စီးပွားရေးဆောင်းပါး

စစ်အာဏာရှင်က သင့်စီးပွားနှင့် စည်းစိမ်ဥစ္စာများကို လုံးပါးပါးစေမည် 

စစ်တပ်က ရွာကို မီးဝင်ရှို့စဉ် အိမ်နှင့်အတူ ရှိစုမဲ့စု အကုန်ပါသွားသူများရှိသည်။ မိသားစုလိုက်လည်း ထွက်ပြေးရသည်။ မကြာခဏ ဝင်လာတတ်သော စစ်ကြောင်းများကြောင့် ယာအလုပ်၊ အိမ်အလုပ် ငဲ့စောင်း၍ပင် မကြည့်နိုင်။ စစ်အာဏာသိမ်းပြီးနောက် အညာဒေသမှ ကျေးလက်ပြည်သူများ ကြုံတွေ့ရသည့် အခြေအနေဖြစ်သည်။ 

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အချို့မြို့နယ်များတွင် တိုက်ပွဲဖြစ်နေသည်မှာ အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိဖြစ်သည်။​ စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် ထောင်သောင်းချီသော ဒေသခံများ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရသည်။ တိုင်းရင်းသားဒေသများတွင်လည်း အလားတူပင်။ 

တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးရသူ လေးသိန်းဝန်းကျင် ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သည်။​ စစ်တပ်၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် မြန်မာပြည်သူများ နပန်းလုံးနေရသည်မှာ ရက်အားဖြင့် ၃၆၀ ကျော်ရှိပြီဖြစ်သည်။

စစ်အုပ်ချုပ်မှုက လုံခြုံမှုနှင့် အသက်ကို ခြိမ်းခြောက်သည်သာမက တိုင်းပြည်စီးပွားရေးနှင့် နိုင်ငံသားတိုင်း၏ စည်းစိမ်ဥစ္စာများကိုပါ လုံးပါးပါးစေလျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာကြသည်။ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများ ရပ်တန့်ကုန်သည်။ တိုင်းပြည်စီးပွားရေးမှာ တစ်နေ့တခြား ဆုတ်ယုတ်လျက်ရှိသည်။

မြန်မာ့စီးပွားရေး အကျပ်အတည်းဆိုက်နေပြီဖြစ်ကြောင်း၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တစ်ရာခိုင်နှုန်းသာ တိုးတက်ကိန်းရှိကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်သည်။ ထိုတစ်ရာခိုင်နှုန်းသည်ပင်လျှင် ကပ်ရောဂါ၊ ပဋိပက္ခနှင့် အခြားကဏ္ဍများအပေါ် မူတည်နေသေးသည်ဟု ဆိုသည်။​

ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ နှစ်အလိုက် ဂျီဒီပီတိုးတက်မှုနှုန်း။ 

မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ပုံမှန် ၅ ရာခိုင်နှုန်းအထက် ရှိခဲ့သည်။ အာဏာသိမ်းသည့် ၂၀၂၁ တွင် အနုတ်ပြခဲ့ရာမှ လက်ရှိ ၂၀၂၂ တွင် ၁ ရာခိုင်နှုန်း ပြန်တက်ကိန်းရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဂျီဒီပီပမာဏမှာ ခန့်မှန်းခြေ ဒေါ်လာ ၆၀ ဘီလျံကျော်ဖြစ်သည်။ အိမ်နီးနားချင်း တရုတ်က ၁၄ ထရီလျံ၊ အိန္ဒိယက ၃ ထရီလျံကျော်၊ ထိုင်းက ဘီလျံ ၅၀၀ ကျော်နှင့် ဘင်္ဂလားဒေ့ရှ်က ဘီလျံ ၃၀၀ ကျော်ရှိသည်။​

ကမ္ဘာ့ဘဏ်၏ အဆိုအရ စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် စီးပွားရေးတိုးတက်နိုင်ခြေမှာ ကုန်ထုတ်လုပ်မှုတန်ဖိုးအရ တစ်ရာခိုင်နှုန်းပင် ဖျစ်ဖျစ်မည်အောင် မရှိသည်တွင် ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆတက်လာမည့်အကြောင်း ကုလဆိုင်ရာအဖွဲ့အစည်းများက လအတန်ကြာကတည်းက ခန့်မှန်းပြောဆိုထားပြီးဖြစ်သည်။​

