သတင်း

ပြည်ပချေးငွေများ အတိုး၊ အရင်း ပြန်မပေးရန် စစ်ကောင်စီ ညွှန်ကြား

နိုင်ငံခြားဝင်ငွေရှားပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီက ပြည်ပနိုင်ငံများထံမှ ချေးယူထားသည့် ငွေများ ပြန်လည်ပေးဆပ်မှုကို ရပ်ဆိုင်းထားရန် ပြည်တွင်းဘဏ်များကို ဇူလိုင် ၁၃ ရက်တွင် ညွှန်ကြားသည်။

စစ်ကောင်စီဗဟိုဘဏ်၏ ညွှန်ကြားစာတွင် ပြည်တွင်းနေထိုင်သူများက ငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ ရယူထားသော ချေးငွေအသီးသီးအတွက် အတိုးအရင်းပေးဆပ်မှုကို ရပ်ရန်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများ၏ ချေးငွေပေးဆပ်မှုအစီအစဉ်ကို ဘဏ်များက ပြင်ဆင်ညှိနှိုင်းရန်တို့ ပါဝင်သည်။

အတိုးအရင်းပေးဆပ်မှုရပ်ခိုင်းခြင်းမှာ ပြည်ပဘဏ်ချေးငွေများနှင့် အကျုံးဝင်ပြီး နိုင်ငံအတွင်းမှ ဒေါ်လာစီးထွက်မှုကို ထိန်းချုပ်လိုခြင်းဖြစ်ကြောင်း ဘဏ်အသိုင်းဝိုင်းနှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။

“ဘဏ် (လောက) ထဲမှာလည်း တော်တော်ဂယက်ရိုက်နေတယ်။ Customer ‌(ဖောက်သည်) တွေဘက်က ကြည့်တော့လည်း ချေးထားပြီး အတိုးပြန်မဆပ်ဘူးဆိုရင် ပြန် Schedule (အချိန်ဇယား) လုပ်ဖို့ဆိုတာကလည်း ဘဏ်တွေဆိုတာလည်း မလွယ်ဘူး။ ဒီနေ့ ဒီနေ့ ပြန်ဆပ်မယ်ပြောထားတယ်ဆိုရင် ဒါကို ထပ်ရွှေ့ဖို့ဆိုတာကလည်း System (စနစ်) ‌တွေရော၊ ဘာတွေရော မလွယ်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတကာကုမ္ပဏီကြီးများမှာ ပြည်ပချေးငွေကို အားထားကာ လည်ပတ်နေကြောင်း၊ စစ်ကောင်စီက ငွေပြန်မဆပ်ခိုင်းသဖြင့် ထုတ်ချေးထားသည့် နိုင်ငံတကာဘဏ်ကြီးများ အတိုး၊ အရင်းမရတော့မည့် အခြေအနေနှင့် ကြုံနေရကြောင်း ထိုသူက ဆက်ပြောသည်။

ကုမ္ပဏီလုပ်ငန်းကြီးများမှာ ချေးငွေပြန်လည်ပေးဆပ်မှု (Credit rating) နိုင်ငံတကာအဆင့်သတ်မှတ်ချက် ထိနိုင်ကြောင်း၊ ထိုကုမ္ပဏီများမှာ အတိုးနှုန်းသက်သာသည့် နိုင်ငံတကာချေးငွေရရှိမှု ကျဆင်းနိုင်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းသည်။

ဒေါ်လာစီးထွက်မှုကို ရေတိုတားဆီးသည့် စစ်ကောင်စီ၏ ထိုခြေလှမ်းကြောင့် မြန်မာကုမ္ပဏီများက နိုင်ငံတကာနှင့် ကာလရှည် တည်ဆောက်ခဲ့ရသည့် ယုံကြည်မှု ပျောက်ဆုံးသွားပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် ရန်ကုန်မြို့နေ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒီ Importer (သွင်းကုန်လုပ်ငန်းရှင်) တွေ အားလုံးက၊ ကျွန်တော်တို့က လူလိမ်တွေပါဆိုတဲ့ အဓိပ္ပာယ်မျိုးပေါက်အောင် သူတို့လုပ်နေတာပဲ။ ကျွန်တော်မြင်တာတော့ အဲဒီလိုလုပ်ရင် ပစ္စည်းက ရှားသည်ထက်ရှားလာမယ်၊ ဆိုးသည်ထက်ဆိုးလာမယ်ပေါ့ဗျာ” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းတွင် ၁၀ စုနှစ်တစ်ခုကြာ အတွေ့အကြုံရှိသည့် ၎င်းက သုံးသပ်သည်။

ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းမှအစ စက်မှုကုန်ကြမ်းအထိ ပြည်ပမှ အဓိကတင်သွင်းနေရသည့် လုပ်ငန်းရှင်များက ကုန်ပစ္စည်းမှာယူပြီး ပေးရန်ရှိသည့်ငွေများ မပေးနိုင်တော့သဖြင့် နောင်တွင် မည်သည့်နိုင်ငံတကာကုမ္ပဏီထံကမှ ရောင်းချပေးတော့မည်မဟုတ်ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကုမ္ပဏီအများစုကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူခြင်းမရှိချိန်တွင် စစ်ကောင်စီ၏ အထက်ပါ ညွှန်ကြားချက်က လုပ်ငန်းရှင်များကို ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်စေသကဲ့သို့ ဖြစ်စေကြောင်း ၎င်းက ဆက်ပြောသည်။

“မဆပ်နဲ့ဆိုတာက သူ့စကားလေ။ အသက်ရှုပေါက်က ဟွန်ဒီ (တရားမဝင် ပြည်ပ ငွေလွှဲ၊ ငွေယူလုပ်ငန်း) တစ်ခုပဲ ကျန်တော့တာလေ။ အဲ့တော့ ဟွန်ဒီနဲ့ပဲ လွှဲကြတော့မှာပေါ့” ဟု ၎င်းက ပြောသည်။

“အဲဒီတော့ ဘာဖြစ်လဲဆိုတော့ အရင်ခေတ်လိုပဲ Illegal Process (တရားမဝင်လုပ်ငန်းစဉ်) ‌တွေပဲ ပြန်ဖြစ်လာလိမ့်မယ်။ ပစ္စည်းထုတ်တော့ Illegal (တရားမဝင်) ပဲ။ ပိုက်ဆံလွှဲတော့လည်း Illegal ပဲ။ အဲဒီတော့ Charges (ဈေးနှုန်း) တွေက ပိုတက်လာမယ်” 

ရုတ်ခြည်းပြောင်းလဲချမှတ်နေသည့် စစ်ကောင်စီမူဝါဒများကြောင့် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲလာပြီး ကုန်ကျစရိတ်မြင့်တက်ကာ ကုန်ဈေးနှုန်းလည်း မတည်မငြိမ်ဖြစ်နိုင်သည်ဟု ထိုကုန်သည်က ဆက်ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာချိန်တွင် စစ်ကောင်စီက အမေရိကန်ဒေါ်လာဝင်ငွေလမ်းကြောင်းများကို ကျောက်ခဲရေညှစ်သလို နည်းမျိုးစုံဖြင့် ရရန် ကြိုးပမ်း၊ ထွက်ငွေကို ထိန်းချုပ်နေကြောင်း အမည်မဖော်လိုသည့် အထက်ပါ ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၃ ရက်ကပင် ပြည်ပမှ စီးဝင်သည့် ဒေါ်လာများနှင့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် မဖြစ်မနေလဲလှယ်ရန် သတ်မှတ်ခဲ့သည်။

