အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရားမဝင်လည်ပတ်ရန် ဖိအားပေးသဖြင့် မြန်မာမှ ထွက်ခွာခြင်းဖြစ်သည်ဟု PGMF ထုတ်ပြန်

ကန့်သတ်ချက်များအပြင် တရားမဝင် လုပ်ငန်းလည်ပတ်ရန် စစ်ကောင်စီဘက်က ဖိအားပေးလာသဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြည်တွင်း၌ သက်တမ်းအရှည်ကြာဆုံး အသေးစား ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းဖြစ်သော Pact Global Microfinance Fund (PGMF) က ထုတ်ပြန်သည်။

စစ်ကောင်စီကို ဆက်လက်ဖိအားပေးနိုင်ရေး နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာအပြီး ရက်ပိုင်းအတွင်း PGMF အဖွဲ့၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လုပ်ငန်းဆက်လည်ပတ်နိုင်ရေး ခွင့်ပြုချက်တောင်းခံရာ၌ အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများ လွှဲပေးရန် စစ်ကောင်စီဘက်က ဖိအားပေး တောင်းဆိုခဲ့ကြောင်း ယမန်နေ့ (ဇွန် ၂၆) ထုတ်ပြန်ချက်တွင် PGMF ဘုတ်အဖွဲ့ဥက္ကဋ္ဌ Ellen Varney က ထည့်သွင်းပြောဆိုသည်။

“ခွင့်ပြုချက်အတွက် အဖိုးအခအနေနဲ့ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်မှာ လွှဲပြောင်းပေးရမယ်လို့ ဆိုပါတယ်။​ ဒါကို လိုက်နာဆောင်ရွက်ပေးလို့မရတဲ့ အကြောင်းရင်းတွေထဲမှာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်နိုင်သလို ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ကြောင့် ငွေချေးယူထားသူ ၈၉၀,၀၀၀ ထံမှ ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၅၆ သန်းကို လျှော်ပစ်ကာ ထွက်ခွာရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အမေရိကန်အစိုးရ ထောက်ပံ့မှုဖြင့် လည်ပတ်နေသည့် PGMF အဖွဲ့မှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် မိတ်ဖက်ပြုလုပ်ကာ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် အသေးစား ငွေကြေးဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် အသစ်ပြဋ္ဌာန်းလိုက်သည့် အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဥပဒေအရ ချေးငွေအသစ်ထုတ်ပေးခြင်းကို ပိတ်ပင်ခဲ့ကြောင်း၊ နိုင်ငံခြားငွေနှင့် ပတ်သက်၍လည်း တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း PGMF ၏ ထုတ်ပြန်ချက်က ဆိုသည်။

“မှတ်ပုံတင်ခွင့်မပြုဘဲ မြန်မာနိုင်ငံမှ ထွက်ခွာလျှင် ထွက်ခွာ သို့မဟုတ် တရားမဝင် လည်ပတ်ရန် ဖိအားပေးနေပါသည်” ဟု ဆိုသည်။

အဖွဲ့အစည်းပိတ်သိမ်းရခြင်းအတွက် ဝမ်းနည်းကြောင်း၊ ဝန်ထမ်းများအတွက် လစာ၊ အပိုကြေးနှင့် အခြားခံစားခွင့်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ အခြေအနေပေးပါက အသေးစားငွေချေးလုပ်ငန်းတွင် ပြန်ဝင်နိုင်ရန် ပြင်ဆင်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း PGMF အဖွဲ့က ဆောင်ရွက်နေသော အသေးစားငွေကြေးလုပ်ငန်းဆိုသည်မှာ ဘဏ်နှင့် ချိတ်ဆက်ထားခြင်း မရှိသည့် အသေးစားချေးငွေများထုတ်ပေးခြင်း၊ အသင်းသားများအတွက် ငွေစုခြင်း၊ ငွေလွှဲဝန်ဆောင်မှုနှင့် အသေးစားအာမခံ အပါအဝင် အခြားဆက်စပ်ဝန်ဆောင်မှုများ ပေးခြင်းဖြစ်သည်။​

ချေးငွေများလျှော်ပစ်လိုက်သဖြင့် ဝမ်းသာသူများရှိသော်လည်း နောက်ပိုင်းတွင် ထိုအဖွဲ့အစည်းထံမှ ငွေကြေးအရင်းအနှီး ထပ်မရနိုင်တော့သည့်အပြင် နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည့် ဝန်ထမ်းများလည်း အလုပ်လက်မဲ့ဖြစ်သွားသည်ဟု ဧရာဝတီတိုင်းရှိ PGMF ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဒီအဖွဲ့အစည်းက နှစ်ပေါင်း ၂၅ နှစ် ကျော်နေပြီ။ တချို့က ချေးငွေတွေ လျှော်လိုက်လို့ ပျော်တဲ့သူက ပျော်တယ်။ နောက်ကာလတွေမှာ ဆက်ပြီးတော့ ရဖို့မရှိတော့ စိတ်မကောင်းဖြစ်မိတယ်။ ဝန်ထမ်းတွေအတွက် အကုန်လုံး အလုပ်လက်မဲ့ဖြစ်သွားတာပေါ့”

စစ်ကောင်စီနှင့် ညှိနှိုင်းမရတော့သဖြင့် PGMF အဖွဲ့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများကို အကျိုးခံစားခွင့် အားလုံးပေးခဲ့ကြောင်းလည်း အထက်ပါဝန်ထမ်းက ဆိုသည်။

မြန်မာနိုင်ငံရှိ PGMF အဖွဲ့၌ ဝန်ထမ်းပေါင်း ၅,၀၀၀ ကျော် ရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာအထိ ကျေးရွာ ၁၆,၀၀၀ ကျော်မှ အိမ်ထောင်စုပေါင်း ၁ သန်းကျော်ကို ငွေကြေးဝန်ဆောင်မှုပေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အသေးစားငွေကြေးလုပ်ငန်းများကို ၁၉၉၀ နောက်ပိုင်းမှစ၍ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်ကာ တစ်စတစ်စ ဖွံ့ဖြိုးလာပြီးနောက် ၂၀၂၀ အောက်တိုဘာအထိ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၇၅ ကျော် ရှိသည်။

စစ်ကောင်စီက ၎င်းတို့ စိတ်ကြိုက်ပြင်ဆင်ရေးဆွဲထားသည့် မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို လွန်ခဲ့သည့် နှစ် အောက်တိုဘာလကုန်ပိုင်းတွင် ပြဋ္ဌာန်းခဲ့သည်။ အရပ်ဘက်အဖွဲ့များ မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်ပြီး ဥပဒေချိုးဖောက်ပါက ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ် ဆယ်သိန်း ချမှတ်ခံရမည်ဟု ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button