စီးပွားရေး

အာဏာဆက်သိမ်းထားသည့် ၂၀၂၂ တွင် ဖျက်သိမ်းလိုသည့်ကုမ္ပဏီ ၃၀၀ ကျော်ရှိ

နိုင်ငံအတွင်း လည်ပတ်နေသည့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းအများအပြား စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရပ်ဆိုင်းလျက်ရှိရာ ယခုနှစ်အတွင်း လူမွဲခံယူခြင်းဆိုင်ရာဥပဒေဖြင့် ဖျက်သိမ်းပြီး၊ ဖျက်သိမ်းဆဲနှင့် ဖျက်သိမ်းရန် ပြင်ဆင်သည့် ကုမ္ပဏီ ၃၀၀ ကျော် ရှိနေသည်။

၂၀၂၂ ဇန်နဝါရီ ၇ မှ ဒီဇင်ဘာ ၁၆ အထိ စစ်ကောင်စီက ထုတ်ပြန်သော မြန်မာနိုင်ငံပြန်တမ်းကို အခြေခံ၍ Myanmar Now က ပြုစုထားသော အချက်အလက်များအရ စာရင်းရှင်းလင်းဖျက်သိမ်းမည့် ကုမ္ပဏီပေါင်း ၃၃၀ ကျော်ရှိနေကြောင်း တွေ့ရှိရသည်။

တစ်လလျှင် ၂ ကြိမ်မှ ၅ ကြိမ်အထိ ထုတ်ပြန်လေ့ရှိသည့် ပြန်တမ်းတွင် အကြွေးများရှင်းလင်း၍ တရားဝင်ဖျက်သိမ်းသည့် ကုမ္ပဏီများတွေ့ရသလို​ အစုရှယ်ယာရှင်များကို နောက်ဆုံးအစည်းဝေးခေါ်ကာ ဆန္ဒအလျောက် ဖျက်သိမ်းရန် ပြင်ဆင်နေသည့် ကုမ္ပဏီများပါဝင်သည်။

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာမှုနှင့်အတူ နိုင်ငံ့စီးပွားရေး ကျဆင်းလာခြင်းကြောင့် လုပ်ငန်းရပ်တည်ရန် ခက်ခဲကာ ကုမ္ပဏီဖျက်သိမ်းခြင်းဖြစ်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က ပြောသည်။

“နိုင်ငံ့စီးပွားရေးကျလာတယ်။ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေ များလာတဲ့အခါမှာ နိုင်ငံစီးပွားရေးက ကျလာဦးမှာပဲ။ ကုမ္ပဏီတွေ၊ SME တွေ တခြားသော စီးပွားရေးလုပ်ငန်းတွေ ရပ်တည်လို့မရတော့ဘူး” ဟု ကုမ္ပဏီများဖျက်သိမ်းသည့် အဓိကအကြောင်းရင်းနှင့် ပတ်သက်ပြီး ၎င်းက မှတ်ချက်ပြုသည်။

အာဏာသိမ်းမှုနောက်ဆက်တွဲ အထွေထွေအကျပ်အတည်း၊ နိုင်ငံရေးဖိအားနှင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာခြင်းတို့ကြောင့် ကုမ္ပဏီများဖျက်သိမ်းကြခြင်းဖြစ်ပြီး အသေးစားနှင့် အလတ်စားကုမ္ပဏီများ အများဆုံးပါဝင်ကြောင်း မန္တလေးမှ စားသောက်ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

ငွေသားထုတ်ယူရန် ခက်ခဲခြင်း၊ ကုန်သွယ်ရေးဆိုင်ရာကန့်သတ်ချက်များ များပြားခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဒေါ်လာဈေးမတည်မငြိမ်ဖြစ်မှုများကြောင့် လုပ်ငန်းတိုင်းရပ်တည်ရန် ခက်ခဲလာကြောင်းလည်း ၎င်းက ပြောသည်။

“အဲဒီကွင်းဆက်ကြီးက တစ်ပတ်လည်း လည်သွားရော လုံးဝအလုပ်ဆက်လုပ်လို့မရတော့ဘူး။ ကုမ္ပဏီငယ်လေးတွေ တော်တော်များများ ပိတ်သိမ်းသွားကြတယ်” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကမူ နေစွမ်းအင်နှင့် အနုမြူစွမ်းအင်သုံး၍ လျှပ်စစ်ဓာတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသည်ဆိုကာ ချေးငွေ အချိန်မီပြန်ဆပ်ကြရန် ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များနှင့် ဒီဇင်ဘာ ၂၈ တွေ့ဆုံစဉ် အကြွေးတောင်းသွားသည်။

