အသက် ၂၅ နှစ်အရွယ် ရခိုင်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဦးသန်းနိုင်သည် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းချိန်၌ ရခိုင်ပြည်နယ် စစ်တွေထောင်တွင် အကျဉ်းကျခံနေရသူဖြစ်သည်။ အာဏာသိမ်းလိုက်သည့်သတင်းကို ကြားရချိန်တွင် လွတ်လပ်မှုပျောက်ဆုံးကာ စိုးရိမ်တကြီးဖြင့် သိုသိုသိပ်သိပ်နေထိုင်ရတော့မည့် အနာဂတ်ကို တွေးပူကာ သူ အလွန်စိတ်ထိခိုက်သွားသည်။
ကိုဦးသန်းနိုင် အပါအဝင် ကျောင်းသားသုံးဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားချိန် ၂၀၂၀ တွင် ရခိုင်လူထုကို လူ့အခွင့်အရေးချိုးဖောက်နေသော မြန်မာစစ်တပ် ရခိုင်ပြည်မှ ထွက်သွား၊ အရပ်သားများ ထိခိုက်မှုနှင့် ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေနေသော အစိုးရအလိုမရှိ စသည်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဖမ်းဆီးထောင်ချခံရသည်။
စစ်တွေကွန်ပျူတာတက္ကသိုလ်တွင် စတုတ္ထနှစ်တက်နေစဉ် အထက်ပါ ကျောင်းသားလှုပ်ရှားမှုကို ဦးဆောင်မှုဖြင့် ၂၀၂၀ ၊ အောက်တိုဘာ ၁၉ တွင် ကိုဦးသန်းနိုင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်နှစ်နှင့် ခြောက်လ ချမှတ်ခံရသည်။ ၂၀၂၂ခုနှစ် မတ် ၁၁ တွင် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာပြီးနောက် ကိုဦးသန်းနိုင်က အာဏာသိမ်းကြောင်း ထောင်တွင်း၌ သူကြားခဲ့ရစဉ်က တွေးပူမိသည့် အခြေအနေကို မကြာသေးခင်က ပြန်ပြောပြနေခြင်း ဖြစ်သည်။
အစိုးရဖွဲ့နိုင်သည်အထိ NLD ထပ်နိုင်သည့် ရွေးကောက်ပွဲလွန်ကာလတွင် စစ်တပ်နှင့် အရပ်သားအစိုးရအကြား အဖုအထစ်များဖြစ်ပေါ်နေသည့် သတင်းကို ကြားသိရသော်လည်း အာဏာသိမ်းလိုက်သည်အထိ ပြင်းထန်လိမ့်မည်ဟု အကျဉ်းထောင်ထဲတွင် ရှိနေသည့် ကိုဦးသန်းနိုင် မထင်မှတ်ခဲ့။ ဒီမိုကရေစီခရီးလမ်းကို စလျှောက်နေဆဲအချိန်တွင် အမှောင်ခေတ်သို့ နောက်ကြောင်းပြန်လှည့်သွားမည်ဟု မထင်မိခဲ့။
“စစ်တပ်ကလည်း ဒီလောက်အတိုင်းအတာအထိ လုပ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ၂၀၁၅ နောက်ပိုင်းဆိုရင် စီးပွားရေးတွေလည်း နည်းနည်းကောင်းလာတဲ့ အနေအထားတစ်ခုရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတဲ့ အနေအထားတစ်ခုလည်း တွေ့ခဲ့ရတယ်။ ဒီအခွင့်အရေးတွေကို အကုန်လုံး အဆုံးရှုံးခံပြီး နောက်ကြောင်းပြန်လှည့်သွားမယ်လို့ မစဉ်းစားမိခဲ့ဘူး”။