အစဉ်သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် စစ်တပ်လက်အောက်တွင် မြန်မာ့စီးပွားရေး ကမ်းမမြင် လမ်းမမြင် ဖြစ်နေသည်ကို အောက်ပါအကြောင်းခြင်းရာများက ခိုင်ခိုင်မာမာ ထောက်ပြနေသည်။

ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီးဆင်းမှု ကမောက်ကမ

စစ်အာဏာသိမ်းသည်နှင့် တစ်ပြိုင်နက် အထိတ်တလန့်ဖြစ်နေသော လူထုက ဘဏ်အပ်ငွေများ အလုအယက် ထုတ်ယူကြသည်။ စစ်ကောင်စီက ဘဏ်လုပ်ငန်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ကာ ဘဏ်မှ ငွေသားထုတ်ယူခြင်းကိုလည်း အကြီးအကျယ်ကန့်သတ်လိုက်သည်။ ထိုမှစ၍ မြန်မာ့စီးပွားရေး ကမောက်ကမဖြစ်လာသည်။​

ဘဏ်များနှင့် အလိုအလျောက်ငွေထုတ်စက် (ATM) များတွင် ငွေထုတ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းကြရသည်။ ငွေသားထုတ်ယူခွင့် ကန့်သတ်ချက်ကြောင့် ရာခိုင်နှုန်းအားဖြင့် အရှုံးခံထုတ်ယူခြင်း၊ အချင်းချင်း အရှုံးခံဝယ်ယူခြင်းများဖြစ်လာသည်။

လူပန်းစိတ်ပန်းဖြင့် အချိန်ကုန်ခံ ငွေထုတ်ယူရခြင်းအပြင် ကိုယ့်ငွေကိုယ် အရှုံးခံပြန်ဝယ်ရခြင်းဖြစ်သည်။​ 

ထိုအခြေအနေမှာ လက်ရှိအချိန်ထိဖြစ်သည်။ ငွေသားရှားပါးမှုကြောင့် ရာခိုင်နှုန်းတစ်ခုပေးကာ အရှုံးခံထုတ်ယူပြီး လုပ်ငန်းလည်ပတ်နေရသည်ဟု အမည်မဖော်လိုသူ ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဘဏ်မှ ထုတ်ယူခွင့် တစ်ပတ်လျှင် ကျပ်သုံးသိန်းသာရှိသဖြင့် ကုန်ကြမ်း ၁၀ သိန်းဖိုး ဝယ်ယူမည်ဆိုပါက ကျန် ၇ သိန်းအတွက် ရာခိုင်နှုန်းဖြင့် အရှုံးခံထုတ်ယူရသည်ဟု ဆိုသည်။​

“ဘဏ်ရဲ့ပြဿနာက အစုံပဲ။ သူ့ကြောင့် တော်တော်ထိခိုက်ကုန်တဲ့ လုပ်ငန်းတွေရှိတယ်။ ဈေးနှုန်းကြီးမြင့်လာရတဲ့ အကြောင်းတွေသည် အဲဒီ (ဘဏ်လုပ်ငန်း)က စတယ်လို့ ထင်တယ်” ဟု အဆိုပါလုပ်ငန်းရှင်က ဆိုသည်။

တိုင်းပြည်စီးပွားရေး ပင်မကျောရိုးဖြစ်သည့် ဘဏ်များအပေါ် လူထုယုံကြည်မှု လျော့ကျလာသည်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း ပါဝင်သဖြင့် ဘဏ်များ လနှင့်ချီ ပိတ်ထားခဲ့ရသည်။

ပြည်တွင်းဘဏ်များမှာ မတည်ရင်းနှီးငွေဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းထက် အများပြည်သူအပ်နှံငွေဖြင့် လုပ်ငန်းလည်ပတ်ခြင်းဖြစ်ရာ ဘဏ်အပ်ငွေများ အလုံးအရင်းထုတ်ယူခြင်းက ရေရှည်ရပ်တည်နိုင်မှုကို ခြိမ်းခြောက်နေသည်။​

ရန်ကုန်မြို့တစ်နေရာတွင် ATM ၌ ငွေသားထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – EPA/ EFE) 

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ဘဏ်များမှာ ကပ်ဆိုက်နေကြောင်း လွတ်လပ်သော ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် Independent Economists for Myanmar (IEM) ဆိုသည့် အဖွဲ့က ဩဂုတ်လအတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း 

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခဲ့သည်။ အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက အမေရိကန် ၁ ဒေါ်လာလျှင် ၁,၃၃၇ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလတွင် ကျပ် ၂၀၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။ 