NLD အစိုးရလက်ထက်တွင် ဘဏ်ချေးငွေရရှိမှု လွယ်ကူခဲ့သော်လည်း ယခု ပြန်ခက်ခဲသွားသလို ချေးယူထားသူများမှာလည်း ပြန်ဆပ်ရန် အခက်ကြုံနေကြသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ စီးပွားရေး ကျဆင်းလာပြီး စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်သလို ဘဏ်အကြွေးများ မဆပ်နိုင်တော့ကြောင်းလည်း အကောက်ခွန်ရှင်းလင်းရေးနှင့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အဓိကတော့ ဘဏ်ကြွေးတွေဗျ။ ဘဏ်ကြွေးတွေ မဆပ်နိုင်ကြတော့ဘူး။ အလုပ်တွေက မကောင်းကြဘူးလေ။ ပြီးတော့ တချို့လုပ်ငန်းတွေက ချေးငှားပြီးလုပ်ကြရတာ။ စီးပွားရေးမကောင်းရင် လုပ်ရတာ မလွယ်ဘူး” ဟု ရန်ကုန်မှ အမည်မဖော်ပြလိုသည့် ထိုလုပ်ငန်းရှင်က ဆိုသည်။ 

စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့် ဖက်စပ်လုပ်ကိုင်နေသည့် လမ်းနှင့် လျှပ်စစ်မီးကဲ့သို့လုပ်ငန်းမှာ ရပ်တည်ရန် အခွင့်အရေးရှိနိုင်သော်လည်း ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်ငန်းများမှာ အကြီးအကျယ် အခက်တွေ့နေသည်ဟုလည်း သူက ပြောသည်။

ကုမ္ပဏီများဖျက်သိမ်းရခြင်းမှာ အဖွဲ့ဝင်များကဖျက်သိမ်းလိုခြင်း၊ ဆက်လုပ်ရန် ဆန္ဒမရှိတော့ခြင်း၊ အကြွေးမဆပ်နိုင်ခြင်း၊ ကြွေးရှင်များ၏ တောင်းဆိုချက် စသည့် အချက် ၄ ချက်ကြောင့်ဖြစ်သည်ဟု ကုမ္ပဏီဆိုင်ရာဝန်ဆောင်မှုများပေးသည့် Myanmar Enterprise Solution လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်း ၆၀ မှ ၇၀ ရာခိုင်နှုန်းကို ထိန်းသိမ်းလည်ပတ်နိုင်မည်ဟု လုပ်ငန်းရှင်များက ယုံကြည်ထားသော်လည်း စီးပွားရေးဆိုင်ရာ မူဝါဒ မတည်ငြိမ်သည့် ဒဏ်ကို ခံနေကြရကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် အခြားလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။ 

“စီးပွားရေးလုပ်ငန်းဆိုတာက သေချာရေရာပြီးတော့ ခန့်မှန်းတွက်ချက်နိုင်တဲ့အပေါ်မှာ အလုပ်လုပ်ရတာလေ။ အဲဒီတော့ ခန့်မှန်းတွက်ချက်မှု အားနည်းလာရင် အခုလိုမျိုး မူဝါဒပိုင်းဆိုင်ရာတွေ ပြောင်းလဲမှု လျင်မြန်တယ်၊ လျင်မြန်ပြီးတော့ ရုတ်ခြည်းလုပ်လာတဲ့အပေါ်မှာတော့ အခက်အခဲရှိနိုင်တယ်။ အခက်အခဲ တော်တော်ကြီးကြီးမားမားရှိနိုင်တယ်” ဟု သူက ဆိုသည်။ 

၂၀၂၂ ဧပြီ ၃ တွင် စစ်ကောင်စီက နိုင်ငံခြားငွေထိန်းချုပ်လိုက်ပြီးနောက် ပြည်တွင်းလုပ်ငန်းရှင်များ သာမက တရုတ်နှင့် အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုမြင့်တက်လာသည်ဟု ဆန်တင်ပို့မှုနှင့် အခြားစီးပွားရေးလုပ်ငန်းပေါင်းများစွာလုပ်ကိုင်သည့် ၎င်းက ဆိုသည်။

ဘက်ပေါင်းစုံအကျပ်အတည်းဆိုက်နေသော မြန်မာတွင် မရေရာမှုများ ဆက်လက်မြင့်မားခြင်းကြောင့် ၂၀၂၁ နောက်ပိုင်း စီးပွားရေးအလားအလာကို မခန့်မှန်းနိုင်တော့ဘဲ ချန်လှပ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button