အာဏာသိမ်းစတွင် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများ လမ်းမပေါ်ထွက် ဆန္ဒပြကြသလို ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ မာန်အောင် စသည့် ဒေသများတွင်လည်း ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။
နောက်ပိုင်းတွင် ဆန္ဒပြခေါင်းဆောင်များနှင့် ပါဝင်သူများကို စစ်ကောင်စီက အဖမ်းအဆီးကြမ်းသောကြောင့် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ရသည်။
“စစ်အာဏာသိမ်းပြီး နောက်ပိုင်းဆိုရင် ရခိုင်လူငယ်တွေအနေနဲ့လည်း နိုင်ငံရေးနဲ့ဆိုင်တဲ့ ဖိနှိပ်မှုတွေကို ပွင့်ပွင့်လင်းလင်း ဆန္ဒပြလို့မရတဲ့ အနေအထားတွေပေါ့”။
အာဏာသိမ်းစ ပထမနှစ်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ မြန်မာနိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်လာသည်။ သို့သော် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အပြင် ဆန္ဒပြပွဲများလည်းမရှိသဖြင့် ဒေသတွင်း တည်ငြိမ်နေသည်ဟုပင် ဆိုနိုင်သည်။
ယင်းမှာ ဒေသတွင်းအပြင်ဘက်မှ ရှုမြင်ချက်သာဖြစ်သည်။ လက်တွေ့တွင် ရခိုင်ပြည်နယ်မှာ တည်ငြိမ်နေသယောင် ထင်ရသော်လည်း နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူများခံစားနေရသည့် အာဏာသိမ်းမှုဆိုးကျိုးဒဏ်ကို ရခိုင်ပြည်သူများလည်း အလားတူခံစားရသည်။ ကုန်စျေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားမှုတို့က ရခိုင်လူငယ်ထုကိုလည်း ထိခိုက်ခဲ့ပြီး လွတ်လပ်မှုတို့ ပျောက်ဆုံး၊ ရည်မှန်းချက်များ မှေးမှိန်ပျက်စီးသွားခဲ့ရသည်။
ကိုဦးသန်းနိုင်သည် ထိုသို့ကြုံနေရသည့် ရခိုင်လူငယ်ထုထဲမှ တစ်ဦးသာဖြစ်သည်။ ထောင်မှ လွတ်လျှင် ရခိုင်ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ နိုင်ငံရေးအရ ရပိုင်ခွင့်များ၊ ကျောင်းသားများအတွက် လိုအပ်ချက်များကို ဆက်လက်တောင်းဆိုတိုက်ပွဲဝင်မည်ဟု သူက မျှော်မှန်းထားသော်လည်း အာဏာသိမ်းလိုက်သဖြင့် ရေစုန်မျောသွားရပြီ။
အာဏာသိမ်းစစ်ကောင်စီတပ်က လူငယ်များကို သံသယဖြင့် ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ကိုဦးသန်းနိုင်၏ စိတ်ကူးနှင့် ရည်မျှော်ချက် မအောင်မမြင်ဖြစ်ခဲ့ရသည်။
“ကျွန်တော်တို့ လူငယ်တွေဆိုရင် ကျောင်းတက်နေတဲ့ တက္ကသိုလ်အသိုင်းအဝိုင်းမှာဆိုရင်လည်း ကိုယ်တို့လိုချင်တဲ့ အခြေအနေတွေကို တောင်းဆိုလို့ မရတဲ့အနေအထားတွေဖြစ်သွားပါတယ်။ အကျဉ်းအကျပ်ကြားထဲမှာ ရောက်သွားတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ တက္ကသိုလ်ကျောင်းအာဏာပိုင်များသည် ရခိုင်ပြည်နယ်ရှိ ကျောင်းသားသမဂ္ဂရုံးခန်းများ၊ ကျောင်းသားစုရုံးခန်းမများကို ယခုနှစ် ဖေဖော်ဝါရီ ၂၈ တွင် ပိတ်ပင်လိုက်သည်။ ထို့ပြင် အရပ်သားအစိုးရလက်ထက်တွင် ကျောင်းကောင်စီ၌ ကျောင်းသားသမဂ္ဂပါဝင်ခွင့်ရှိသော်လည်း အာဏာသိမ်းစစ်တပ်က ဖယ်ထုတ်ပစ်လိုက်သည်။ ထို့ကြောင့် ကျောင်းသားအခွင့်အရေးများကို တောင်းဆို၍ မရတော့ဟု ကိုဦးသန်းနိုင်က ဆက်လက်ပြောသည်။
