မေးမြန်းခန်းရွေးကောက်ပွဲ

“လာခြင်းကောင်းတဲ့ သန္ဓေမှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး”-ဦးဖေသန်း

အာဏာသိမ်း စစ်ကောင်စီက လူဦးရေစာရင်း ကောက်ယူမှုများစတင်နေပြီး အချိုးကျ ကိုယ်စားပြုစနစ် (PR) ရောယှက်ကျင်သုံးမည့် ရွေးကောက်ပွဲအတွက် ဆိုင်းပြင်းနေသည်။ ထိုအစီအစဉ်မတိုင်မီတွင် လွန်ခဲ့ သည့် နှစ်နှစ် အာဏာသိမ်းပြီးကတည်းက ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ကို အပြင်းအထန် တိုက်ခိုက်နေ သည့် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲထားသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးတွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အဖြစ် ရွေးကောက်ခံရဖူးသူ၊ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးရန် ကြိုးပမ်းခံရဖူးသူ ဦးဖေသန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

Myanmar Now – စစ်ကောင်စီက ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ လူဦးရေစာရင်းကောက်ယူနေတာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံး ခုခံတော်လှန်နေကြချိန်မှာ စစ်ကောင်စီရဲ့ ဒီရွေးကောက်ပွဲဟာ တကယ်ဖြစ်လာမမယ်ထင်ပါသလား။

စစ်ကောင်စီဘက်ကတော့ ဒီရွေးကောက်ပွဲဟာ သူ့အတွက် တကယ်နိုင်ငံရေးအရ အကျဉ်းအကြပ်ထဲက ထွက်ဖို့အတွက် လုပ်ဆောင်ချက်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ရွေးကောက်ပွဲကို ပါတီတွေက ပူးပေါင်းဆောင်ရွက်တယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာ အေးချမ်းတည်ငြိမ်နေတယ်ဆိုတဲ့ ပုံရိပ်ကို နိုင်ငံတကာကို ပြပြီးတော့ PR စနစ်ကိုကျင့်သုံးပြီးတော့ ပုံဖော်ချင်တာပေါ့။ အဲဒီရွေးကောက်ပွဲနဲ့ပဲ အကွက်ဆင်ပြီးတော့ အနိုင်ယူဦးမှာပေါ့။ အဲလိုဆိုရင် သူကတရားဝင်အစိုးရဖြစ်တယ်ဆိုပြီးတော့ ကမ္ဘာကိုပြမယ်ပေ့ါ။ ဒီရွေးကောက်ပွဲကလည်း သမာသမတ်ကျတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့။ စစ်တပ်က PR စနစ်နဲ့ ဒီအကျပ်အတည်း(နိုင်ငံအနှံ့ခုခံတော်လှန်မှုများ)ကနေ ထွက်ပေါက်တစ်ခုအနေနဲ့ မြင်တဲ့အတွက်ကြောင့် အဲဒါကိုတော့သူက မဖြစ်မနေ ဖြစ်အောင်လုပ်မှာပါ။

ဒါပေမယ့် အဲဒီရွေးကောက်ပွဲက Free And Fair (လွတ်လပ်၊ မျှတမှု) ဖြစ်မှာမဟုတ်ဘူး။ တစ်ဖက်က တကယ့် သူတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အတိုက်အခံပါတီ NLD (ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကို ရစရာမရှိအောင် အကုန်လုံးခေါင်းဖြတ် ခြေဖြတ် (ဖမ်းဆီး) ထားတဲ့ အချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲမှာ အလွယ်တကူ နိုင်နိုင်တဲ့ အခြေအနေမျိုးရှိတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ ကို ပြည်သူတွေကလည်း စိတ်မဝင်စားဘူး။ ကမ္ဘာကလည်းမထောက်ခံဘူး။ EAO ( တိုင်းရင်းသားလက်နက်ကိုင်) တွေကလည်းလက်မခံတဲ့ အတွက်ကြောင့်မို့လို့ ဒီရွေးကောက်ပွဲက ဘယ်လိုမှ လာခြင်းကောင်းတဲ့ သန္ဓေမှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါကသူတို့ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့လုပ်ဇာတ်ခင်းတဲ့ရွေးကောက်ပွဲတစ်ခုပဲဖြစ်တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ 

စစ်ရေးလေ့ကျင့်နေသည့် ရက္ခိုင့်တပ်တော် (AA)တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Myanmar Now

Myanmar Now – စစ်ကောင်စီက ပြုလုပ်မဲ့ရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါသလဲ။