ကမ္ဘောဇဘဏ်၏ နိုင်ငံခြားငွေလဲလှယ်နှုန်းအရ ယခုလ (ဇန်နဝါရီ) ၂၄ ရက်၌ ၁ ဒေါ်လာလျှင် ၁,၇၈၆ ကျပ်ဖြစ်သော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် ၁,၉၇၀ မှ ၂၀၀၀ အထိ ပေါက်ဈေးရှိသည်။​

ကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေး ကျဆင်းလာသဖြင့် စစ်ကောင်စီက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည်။ ၎င်းတို့ထုတ်ပြန်ထားသော တားမြစ်ချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ်၊ ငွေဒဏ်ဖြင့် အရေးယူနိုင်ရန် ပုဒ်မ ၄၁ နှင့် ၄၄ ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရေးယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဗဟိုဘဏ်မှတစ်ဆင့် အောက်တိုဘာလအတွင်း သတင်းထုတ်ပြန်သည်။​

ပြည်ပသွင်းကုန်များကိုပါ စစ်ကောင်စီက ထိန်းချုပ်ခဲ့သည်။​ အီလက်ထရွန်နစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများပါမကျန် စက္ကူနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအထိ လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာလဆန်းတွင် ကြေညာသည်။

ဒေါ်လာဈေး ထိန်းမနိုင်သိမ်းမရ မြင့်တက်မှုကို ကုစားရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာသန်း ရာနှင့်ချီ ထုတ်ရောင်းခဲ့သော်လည်း ဈေးကွက်အတွင်း အမှန်တကယ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘဲ ဆင့်ပါးစပ် နှမ်းပက်ရုံသာရှိသည်ဟု ဝေဖန်ခံရသည်။​ 

အဟန့်အတားများလာသော ကုန်သွယ်ရေး

အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်၏ နယ်စပ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲနှင့် လုံခြုံရေးအကြောင်းပြ စစ်ဆေးရေးဂိတ်များကြောင့် နယ်စပ်ကုန်သွယ်ရေး နှေးကွေးလေးလံသွားသည်။​ မူဆယ်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို ပြီးခဲ့သည့်နှစ် ဧပြီနှင့် ဇူလိုင်လအတွင်း တရုတ်က တစ်ဖက်သတ် ပိတ်ပင်ခဲ့သည်။

မြန်မာဘက်ခြမ်း မူဆယ်သို့ ကုန်ပစ္စည်းများ ပြန်လည်ရွှေ့ပြောင်းနေသည့် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ရှိ မြန်မာကုန်စည်ဂိတ်တစ်ခုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

တရုတ်က ပြန်ဖွင့်ပေးချိန်တွင်လည်း အကန့်အသတ်ဖြင့်သာဖြစ်သည်။​ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကုန်တင်ကားများ တိုက်ရိုက်သွားခွင့် မရသဖြင့် ကွန်တိန်နာတစ်လုံးလျှင် တရုတ်ယွမ်ငွေ ၆,၀၀၀ (ကျပ် ၁၈ သိန်း) ခန့် စရိတ်ပိုလာကြောင်း နယ်စပ်ကုန်သွယ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။​

ကုန်သွယ်ရေးလုပ်ငန်းတွင် အခြားသော အဟန့်အတားတစ်ခုမှာ နိုင်ငံခြားငွေ အကြီးအကျယ်လိုအပ်နေသည့် စစ်ကောင်စီ၏ ပြည်ပသွင်းကုန်ထိန်းချုပ်မှုဖြစ်သည်။ 

“အရင်တုန်းက Non License ဖြစ်ခဲ့တဲ့ (သွင်းကုန်၊ ပို့ကုန်လိုင်စင်လျှောက်ဖို့ မလိုအပ်တဲ့)ပစ္စည်းတွေ အကုန်လုံးက အခုဟာက ဂျူတီလျှောက်ရမယ်။ လျှောက်ရမယ်ဆိုတာကလည်း ဘယ်လိုပုံစံဆောင်ရမယ်ဆိုတာ ကျမလာသေးဘူး။ ဒါကြီးက နောက်ပြန်သွားနေတာပေါ့” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် နယ်စပ်ရှိ စစ်ကောင်စီ၏ အကောက်ခွန်၊ နယ်စပ်ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ရဲနှင့် စစ်သားများကိုလည်း ငွေကြေးပေးဆောင်လာရသည်။ နေရာဌာနတစ်ခုလျှင် ကျပ်ငါးထောင်မှ သုံးသောင်းအထိ ကုန်ကျပြီး သွင်းကုန်လိုင်စင်ထိန်းချုပ်မှုကြောင့် မှောင်ခိုလမ်းကြောင်းကိုသာ အားကိုးရမည့် အခြေအနေဖြစ်လာကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။​

စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ၂၀၁၉-၂၀ တွင် ကုန်သွယ်တန်ဖိုး ဒေါ်လာ ၃၆ ဘီလျံကျော်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၃၀ ဘီလျံသာရှိသည်။​

အခွန်ရငွေ ၃၀ ရာခိုင်နှုန်းကျော် လျော့နည်း

ပြည်တွင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီလက်ထက် အခွန်ဘဏ္ဍာငွေ ကောက်ခံရရှိမှုမှာ အရပ်သားအစိုးရလက်ထက် အနီးဆုံးကာလနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ NLD လက်ထက်တွင် ကျပ်ဘီလျံ ၇၂၀၀ ကျော်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကျပ်ဘီလျံ ၄၇၀၀ ကျော်သာ ရရှိသည်။ 

ယခုလ လဆန်းပိုင်းတွင် ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်ငွေကျဆင်းကြောင်း ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက အခွန်အကောက်ဥပဒေကို ပြင်ဆင်ကာ ပြည်သူများ နေ့စဉ် မဖြစ်မနေ သုံးစွဲနေရသည့် မိုဘိုင်းဆင်းကတ်များနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို အခွန်တိုးကောက်စေသည်။ 

“အခုလို ဘဏ္ဍာနှစ်အစမှာ အခွန်အကောက်ဥပဒေကို အလောသုံးဆယ် ထပြင်တယ်ဆိုတာက စစ်ကောင်စီ ဖရိုဖရဲဖြစ်နေတယ်ဆိုတာနဲ့ စီးပွားရေးမှာ ဘယ်လောက်ညံ့ဖျင်းတယ်ဆိုတာ ပြနေတာပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။​

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများက အောင်ဘာလေထီ မထိုးခြင်းအပြင် လျှပ်စစ်မီတာခ မဆောင်ခြင်းဖြင့်ပါ ဆန့်ကျင်သပိတ်မှောက်သည်။ အရပ်သားအစိုးရလက်ထက်က ထီဆုကြေး ကျပ်သိန်းတစ်သောင်းခွဲအထိ ချီးမြှင့်နိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ကျပ်သိန်းငါးထောင်သာ ချီးမြှင့်နိုင်တော့သည်။

ပြည်တွင်းအခွန်ဦးစီးဌာန၏ ကိန်းဂဏန်းများအရ အောင်ဘာလေထီမှ အခွန်ရငွေမှာ အရပ်သားအစိုးရလက်ထက်တွင် ကျပ် ၁၆၀ ဘီလျံအထိ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကျပ် ၈၆ ဘီလျံသာ ရှိသည်။ 

အရပ်သားအစိုးရလက်ထက် ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်နှင့် စစ်ကောင်စီလက်ထက် ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ် အခွန်ရငွေ နှိုင်းယှဉ်ချက်။ 

နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာခြင်း 

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာကုမ္ပဏီ တစ်ခုပြီးတစ်ခု ထွက်ခွာခဲ့သည်။ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်သည့်ကုမ္ပဏီ တိုးလာနေဆဲဖြစ်သည်။ 

ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီကြီးများ နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှ Kirin, Aeon, Toyota, စင်ကာပူနိုင်ငံမှ Lim Kaling SembCorp, ထိုင်းနိုင်ငံမှ Amata လုပ်ငန်းစု၊ ဟောင်ကောင်မှ Shanghai ဟိုတယ်လုပ်ငန်းစု၊ ပြင်သစ်နိုင်ငံမှ EDF, မလေးရှားနိုင်ငံပိုင် Petronas နှင့် သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော နော်ဝေနိုင်ငံမှ Telenor တို့ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာသည်။ 

နောက်ပိုင်းတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီ BAT, ဆွစ်ဇာလန်အခြေစိုက် နာမည်ကျော် Kempinski ဟိုတယ်လုပ်ငန်းစု၊ ဂျာမနီမှ Metro ကုမ္ပဏီတို့သည်လည်း အလားတူ ကြေညာသည်။ 