ထို့ပြင် ယခင်က နိုင်ငံတကာ INGO အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေး ပေးခဲ့သော်လည်း အာဏာသိမ်းပြီးနောက် မပေးတော့သဖြင့် ဆင်းရဲသည့် ကျောင်းသားကျောင်းသူများအတွက် အခက်အခဲဖြစ်သွားရသည်ဟုလည်း ၎င်းက ပြောသည်။
“အခုနောက်ပိုင်းကျတော့ အရင်တုန်းက ပေးခဲ့တဲ့သူတွေကိုလောက်ပဲ မပေးမကောင်းလို့ ပေးတဲ့သဘောမျိုးဖြစ်သွားပါတယ်။ နောက်တက်လာတဲ့ လူငယ်တွေအတွက်တော့ ပညာသင်ထောက်ပံ့ကြေး လုံးဝရပ်တန့်သွားတဲ့ အခြေအနေပါ”။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ရခိုင်ကျောင်းသားခေါင်းဆောင် အသက် ၂၆ နှစ်အရွယ် ကိုမောင်မောင် (အမည်လွှဲ) ကလည်း အာဏာသိမ်းမှု မဖြစ်ပေါ်ခဲ့လျှင် ကျောင်းသားလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးကိစ္စများကို ပိုမိုလုပ်ဆောင် သွားရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။
“အာဏာသိမ်းတာက လုံးဝမဖြစ်သင့်ဘူး။ ဒီမိုကရေစီစနစ်ကို ဖြတ်သန်းတာ ၁၀ နှစ် လောက်ပဲ ရှိသေးတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့တော့ မခံမရပ်နိုင်အောင်ဖြစ်တယ်။ ဒီကိစ္စကို လုံးဝမကျေနပ်ဘူး”။
သို့သော်လည်း အာဏာသိမ်းလိုက်သောကြောင့် မျှော်မှန်းထားသည့် စိတ်ကူးများမှာ ပျက်ပြယ်သွားပြီး ကိုယ်တိုင်ပင် သိုသိုသိပ်သိပ်နေထိုင်နေရသည်ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ စိတ်ကူးထားတာက ဒီမိုကရေစီခေတ်မှာပဲ လွတ်လပ်စွာ လှုပ်ရှားခွင့်ရမှာပါ။ အခုလို အာဏာသိမ်းလိုက်တော့ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ကျောင်းသားလှုပ်ရှားခွင့်တွေလည်း မရှိတော့ဘူး။ လူငယ်တွေရဲ့ လှုပ်ရှားခွင့်လည်း ပိတ်ပင်ခံရတယ်ဆိုတော့ ပိုပြီးကျပ်တည်းသွားပါတယ်”။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားပိုင်ခွင့်တွေ လုံးဝဆုံးရှုံးသွားတယ်။ နောက်တစ်ခုက လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တခြားလှုပ်ရှားမှုတွေ လုံးဝကို လုပ်ခွင့်မရတော့ဘူး။ ကျွန်တော်တို့ရဲ့ ခံယူချက်တွေကို ရိုက်ချိုးခံလိုက်ရသလို ခံစားရပါတယ်။ ကျွန်တော်တို့ဟာ အထိန်းအကွပ်နဲ့ နေနေရတဲ့ ဘဝတွေ ဖြစ်နေပါတယ်” ဟု ကိုမောင်မောင်က ဆက်ပြောသည်။