အဲဒီရွေးကောက်ပွဲက ရခိုင်ပြည်သူတွေလို့ သီးသန့်ပြောဖို့ဟာထက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ဒီရွေးကောက်ပွဲက အကျိုးရှိတဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ Free And Fair ဖြစ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ စစ်ကောင်စီက သူတို့လိုချင်တဲ့ မျိုးဆက်တွေပေါ့နော်။ စစ်အစိုးရတွေကို ရေရှည်ရပ်တည်ဖို့အတွက် သူတို့အာဏာနဲ့ပါဝါကို ဆွဲဆန့်တဲ့ရွေးကောက်ပွဲတစ်ခုဘဲဖြစ်တယ်။ ဒီပွဲမှာလည်း ဒီစစ်တပ်နဲ့ ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) သူတို့မဟာမိတ်အဖွဲ့တွေကပဲ အနိုင်ရမှာ၊ အစိုးရဖြစ်မယ်ဆိုတာသေချာတယ်။

ပြီးတော့ လွှတ်တော်ကိုလည်း ထိန်းချုပ်နိုင်မယ်ဆိုတာ သေချာတယ်။ ဘာဘဲပြောပြော စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့အပြင် ပြိုင်ဘက်ကလည်း မရှိတဲ့အတွက်နဲ့ ပြိုင်မဲ့သူကိုလည်း လုံးဝ ချုပ်ထားပြီးတော့ပေါ့နော်။ အပိုင်လုပ်တဲ့ရွေးကောက်ပွဲမျိုးပေါ့။ အဲဒါကြောင့် ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိတဲ့အပြင် ပြည်သူတွေကလည်းစိတ်မဝင်စားဘူး။ နိုင်ငံတကာကလည်းမထောက်ခံဘူး။ ပြည်သူ့အင်အားစုတွေကလည်းမထောက်ခံဘူး။

ဆိုတော့ ဒီရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် အကျိုးဖြစ်လာမှာထက် စစ်တပ်ရဲ့ သက်တမ်းကိုဆွဲဆန့်ဖို့ လုပ်တဲ့ရွေးကောက်ပွဲသာဖြစ်တယ်။ စစ်တပ်အာဏာကိုအမြဲတမ်းရှိနေဖို့အတွက် ဒီနိုင်ငံမှာ စစ်တပ်ကအမြဲတမ်းအစိုးရအနေနဲ့ ထိန်းချုပ်ထားနိုင်ဖို့အတွက် လုပ်တဲ့ ဟန်ပြရွေးကောက်ပွဲမျိုးဖြစ်တယ်။

အဲဒီရွေးကောက်ပွဲမှာ ပါဝင်တဲ့ ပါတီတွေဆိုတာလည်း.. ဘာမှလုပ်ပိုင်ခွင်ရှိမှာမဟုတ်ဘူး။ အရင်တုန်းကလည်းအဲလိုဘဲ။ ဒါကြောင့် ရွေးကောက်ပွဲနှစ်ဆက်လုံးမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်အခွင့်အရေးဆိုတာ ဘယ်လိုမှအရိပ်အရောင်လေးတောင်မပြခဲ့ဘူး။

ဒါကြောင့်ဒီအခုရွေးကောက်ပွဲဆို ပိုဆိုးပါတယ်။ ဒီမိုကရေစီအင်အားစုတွေလည်းမရှိတဲ့အပြင် စစ်တပ်က ဒါတဖက်သတ်လုပ်မဲ့‌ရွေးကောက်ပွဲကတော့ နိုင်ငံအတွက်ရော၊ ရခိုင်ပြည်နယ်အတွက်ရော ဘာမှအကျိုးဖြစ်လာစရာအကြောင်းမရှိဘူး။ မစို့မပို့လေးပေးပြီတော့ သူတို့သက်တမ်းရှည်ဖို့ သူတို့အစိုးရအမြဲတမ်းအုပ်ချုပ်ဖို့အတွက်ဘဲ လုပ်သွားမှာပါ။

နောက်ဆုံးတော့ ဒီမိုကရေစီအခွင့်အရေးတွေ ပျောက်ပြီးတော့ ဖက်ဒရယ်ဆိုတဲ့ မစားရဝမခန်း အခွင့်အရေးတွေလောက်နဲ့ပဲ အကုန်လုံးကျေနပ်နှစ်သိမ့်သွားရမှာဖြစ်တယ်။ ဒါကြောင့်လည်း ULA/AA က ရွေးကောက်ပွဲနှစ်ဆက်လုံးဟာ ရခိုင်ပြည်အတွက် အကျိုးမပြုခဲ့ဘူးဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အမြင်ကလည်းဘဲ ဒီရွေးကောက်ပွဲဟာ ရခိုင်ပြည်အတွက်တောင်မကဘူး။ တစ်နိုင်ငံလုံးအတွက် အကျိုးရှိမဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ စစ်တပ်အတွက် အကျိုးရှိမဲ့ရွေးကောက်ပွဲသာဖြစ်တယ်လို့ ပြောချင်ပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ တွင်ကျင်းပသည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မဲပေးရန် စောင့်ဆိုင်း နေသည့် ပြည်သူများ။ ဓာတ်ပုံ-EPA

