတ်ပုံတင်နံပါတ်၊ လုပ်ငန်းအမျိုးအမည်၊ တည်နေရာနှင့် ချေးယူထားသည့် ငွေကြေးပမာဏကိုပါ ထည့်သွင်းဖော်ပြထားသည်။

လုပ်ငန်းရှင်ရှစ်ဦးတွင် ပိုးထည်၊ အမှုန့်ကြိတ်လုပ်ငန်း၊ စားသောက်ဆိုင်၊ စက်ရက်ကန်း၊ ဆေးဆိုင်နှင့် မိတ္တူဆိုင်ရှင်တို့ ပါဝင်ပြီး မန္တလေးနှင့် နေပြည်တော်မှဖြစ်ကာ အနည်းဆုံး ကျပ်သိန်း ၄၆၀ မှ ၅၅၅၀ အထိ ချေးယူထားခြင်းဖြစ်သည်။

အကြွေးတောင်းခံရသည့် SME လုပ်ငန်းရှင်အချို့ကို ဆက်သွယ်မေးမြန်းရာတွင် ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့သော စီးပွားရေးမှာ စစ်အာဏာသိမ်းမှုကြောင့် ပိုဆိုးလာရာ လုပ်ငန်းရပ်တည်ရန်ပင် ခက်ခဲလာသဖြင့် အကြွေးမဆပ်နိုင်ခြင်းဖြစ်ကြောင်း တုံ့ပြန်ကြသည်။

စစ်ကောင်စီလက်အောက်ခံ နေပြည်တော်စည်ပင်ဘဏ်က တရားစွဲမည်ဟု ခြိမ်းခြောက်ထားသည့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များတွင် ရက်ကန်းလုပ်ငန်းရှင်တစ်ဦးလည်း ပါဝင်သည်။ မကြာမီက စစ်ကိုင်းတိုင်းရှိ စက်ရက်ကန်းရုံများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။ 

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းကို အာဏာသိမ်းစစ်တပ်က မြေလှန်မီးရှို့နေသဖြင့် ထိုဒေသနှင့် ချိတ်ဆက်၍ ၎င်းပိုင် အထည်အလိပ်လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်ဟု ထိုဒေသနှင့် ချိတ်ဆက်ကာ ရက်ကန်းထည် ဖြန့်ဖြူးရောင်းချနေသူတစ်ဦးက ဆိုသည်။​

“လုပ်ငန်းက အကုန်ရပ်လိုက်ရပြီ။ ပေးထားတဲ့ လက်ကမ်းအလှမ်း (ငွေကြိုပေး၊ ပစ္စည်းယူ) ပေးတာတွေက စစ်ကိုင်းဘက်မှာ။ ဘဏ်ချေးငွေယူပြီး အလှမ်းတွေပေးခဲ့တာပေါ့။ အကုန်လုံးက ဖုန်းလည်း ဆက်သွယ်လို့ မရတော့ဘူး။ သူတို့ကလည်း ပြေးရ ဘာညာ ဖြစ်ကုန်တော့ပေါ့” ဟု ထိုလုပ်ငန်းရှင်က ပြောသည်။

လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရသဖြင့် ပိုင်ဆိုင်သည့်ပစ္စည်းများ ထုခွဲရောင်းချနေရကြောင်း၊ ဘဏ်နှင့် ညှိနှိုင်းသော်လည်း အတိုးအရင်း ပြန်ဆပ်ရန်သာ အကြောင်းပြန်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

နေပြည်တော်စည်ပင်ဘဏ်က ထုတ်ချေးထားသည့် ထိုချေးငွေများမှာ ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီ (JICA) က အာဏာသိမ်းပြီးနောက် ထုတ်ပေးသည့် ချေးငွေဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ကိုဗစ်ကာလတွင် အပေါင်ပစ္စည်းမလိုဘဲ ထုတ်ချေးထားခြင်းဖြစ်ကြောင်း၊ သတ်မှတ်ကာလ ပြည့်ချိန်တွင် ပြန်မဆပ်သည့်အတွက် လုပ်ထုံးလုပ်နည်းအရ တရားဝင်စာထုတ်ခြင်းဖြစ်ကြောင်း နေပြည်တော်စည်ပင်ဘဏ်မှ အရာရှိတစ်ဦးက ပြောသည်။

“အစိုးရသတင်းစာကနေ တရားဝင်ထုတ်တယ်။ ပြီးရင် တရားရုံးကနေ ဆင့်ခေါ်မယ်။ ဒါကတော့ လုပ်ထုံးလုပ်နည်းပါပဲ။ ချေးငွေထုတ်တဲ့ သဘောတူညီချက်အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး။ ခု ဆိုင်တွေက မရှိတော့တာတွေ နာမည်ပြောင်းဖွင့်တာတွေ လုပ်တော့ စာချုပ်ပါ အချက်အလက်အတိုင်း တရားရုံးမှာ ရင်ဆိုင်ကြရမယ်”

နေပြည်တော်စည်ပင်ဘဏ်၏ ထုတ်ပြန်ချက်ပါ လုပ်ငန်းများအနက် နေပြည်တော်ရှိ လုပ်ငန်းအချို့ကို ယနေ့ သွားရောက်လေ့လာရာတွင် တချို့ ဆိုင်ပိတ်ထားကာ တချို့က နာမည်အသစ်ဖြင့် ပြန်လုပ်ကိုင်နေသည်ကို တွေ့ရသည်။

ယခင်က ဘဏ်ချေးငွေအတိုးကို ပုံမှန်ပေးဆပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် စီးပွားရေးကျဆင်းမှုကြောင့် မဆပ်နိုင်တော့ဟု အကြွေးတောင်းခံရသည့် အခြားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အတိုးတွေက ဆပ်တာတော့ ဆပ်တာပေါ့။ ဒါပေမဲ့ မမီတော့ အဲလိုမျိုးဖြစ်သွားတာပေါ့။ မဆပ်တာ မဟုတ်ဘူး။ ဆပ်တယ်။ ဒါပေမဲ့ နည်းတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာသည့်နည်းတူ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းလျက်ရှိသည်။​ ၂၀၂၂ ခုနှစ်အတွင်း၌ပင် လူမွဲခံယူခြင်းဆိုင်ရာဥပဒေဖြင့် ဖျက်သိမ်းပြီး၊ ဖျက်သိမ်းဆဲနှင့် ဖျက်သိမ်းရန် ပြင်ဆင်သည့် ကုမ္ပဏီ ၃၀၀ ကျော် ရှိနေသည်။

“အဓိကတော့ ဘဏ်ကြွေးတွေဗျ။ ဘဏ်ကြွေးတွေ မဆပ်နိုင်ကြတော့ဘူး။ အလုပ်တွေက မကောင်းကြဘူးလေ။ ပြီးတော့ တချို့လုပ်ငန်းတွေက ချေးငှားပြီး လုပ်ကြရတာ။ စီးပွားရေးမကောင်းရင် လုပ်ရတာ မလွယ်ဘူး” ဟု ရန်ကုန်မှ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ကို နေပြည်တော်စည်ပင်ဘဏ်အမည်ဖြင့်၂၀၁၃ တွင် တည်ထောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၃ တွင် ထည့်ဝင်ပြီး မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၂,၀၀၀ ဖြင့် စတင်ခဲ့ရာမှ ၂၀၁၅ တွင် ကျပ်သန်း ၂၀,၀၀၀ အထိ တိုးမြှင့်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button