အာဏာသိမ်းမှုဂယက်က ရခိုင်ပြည်နယ်တွင်းရှိနေသည့် လူငယ်များကိုပင် ရိုက်ခတ်သည် မဟုတ်ပါ။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် မိုင်ပေါင်း ၆၀၀ ကျော်ဝေးသည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် နေထိုင်သော ရခိုင်လူငယ်ထုထံသို့ပါ ဆိုးကျိုးများသယ်ယူလာသည်။
လွန်ခဲ့သောနှစ်နှစ် အာဏာသိမ်းသည့် နံနက်က အဖြစ်အပျက်ကို ရန်ကုန်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မမေဦးခင်(အမည်လွှဲ) ယနေ့တိုင် အမှတ်ရနေသည်။ တစ်သက်နှင့်တစ်ကိုယ် အာဏာသိမ်းသည်ဆိုသောဖြစ်ရပ်မှာ သမိုင်းမှတ်တမ်းများဖြင့်သာ သိခဲ့ရသော်လည်း ကိုယ်တွေ့ကြုံရလိမ့်မည်ဟု သူမထင်မှတ်ခဲ့။
အာဏာသိမ်းသည့်နေ့ နံနက် ၆ နာရီတွင် ရန်ကုန်၌ ပထမဆုံးရသည့် အလုပ်အကိုင်အတွက် ရုံးသွားဖို့ ပြင်ဆင်ရန် စစ်တွေသူ မမေဦးခင်က တက်တက်ကြွကြွဖြင့် အိပ်ရာမှ ထသည်။ သို့သော် Facebook Messenger တွင် ရုံးမှ ပို့ထားသော သတင်းစကားကို တွေ့ရသဖြင့် မမေဦးခင် ခေါင်းနားပန်းကြီးသွားသည်။
သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းခေါ်သွားပြီဖြစ်သဖြင့် “ရုံးမလာနဲ့တော့၊ အကုန်လုံး အိမ်မှာနေရမယ်” ဟု အလုပ်မှ ပို့ထားသည့်စာကို ဖတ်ရချိန်တွင် သူ အံ့သြတုန်လှုပ်သွားရသည်။
“တော်တော်တော့ ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဒီအာဏာသိမ်းတယ်ဆိုတဲ့ဟာကို သမိုင်းတွေမှာပဲ ကြားဖူးတာပေါ့။ ပြီးတော့ ဒီလိုမျိုး ၂၁ ရာစုမှာ ကိုယ်တိုင်ကြုံရမယ်လို့ ဘယ်လိုမှ ထင်မထားဘူး”။
ထိုဖြစ်ရပ်က ပထမဆုံးအလုပ်နှင့် မမေဦးခင်ကို ဝေးကွာစေခဲ့သည်။ ရန်ကုန်မှ ဇာတိမြေ စစ်တွေသို့ ပြန်ကာ အလုပ်အကိုင်မရှိဘဲ ယောင်ချာချာဖြစ်ခဲ့ရတော့သည်။ ရန်ကုန်တွင် အလုပ်လုပ်၊ အသက်မွေးဝမ်းကျောင်းအတွက် ပညာသင်မည်ဟု မျှော်မှန်းထားသည့် အခွင့်အရေးမှာလည်း အာဏာသိမ်းပြီးနောက် မှေးမှိန်ခဲ့ရသည်။ ယခုတွင်မူ ဇာတိမြေ စစ်တွေ၌ လူမှုရေးလုပ်ငန်းနယ်ပယ်တွင်း မမေဦးခင်က စိတ်ကို နှစ်မြှုပ်ထားလိုက်ပြီ။
“ဒါကတော့ (လူမှုရေးလုပ်ငန်း) ဆုံးရှုံးနစ်နာတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ ပညာရေးပိုင်းမှာဆိုလို့ရှိရင် ကျွန်မ နှစ်တွေလည်း တော်တော်နောက်ကျခဲ့ရတယ်။ အလုပ်အကိုင်ဘက်မှာလည်း ကျွန်မရဲ့ဘွဲ့နဲ့ ဝင်တိုးနိုင်မဲ့ အလုပ်အကိုင်တွေ လက်လွှတ်ခဲ့ရတယ်”။