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ နီးပါး လုပ်ကိုင်လာခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က လက်ရှိလုပ်ကိုင်နေသောစီမံကိန်းနှစ်ခုမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ တွင် ထုတ်ပြန်သည်။ စစ်ကောင်စီလက်ထက်တွင် ပိုမိုဆိုးရွားလာသော အခြေအနေများကြောင့် ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သဖြင့် ထိုသို့ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း Total က ကြေညာသည်။ 

ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ထိုသို့ကြေညာပြီး မရှေးမနှောင်းမှာပင် အမေရိကန်ရေနံကုမ္ပဏီ Chevron နှင့် ဩစတြေးလျမှ Woodside တို့ကလည်း မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ နီးပါး လုပ်ကိုင်လာခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ နုတ်ထွက်မည်ဟု ကြေညာသည်။ (ဓာတ်ပုံ – Supplied) 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ NLD အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော်ရှိခဲ့ရာမှ စစ်ကောင်စီလက်ထက် ပထမဘဏ္ဍာနှစ်တွင် ၃ ဒသမ ၇ ဘီလျံကျော်သာရှိသည်။ 

အလုပ်လက်မဲ့များလာ 

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆတိုးလာနိုင်ကြောင်း အထက်တွင် ဆိုခဲ့ပြီးဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးအရွယ်အစား သေးငယ်သွားမည့်အပြင် အလုပ်အကိုင်တစ်သန်းခန့် ဆုံးရှုံးနိုင်သည်ဟု ကမ္ဘာ့ဘဏ်က အာဏာသိမ်းပြီးခြောက်လအကြာ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။

အထည်ချုပ်စက်ရုံများ ဆက်တိုက်ပိတ်သိမ်းလာသည့်အတွက် သိန်းနှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကုန်သည်။ အလုပ်သမားများ၏ အခြေခံလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ထက် ပိုရရှိရေးအိပ်မက်သည်လည်း စစ်အာဏာသိမ်းမှုကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ 

“အခြေခံလစာက ပိုမြင့်ရမယ့်နှစ်ကို ရောက်လာပြီ။ အလုပ်သမားတွေရဲ့ မျှော်လင့်ချက်က ၄,၈၀၀ ထက် ပိုမယ်။ ၇,၂၀၀ တောင်းတယ်။ ပိုရလာမယ်ဆိုတာ သိတယ်။ ဝန်ကြီးဌာနက သဘောတူထားတာတွေ ရှိတယ်။ အဲလိုဖြစ်တဲ့အချိန်မှာ အာဏာသိမ်းလိုက်တော့ မျှော်လင့်ချက်တွေ ပျက်စီးသွားတယ်” ဟု ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။​

စက်ရုံအလုပ်ရုံများတွင် နေ့စဉ်နှင့်အမျှ အလုပ်ရှာသူ အများအပြားတွေ့နေရကာ အလုပ်ပေးနိုင်သည့် ပမာဏနှင့် အလုပ်ရှာသူ မမျှမတဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

အထွေထွေ စီးပွားရေးချွတ်ခြုံကျမှု 

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုနှင့် မစိမ်းပေ။ စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်အတန်ကြာ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေးရပြီးစအခါက အခြေအနေအရပ်ရပ်တွင် တူတူတန်တန်ရှိခဲ့သော နိုင်ငံသည် စစ်အာဏာရှင်စနစ်ကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင်နိုင်ငံအဖြစ် ရောက်ရှိခဲ့သည်။

ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒီမိုကရေစီနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ကမ္ဘာကြီးက မမှိတ်မသုန်ဦးတည်လျက်ရှိသည်။

၂၀၂၁ ခုနှစ်အကုန် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ – EPA/EFE) 

မြန်မာနိုင်ငံသည်ကား အမှောင်ခေတ်ကို တစ်ကျော့ပြန်ခြေဦးလှည့်နေသည်။ စစ်အာဏာရှင်မျိုးစေ့ကြောင့် အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုများ ထူပြောရာနိုင်ငံတွင် နောက်တစ်ကြိမ် စစ်အာဏာသိမ်းမှုက စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့မျှ ဖန်တီးပေးနိုင်မည် မဟုတ်ပေ။ 