Myanmar Now –  စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်တော်(AA) ၏ သဘောထားက ဘယ်လိုရှိတယ်လို့ သုံးသပ်ပါသလဲ။

အခုထက်ထိပေါ့နော်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ (AAကို) အရင် သတင်းစာရှင်းလင်းပွဲမှာလည်း မေးတာတွေကြားမိတယ်။ ဦးခိုင်သုခဖြေတာကတော့ ဒီရွေးကောက်ပွဲအဆက်ဆက်ဟာ ရခိုင်ပြည်အတွက်အကျိုးမပြုခဲ့ဘူး။ နောက်တခါ ရွေးကောက်ပွဲကိုစဥ်းစားမယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဥ်ပြီးတော့မှ စဥ်းစားရမယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ ဒါပေမယ့် ဒီနေ့ လူဦးရေ စာရင်းတွေဘာတွေကောက်တဲ့အခါမှာ စစ်ကောင်စီဘက်က လုပ်တဲ့လုပ်ငန်းစဥ်တွေကိုတော့ ULA/AA ဘက်က ဘာမှထိန်းချုပ်တာတို့ ကန့်ကွက်တာတို့ တားမြစ်တာတို့မရှိဘူး။ အဲဒါကလည်း လောလောဆယ် အပစ်အခတ်ရပ်စဲထားတဲ့အခြေအနေ ကြောင့်လည်းဖြစ်နိုင်တယ်။

ဒါပေမယ့် အဲလိုဒီ‌လူဦးရေစာရင်းကောက်တာကို မကန့်ကွက်ဘူး။ အနှောက်အယှက်မပေးဘူးဆိုတာဟာ ရွေးကောက်ပွဲကိုထောက်ခံတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲဖြစ်လာတဲ့အချိန်ခါမှာ ရွေးကောက်ပွဲဖြစ်မဲ့အချိန်ခါမှာ ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာပေါ့နော်၊ အပစ်အခတ်ရပ်စဲရေးဟာ တည်မြဲတဲ့အခြေအနေရှိမလား။ တိုက်ပွဲတွေဖြစ်လာနိုင်သလာပေါ့။ တည်မြဲမယ်ဆိုရင်လည်းဘဲ အဲဒီအချိန်အထိ အပစ်အခတ်ရပ်စဲရေးဟာ ရွေးကောက်ပွဲလုပ်မဲ့အချိန်အထိ ဆက်ပြီးတော့ တည်တန့်နေမယ်ဆိုရင်လည်းဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ULA/AA ဘက်က ဘယ်လိုသုံးသပ်လာမလဲ။ ဘယ်လိုစဥ်းစားလာမလဲပေါ့‌နော်။ သူပြောထားတာရှိတဲ့အတွက်နဲ့ ဒါတစ်နိုင်ငံလုံးနဲ့ခြုံပြီးစဥ်းစားရမယ်လို့ (AAက) ပြောထားတဲ့အတွက်နဲ့ အဲဒီအချိန်မှာ ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ AA က ဘယ်လိုတုန့်ပြန်လာမလဲ။ သူ့ဘက်က ရွေးကောက်ပွဲကိုခွင့်ပြုမလား။ ခွင့်မပြုဘူးလားဆိုတာ အဲဒီအချိန်မှ ပိုပြီးတော့ ကျွန်တော်တို့ မြင်လာရမှာလို့ထင်ပါတယ်။

ရက္ခိုင့်တပ်တော်(AA) စစ်သင်တန်းဆင်းပွဲတစ်ခု။ ဓာတ်ပုံ -AA

Myanmar Now – စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ရခိုင်က အင်အားကြီး၊ သမ္ဘာရင့် ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) ပါတီကတော့ အယုံအကြည့်မရှိလို့ ဝင်မပြိုင်ဘူးဆိုပြီး ငြင်းဆိုထားတာတွေ့ရတယ်။ ရခိုင်မျိုးသားပါတီ ANP ကလည်းဝင်ပြိုင်မလားမပြိုင်ဘူးလားဆိုတာကို မပြောနိုင်သေးဘူး။ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ AFP (ရခိုင့်ဦးဆောင်) ပါတီကတော့ ဝင်ပြိုင်မယ် လို့ သိထားပါတယ်။ ဝင်ပြိုင်မဲ့ပါတီတွေက ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူတွေအတွက် ဘယ်လို အကျိုးရလဒ်တွေ သယ်ဆောင်ပေးနိုင်မယ်ထင်ပါသလဲ။