စစ်တွေမြို့ခံနောက်တစ်ဦးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မဖူးပွင့်ဝေ(အမည်လွှဲ) က စစ်တပ်၏ အာဏာသိမ်းမှုနောက်ဆက်တွဲ သိသာထင်ရှားသည့် ဆိုးကျိုးမှာ မြို့တော် စစ်တွေမှာပင် မူးယစ်ဆေးနှင့် ဒုစရိုက်မှုတို့၏ ဒဏ်ကို ကြုံနေရသည်ဟု ပြောသည်။
“စစ်တွေမှာဆိုရင် သောက်စားမူးယစ်ကြတာ နောက်ပီး မူးယစ်သားကောင်တွေဖြစ်လာကြတယ်။ ဒုစရိုက်မှု ကျူးလွန်မိမှာလည်း ဝန်မလေးကြတော့ဘူး ထင်ပါတယ်။ ဥပဒေမှ မရှိတာ၊ လုယက်၊ သတ်ဖြတ်တာတွေလည်း များလာတာပေါ့။ အပြင်ထွက်ရင် အဖော်ပါလာရင်တောင် ကြောက်လန့်နေရတာမျိုး ခံစားရတယ်။ ဒီလိုပဲ အိမ်ထဲနေလည်း မလုံခြုံ၊ အပြင်ထွက်လည်း မလုံခြုံနေရတော့တာပါပဲ”။
ထိုအဆိုကို မမေဦးခင်ထံကလည်း ကြားရသည်။ မျှော်လင့်ချက်နှင့် လွတ်လပ်မှုမဲ့လာသည့် ရခိုင်လူငယ်ထုသည် လောင်းကစားတောထဲ နစ်နေကြပြီဟု သူကလည်း ပြောသည်။
ဘောလုံးဒိုင် ကိုင်တာတို့၊ နှစ်လုံးသုံးလုံး ဒိုင်ကိုင်တာတို့၊ ဘောလုံးလောင်းတဲ့ဟာတွေကို တကယ့်ကို တွင်တွင်ကျယ်ကျယ် မြင်လာ ကြားလာကြရတယ်။ ဒီလမ်းကိုပဲ လိုက်ပြီးတော့ ဒီလမ်းကပဲ (လောင်းကစားကပဲ) ပိုက်ဆံအရမ်းဖြစ်တဲ့ နေရာဖြစ်လာပြီးတော့ လူငယ်တွေကလည်း အဲဒီနေရာမှာပဲ ပြုံတိုးလာကြတယ်”ဟု မမေဦးခင်က ဆိုသည်။
ထို့အတူ စစ်တွေမြို့ရှိ လူငယ်အများစုသည် ပညာသင်ကြားမှုအခွင့်အလမ်းများ လျော့ကျကာ AA နှင့် ဆက်စပ်သည်ဟူ၍လည်းကောင်း၊ လူမှုကွန်ရက်တွင် ဝေဖန်သည်ဆိုသော စွပ်စွဲချက်ဖြင့်လည်းကောင်း စစ်တပ်က ဖမ်းဆီးမည်ကို စိုးရိမ်နေရသည်ဟု အထက်ပါ အမျိုးသမီးနှစ်ဦးစလုံးက ပြောသည်။
“စစ်တပ်ရဲ့ရက်စက်မှုတွေ အရင်တည်းက ရှိခဲ့ပေမဲ့လည်း တစ်နိုင်ငံလုံး အကျဉ်းအကျပ်ထဲ ရောက်လိမ့်မယ်လို့ လုံးဝ မတွေးခဲ့တာတော့ အမှန်ပါ” ဟု မဖူးပွင့်ဝေက ပြောသည်။
ရွေးကောက်ပွဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေချိန်၌ပင် ပြည်နယ်လိုအပ်ချက်ကို လွှတ်တော် နိုင်ငံရေး လမ်းကြောင်းမှတစ်ဆင့် ဖော်ဆောင်နိုင်ခြင်းမရှိချိန်တွင် အာဏာသိမ်းပြီးနောက် ရည်မျှော်ချက် ပို၍မဲ့သွားသည့် ရခိုင်လူငယ်ထုအတွင်း လက်ရှိတွင် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ထားသည့် AA ထံသို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်သည့် နည်းလမ်းမှာလည်း ရေပန်းစားနေဆဲဖြစ်သည်။ AA သည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားသည့် အဖွဲ့အစည်းမျိုးစုံနှင့် စစ်ရေး၊ လက်နက် ကူညီမှုများပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှ တစ်ခုဟု ယုံကြည်ရသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ AA က တရားဝင်ထုတ်ဖော်ပြောဆိုလေ့မရှိပေ။