စစ်အာဏာရှင်စနစ်သည် နိုင်ငံ့စီးပွားရေးကိုသာမက နိုင်ငံတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ စီးပွားရေးနှင့် စည်းစိမ်ဥစ္စာများကိုပါ အနှေးနှင့်အမြန် ထိပါးစေမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည်ပင်လျှင် စီးပွားရေးယုတ်လျော့မှုကို လက်ရှိ ကြုံတွေ့နေရပြီဖြစ်သည်။ စီးပွားရေးလုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသည့် မင်းအောင်လှိုင်၏ သားသမီးနှစ်ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီများကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားသည်။ ၎င်းတို့အနေဖြင့် အဆိုပါလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရေး ခက်ခဲကျပ်တည်းတော့မည်ဖြစ်သည်။ 

ပြည်တွင်း၌ ကုမ္ပဏီအချို့ အရှုံးပေါ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် AMATA Holding သည် ကျပ် ၁၀ ဘီလျံ၊ TMH Telecom ကုမ္ပဏီသည် ကျပ်သန်း ၇၀၀ ကျော် အရှုံးပေါ်ခဲ့ကြောင်း နှစ်ကုန်ပိုင်း (ဒီဇင်ဘာလ) က ထုတ်ပြန်သည့် ထိုကုမ္ပဏီများ၏ ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြသည်။​

“စီးပွားရေးက နိုင်ငံရေးအပေါ်မှာ အများကြီးမူတည်တာကို နိုင်ငံရေးက အခုလိုအချိန်မှာ မတည်ငြိမ်တဲ့အခါ အကုန်လုံးက ကြောက်ကြောက်လန့်လန့် ကျီးလန့်စာစားပြီး လုပ်နေရတဲ့အခြေအနေဖြစ်နေတာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

ကိုဗစ်ကပ်ရောဂါကြောင့် အထိနာခဲ့သည့် ခရီးသွားလုပ်ငန်းသည်လည်း စစ်အာဏာသိမ်းမှုကြောင့် နာလန်မထူနိုင်ဖြစ်နေသည်။ ပြည်တွင်းခရီးစဉ်အချို့ ပြန်စလာသော်လည်း ခရီးသွားလုပ်ငန်း ၉၅ ရာခိုင်နှုန်းမှာ လုံးဝရပ်တန့်နေသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ 

အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် စီးပွားရေးအခြေမလှဖြစ်နေသည့် အထက်ပါအကြောင်းခြင်းရာများအပြင် စက်သုံးဆီဈေးမြင့်တက်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများလည်း ရှိနေသည်။

စက်သုံးဆီဈေးသည် စစ်အာဏာမသိမ်းမီက လက်လီအားဖြင့် တစ်လီတာလျှင် ကျပ် ၆၀၀ ကျော်ဝန်းကျင်သာ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ကျပ် ၁၃၀၀ ကျော်နှင့်အထက်ရှိနေသည်။ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ကုန်စည်ပို့ဆောင်ရေးစရိတ် ကြီးမြင့်လာသည်။

လျှပ်စစ်မီးလည်း ပုံမှန်ပြတ်တောက်လာသည်။ ​လျှပ်စစ်မဂ္ဂါဝပ် ၄,၂၀၀ အထိ အမြင့်ဆုံးထုတ်နိုင်ခဲ့ရာမှ ၁,၄၇၀ မဂ္ဂါဝပ် လျော့ထုတ်နေရကြောင်း စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။​ ဓာတ်အား ပုံမှန်မပေးနိုင်သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ တစ်နိုင်ငံလုံး လျှပ်စစ်ရထားပြေးဆွဲရေးကို ပါးစပ်ကမချ ပြောဆိုခဲ့သည်။ 

စစ်ကောင်စီလက်ထက် အဘက်ဘက်ယိုယွင်းနေသော အခြေအနေမှာ ကျရှုံးနိုင်ငံကို ဦးတည်နေကြောင်း၊ ပြဿနာအရင်းအမြစ်ဖြစ်သည့် စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်မှသာ ပြေလည်နိုင်မည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

“လျှပ်စစ်မီးရှိမှ ထုတ်လုပ်လို့ရမယ်။ လျှပ်စစ်မီးပျက်လို့ ဆီဈေးက တည်ငြိမ်နေရင် အကြောင်းမဟုတ်ဘူး။ ဆီဈေးတွေပါတက်တယ်။ ပြီးတော့ ငွေက ထုတ်လို့မရဘူး။ ပြီးသွားပြီလေ၊ အဲဒီနိုင်ငံမှ ကျရှုံးနိုင်ငံမဖြစ်ရင် ဒီနိုင်ငံအပြင် မရှိတော့ဘူး”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button