အခုထက်ထိပေါ့နော်။ ULA/AA ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောသေးဘူးဆိုပေမဲ့ ULA/AA ရဲ့ အဆုံးအဖြတ်ဟာတော့ ရခိုင်ပြည်မှာ ရွေးကောက်ပွဲဖြစ်မ ဖြစ်နဲ့သက်ဆိုင်ပါတယ်။ ULA/AA ခွင့်ပြုရင်ဖြစ်တယ်။ ULA/AA က ခွင့်မပြုရင်မဖြစ်ဘူးပေါ့။ အဲလိုအ‌ခြေအနေတွေရှိတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲက ကျွန်တော်တို့အတွက် အကျိုးမရှိနိုင်ဘူးဆိုတာ ကျွန်တော်လည်းပြောပြီးသွားပြီဖြစ်တယ်။

ဒါပေမယ့် အကျိုးမရှိတဲ့ရွေးကောက်ပွဲကို ဝင်ပြိုင်မဲ့ပါတီတွေလည်းရှိတယ်။ ဘာလို့လည်းဆိုတော့ သူတို့နိုင်ငံရေးပါတီတွေဆိုတာကတော့ ရွေးကောက်ပွဲကိုယှဥ်ပြိုင်ဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ ရွေးကောက်ပွဲကို မပြိုင်ရင်လည်း ဒါသူတို့ဘက်က ဥပဒေအရ ဖျက်သိမ်းခံရမယ်ဆိုတဲ့ အခြေအနေတွေလည်းရှိတယ်။

ဒါပေမယ့် ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် နိုင်ငံရေးဂုဏ်သိက္ခာက ဘယ်လိုမှ တိုးတက်လာစရာအကြောင်းမရှိဘူး။ နိုင်ငံရေးဂုဏ်သိက္ခာရရှိ လောက်တဲ့အခြေအနေမျိုးလည်းမရှိဘူး။ ပြည်သူတွေကလည်း ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေ၊ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ပုဂ္ဂိုလ်တွေကို လေးစားလောက်တဲ့အခြေအနေမျိုးမရှိဘူး။ မဲပေးနိုင်လောက်တဲ့အခြေအနေမျိုးလည်းမရှိဘူး။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ပါတီရပ်တည်ရေးကို ဦးစားပေးမလား။ ပြည်သူတွေရဲ့ လိုလားချက်ကို ဦးစားပေးမလား။ နိုင်ငံရေးဂုဏ်သိက္ခာကိုကော ဘယ်လိုနည်းနဲ့ရယူမလဲ‌ပေါ့နော်။ ကျွန်တော်တို့အမြင်က ဒီပါတီတွေက ဒီရွေးကောက်ပွဲကို ပြိုင်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ ကစားကွက်ထဲမှာ ကျားကွက်ထဲမှာ ….ပေးတဲ့အဖွဲ့အစည်းအနေနဲ့ပဲ ဖြစ်သွားလိမ့်မယ်။ ဘယ်လိုမှ ပြည်သူတွေအတွက် အကျိုးဖြစ်လာစရာကြောင်မရှိဘူး။ နိုင်ငံရေးဂုဏ်သိက္ခာခါအရ မြင့်မားလာစရာကြောင်းလည်းမရှိဘူး။

 ဒါကြောင့် ဒီပါတီတွေအနေနဲ့ စဉ်းစားရမှာက ပါတီရပ်တည်ရေးကို ဦးစားပေးမလား။ ကိုယ့်ပါတီနဲ့ မိမိရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအဲဒါကို ဦးစားပေးမလားဆိုတာ ဆုံးဖြတ်ပြီးလုပ်ဆောင်ရမဲ့ ပွဲလို့ မြင်ပါတယ်။ 

ဒါကြောင့်ဘယ်လိုမှ ဒီပွဲက ပြည်သူတွေရဲ့ ထောက်ခံမှုကိုရလာမှာမဟုတ်ဘူး။ ပြီးတော့ ဒီရွေးကောက်ပွဲကလည်း တကယ်တန်းကျတော့ (တစ်နိုင်ငံလုံးမှာ) ရာခိုင်နှုန်းဘယ်လောက်ထိ ပြိုင်နိုင် (ကျင်းပနိုင်) မလဲဆိုတာ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဆိုတော့ကာ တစ်နိုင်ငံလုံး ဒီဗမာပြည်ကျင်းပတဲ့ရွေးကောက်ပွဲအနက် ဒီပွဲဟာ လုံးဝကို ပြည်သူတွေ စိတ်ဝင်စားမှု အနည်းဆုံးနဲ့ ဂုဏ်သိက္ခာအနည်းဆုံးရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button