“၂၀၁၅ လောက်ကဆိုရင် ဒီမိုကရေစီအစိုးရတက်လာတယ်။ ဒီမိုကရေစီအစိုးရတက်လာပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့ဆိုပြီးတော့ စဉ်းစားခဲ့တာရှိတယ်။ ဒါပေမဲ့ ဒေါ်စု (NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်ကပင် မပြင်နိုင်ခဲ့ဘူး။ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ရှိနေသရွေ့ ရခိုင်ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို မရနိုင်လို့ ယုံကြည်တယ်။ အဲဒါကြောင့် အဲဒီဘက်ကို သွားကြတာ” ဟု အသက် ၂၅ နှစ်အရွယ် စစ်တွေမြို့ခံ ကိုလင်းလင်း(အမည်လွှဲ) က ပြောသည်။
ရခိုင်လူငယ်များသည် ရက္ခိုင့်တပ်တော်(AA) ထံသို့ အမျိုးသားရေးစိတ်အခြေခံဖြင့် ဝင်ရောက်တာဝန်ထမ်းမှုမှာ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး များစွာကွာခြားခြင်းမရှိဟု ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ (AA ကို ဝင်ရောက်သူ ) ပုံမှန်ပဲ ရှိပါတယ်။ ဗမာပြည်မှာတော့ ဟုတ်တယ်။ လူငယ်တွေ PDF (ဒေသအလိုက်ဖွဲ့စည်းသည့် ကာကွယ်ရေးအဖွဲ့) လှုပ်ရှားမှုတွေဖြစ်လာတယ်။ ရခိုင်လူငယ်တွေကတော့ အရင်ကလည်းများပါတယ်။ အခုလည်း ပုံမှန်ပါပဲ။ ပိုလို့များသွားတယ်လို့ ပြောလို့ရမယ် မထင်ပါဘူး” ဟု ၎င်းက ပြောသည်။
ထိုအခြေအနေတွင် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များထဲမှ တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်မှ လူငယ်ထုအတွက် ရွေးချယ်ရန် နောက်ထပ်နည်းလမ်းတစ်ခုမှာ စီးပွားရေးမြို့တော် ရန်ကုန်၊ ကျောက်စိမ်းမြေ ကချင်နှင့် မလေးရှား၊ ထိုင်းစသည့် ပြည်ပနိုင်ငံများသို့ အလုပ်သွားနိုင်ရန် ကြိုးပမ်းခြင်းလည်း ပါဝင်လာသည်။
အာဏာသိမ်းပြီးနောက်တွင် မြင့်မားလာသော ကုန်စျေးနှုန်းဒဏ်သည် ဆင်းရဲသော ရခိုင်ပြည်သူများကို အလွန်ထိခိုက်နေချိန်တွင် အာဏာမသိမ်းခင်က လုပ်ကိုင်လက်စ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းတို့ကို စွန့်ခွာကာ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မှုကို ရခိုင်လူငယ်ထုက ပို၍ ရွေးချယ်လာရသည်။
“စားဝတ်နေရေး သိပ်ခက်ခဲတယ်။ စပါးစိုက်ပေမဲ့ ရာသီဥတုမကောင်းလို့ စပါးအထွက်နှုန်းနည်းတယ်။ ပြီးတော့ ဓာတ်ဆီစျေးတွေ၊ မြေဆီတွေလည်း တော်တော်စျေးများတော့ ကုန်ကျတာကို မကာမိနိုင်ဘူး။ ဘယ်လိုမှ အဆင်မပြေလို့ မလေးရှားကို ထွက်လာရတာ” ဟု ပေါက်တောမြို့နယ်၊ ကျောက်မောင်းရွာမှ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