စစ်ကောင်စီလုပ်ရပ်မှာ ပြည်သူလူထုပိုင်ဆိုင်သည့် ဒေါ်လာငွေများကို အေးဓားပြတိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ခံရသည်။ ဒေါ်လာကို ကျပ်ဖြင့် လဲရန် အစီအမံနှင့် ပတ်သက်ပြီး လုပ်ငန်းများနှင့် သံတမန်အသိုင်းအဝိုင်းက စိုးရိမ်မှုမြင့်တက်ခဲ့သဖြင့် ကင်းလွတ်ခွင့်ပြုသော လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို စစ်ကောင်စီက ထုတ်ပြန်ပေးခဲ့ရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ဖွင့်ခွင့်ပြုသည့် လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများ၊ သံရုံးအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနှင့် လက်အောက်ခံဝန်ထမ်း၊ ပြည်ပအကူအညီပေးရေးအေဂျင်စီမှ နိုင်ငံခြားသားဝန်ထမ်းများ၊ သံတမန်များနှင့် လေကြောင်းလိုင်းများကို ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဇွန် ၁၆ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ပါဝင်သည့် ကုမ္ပဏီများကို ဒေါ်လာမှ ကျပ်လဲလှယ်ရမည့် သတ်မှတ်ချက်မှ ထပ်မံကင်းလွတ်ခွင့်ပြုခဲ့သည်။ သို့သော် ဇူလိုင် ၁၃ တွင် ထိုကင်းလွတ်ခွင့်ကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြန်လည်ပယ်ဖျက်ပြန်သည်။

လဲလှယ်ရမည့် ဒေါ်လာအားလုံးကုန်သွားပြီဖြစ်၍ ကင်းလွတ်ခွင့်ပေးသည့် ကုမ္ပဏီများထံမှ ဒေါ်လာရရှိရန် စီစဉ်ခြင်းဖြစ်နိုင်ကြောင်း ဘဏ်အသိုင်းဝိုင်းနှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုသတ်မှတ်ချက်ကြောင့် MIC ခွင့်ပြုထားသည့် လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီများမှလွဲ၍ အခြားကုမ္ပဏီအများအပြား ပိုင်ဆိုင်သည့် ဒေါ်လာများကို ကျပ်ငွေဖြင့် လဲလှယ်ရတော့မည်ဖြစ်ရာ ထိုအစီအမံမှနေ၍ စစ်ကောင်စီက ဒေါ်လာသန်းနှင့်ချီ ရရှိဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။

ပို့ကုန်ရငွေကို အလုပ်ဖွင့်ရက်တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲရသော်လည်း ကုမ္ပဏီထံမှ ဒေါ်လာများကို ရာခိုင်နှုန်းအလိုက် ကျပ်ငွေဖြင့် လဲလှယ်ရန် စာထုတ်ကြောင်း၊ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂,၂၀၀ ကျပ်အထိ ဈေးပေါက်နေချိန် စစ်ကောင်စီက ၁,၈၅၀ ကျပ်နှုန်းဖြင့် မောင်ပိုင်းစီးခြင်းဖြစ်ကြောင်း ထိုသူက ဆိုသည်။

စစ်ကောင်စီက ဒေါ်လာအားလုံး သိမ်းကျုံးဝယ်နေသော်လည်းအခြားတစ်ဖက်တွင် အများပြည်သူလိုအပ်သည့် ဒေါ်လာငွေကို ဝန်ကြီး ၇ ဦးဖြင့် ဖွဲ့စည်းထားသော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီခွင့်ပြုချက်ဖြင့်သာ ချပေးနေသည်။ 

သို့သော် စက်သုံးဆီတင်သွင်းရန်အတွက်သာ စစ်ကောင်စီက ဒေါ်လာရောင်းချပေးနေပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စများအတွက် အများပြည်သူလိုအပ်ချက်ကိုမူ လျစ်လျူရှုထားကြောင်း ဝေဖန်ခံနေရသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများ၏ စီမံခန့်ခွဲမှုကို စိတ်ပျက်နေကြသော်လည်း စစ်ကောင်စီက ၎င်းတို့၏ ဦးတည်ချက် ၉ ရပ်ကို ဝါဒဖြန့်သတင်းစာ နောက်ကျောဖုံးများတွင် နေ့စဉ် ဖော်ပြထားပြီး ထိုဦးတည်ချက်များတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီအားပေးခြင်းတို့ ပါဝင်သည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button