၎င်းသည် သူ့ဘဝသက်တမ်းတစ်လျှောက် မည်သည့်နိုင်ငံ၊ မည်သည့်ဒေသကိုမှ ထွက်ခွာပြီး အလုပ်လုပ်ဖူးသူ မဟုတ်ပေ။ မိုးရာသီတွင် မိသားစုပိုင်ဆိုင်သည့် လယ်ယာမြေ၌ စပါးစိုက်ပျိုးပြီး ပွင့်လင်းရာသီတွင် ရေလုပ်ငန်းများ လုပ်ကိုင်ကာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူဖြစ်သည်။
အာဏာမသိမ်းမီကာလတွင် ချမ်းသာသည်အထိ ငွေကြေးစုဆောင်းနိုင်ခြင်းမရှိသော်လည်း စားဝတ်နေရေးဖူလုံသည်ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် သူကဲ့သို့ပင် အလုပ်လုပ်ကိုင်ရန် နိုင်ငံခြားသို့ ထွက်သွားသူအမြောက်အမြားရှိသည်။ ရခိုင်မှ လူကြီးလူငယ် အရွယ်စုံ ထွက်သွားကြခြင်းဖြစ်ပြီး အမျိုးသမီးများပင် အလုပ်လုပ်ကိုင်ရန် ရေခြားမြေခြားသို့ သွားရောက်မှု မြင့်တက်နေသည်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ဘရူနိုင်း စသည့်နိုင်ငံများသို့ ရခိုင်လူငယ်များ အများဆုံး သွားရောက်လုပ်ကိုင် ကြပြီး တရားမဝင်လမ်းကြောင်းမှ သွားရောက်ကြသူပိုများကာ ဖမ်းဆီးခံရသူများလည်း ရှိကြောင်း ဒေသအခြေစိုက် နိရိဉ္ဇရာသတင်းဌာနဖော်ပြချက်အရ သိရသည်။
ဒေသအတွင်းမှ ရခိုင်လူငယ်များသာမက လူလတ်ပိုင်းအရွယ်များပါ နိုင်ငံရပ်ခြားအထိ သွားရောက်အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေကြသည်ဟု အသက် ၂၇ နှစ်အရွယ် မင်းပြားမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီနှစ်က သိသိသာသာထွက်သွားတယ်။ ရွာမှာဆိုရင် ကိုယ့်အရွယ်တွေတောင် မကျန်တော့ဘူး။ အရင်တုန်းကဆိုရင် လူငယ်တွေပဲ ထွက်တာရှိတယ်။ အခုက အသက် ၃၀ ကျော် ၄၀ ပတ်ဝန်းကျင်တွေတောင် ထွက်သွားကြတယ်။ ပုံမှန်အားဖြင့်ဆိုရင် အရင်တုန်းက အဲလိုအသက်အရွယ်က သိပ်မပါဘူး။ ဘာလို့လဲဆိုတော့ အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့် သူတို့လည်း ဒီမှာ အလုပ်အကိုင်အဆင်မပြေတော့လို့ ထွက်သွားကြတာ” ဟု သူက ဆိုသည်။
အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ရခိုင်ပြည်နယ်၌ ထင်ရှားသည့် ဆုတ်ယုတ်မှုများစွာ ရှိသည့်အနက် လူငယ်ထုအတွက် အရေးအကြီးဆုံးမှာ ပညာရေးနှင့် လွတ်လပ်ခွင့်ပင်ဖြစ်သည်ဟု မမေဦးခင်က ပြောသည်။
အာဏာမသိမ်းမီက ရခိုင်ပြည်နယ်အတွင်း စစ်ပွဲအချို့ရှိခဲ့သော်လည်း ဝေဖန်ပိုင်ခွင့်တို့ရှိခဲ့သည့် အခြေအနေကို ၎င်းက သတိတရရှိနေသေးသည်။
“လူငယ်တွေက လူငယ်သဖွယ် လွတ်လပ်မှု ရှိခဲ့ကြတယ်။ အိပ်မက်တွေ ရှိခဲ့ကြတယ်။ အခုတော့ အားလုံး ဘာတစ်ခုမှ မရှိတော့ဘူး” ဟု မမေဦးခင်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)