ဆောင်းပါး

တစ်ကျော့ပြန်ရခိုင်စစ်ပွဲ ဘာကြောင့်ရပ်သလဲ 

 ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား အပြင်းအပြန်ဖြစ်ပွားနေသည့် တစ်ကျော့ပြန် ရခိုင်စစ်ပွဲ ရုတ်တရက်ရပ်ဆိုင်းလိုက်ပြီဆိုသောအခါ လူအများတအံ့တဩဖြစ်ကြသည်။ နောက်ဆက်တွဲ ဝေဖန်မှုမျိုးစုံလည်း ထွက်လာသည်။

ယခင်ကလည်း မည်သည့်နိုင်ငံရေး သဘောတူညီချက်မှမပါဘဲ AA နှင့် စစ်ကောင်စီတို့ အပစ်ရပ်ဖူး သည်။ ၂၀၁၈ ခုနှစ်အကုန်ပိုင်းမှစ၍ ၂၀၂၀ နိုဝင်ဘာအထိ ရခိုင်တွင် မီးကုန်ယမ်းကုန်တိုက်ခဲ့ကြီးပြီး နောက် ဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်မှုဖြင့် အပစ်အခတ်ရပ် စဲခဲ့ခြင်းဖြစ်သည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းတွင် လက်နက် ကိုင်ခုခံတော်လှန်မှုများနှင့်အတူ တိုက်ပွဲများဖြစ်ခဲ့သော်လည်း ရခိုင်တွင် တိုက်ပွဲမဖြစ်ဘဲ နှစ်ဖက် လုံးက အင်အားဖြည့်တင်းနေခဲ့သည်။​

ရက္ခိုင့်တပ်တော် (AA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှာ ၂၀၂၀ ခုနှစ်အတွင်း အကြမ်းဖက် အုပ်စုနှင့် မတရားအသင်းဖြစ် ကြေညာခံခဲ့ရသော်လည်း စစ်ကောင်စီက အာဏာသိမ်းပြီးလပိုင်း အကြာ ၂၀၂၁ မတ်လ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုတ်သိမ်းပေးခဲ့သည်။​

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော်လည်း ရခိုင်ပြည်နယ် တွင် တမူထူးခြားစွာ အပစ်အခတ်ရပ်နေခဲ့သည်။ ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူ၊ ဂွ၊ အမ်း၊ ငပလီ၊ တောင်ကုတ် စသည့်မြို့များတွင် တပ်ထောက်ခံများပင် ပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်ငါးခုတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် AA နှင့် စစ်ကောင်စီ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။​ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နေပြည်တော်၌ကျင်းပပြု လုပ် ပြည်ထောင်စုနေ့အခမ်းအနားကို ULA/AA မှ နိုင်ငံရေးမှူး ဦးဦးလှစောနှင့် AA စစ်ဦးစီးချုပ်၏ညီတို့ တက်ရောက်ခဲ့သည်။

AA နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းထားသူ ၄၃ ဦးကို စစ်ကောင်စီက ပြန်လွှတ် ပေးခဲ့သည့်နည်းတူ ရက္ခိုင့်တပ်တော်နေ့တွင်လည်း မြန်မာစစ်တပ်မှ စစ်သုံ့ပန်းသုံးဦးကို AA က ပြန် လွှတ်ပေးခဲ့သည်။​ ၂၀၂၁ ခုနှစ်တွင်းကလည်း AA က ၎င်းတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၄၀ ခန့်ကို လွှတ်ပေးခဲ့ဖူးသည်။

စစ်ကောင်စီ နေမထိထိုင်မသာ 

စစ်ပွဲရပ်နားနေချိန် တစ်နှစ်ကျော်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က “ရက္ခိုင်ပြည်သူ့အာ ဏာပိုင်အဖွဲ့” (Arakan People`s Authority- APA) ကို ဖွဲ့စည်း၍ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အပြင် အခွန်ကောက်ခံရေးကိုပါ အစိုးရတစ်ရပ်အသွင် ဆောင်ရွက်လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း AA သြဇာကြီးထွားလာခြင်းကို လက်တွေ့မြင်တွေ့နေရသည့် စစ်ကောင်စီက အပစ်ရပ်ထားစဉ်အတွင်း အခြေစိုက်တပ်ရင်းတပ်ဖွဲ့နေရာများ၊ ရှေ့တန်းတပ်စခန်းနေရာများကို အခိုင်အမာတည်ဆောက်ကာ လက်နက်ရိက္ခာဖြည့်တင်းလာသည်။

မြန်မာစစ်တပ်သည် ရခိုင်တွင် နေရာအနှံ့ စစ်အင်အားတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများကို အနှောင့်အယှက်ပေးခြင်း၊ ၎င်းတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို စစ်တပ်ဖြင့် ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများကို ခြိမ်းခြောက်ခြင်း၊ ရခိုင်နှင့် မွတ်စလင်အကြား သဟဇာတဖြစ်နေမှုကို ဖျက်ဆီးရန်ကြိုးစားခြင်း လုပ်ဆောင်နေကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ထားစဉ် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အင် အားစုဆောင်းခြင်း၊ နယ်မြေချဲ့ထွင်ခြင်း အပါအဝင် တိုက်ခိုက်မှုများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးယူသွားမည်ဟု ဧပြီလအတွင်း စစ်ကောင်စီက သတိပေးချက်ထုတ်ပြန်သည်။

စစ်ရိပ်စစ်ငွေ့သန်းလာခြင်း 

နှစ်ဖက်အခြေအတင်ဖြစ်လာပြီးနောက် စစ်တပ်ကလည်း ရခိုင်ပြည်နယ်အတွင်း AA ၏စိုးမိုးနယ် မြေများတွင်  စစ်ကြောင်းများ ဝင်ထွက်လှုပ်ရှားလာသည်။ 

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို AA က ပယ်ချလိုက်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘော ဆွေးနွေးခြင်း၊ စစ်ကောင်စီကိုတော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့ တချို့ကို AA က အကူအညီပေးခြင်းတို့ဖြင့် အခြေအနေ ပိုပြီးတင်းမာလာသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် Twitter လူမှုကွန်ရက်မှနေ၍ စိန်ခေါ်ပြောဆိုအထိ ဖြစ်လာသည်။ ၂၀၂၂ နှစ်ဆန်းမှစ၍ AA နှင့် စစ်ကောင်စီအကြား ညှိနှိုင်းမရသည့်အခြေအနေများ ထပ်ကာထပ်ကာ ဖြစ်လာသည်။

နောက်ပိုင်းတွင် စစ်ကောင်စီက ရခိုင်ဒေသခံများကို AA နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး ဝင်ရောက် ဖမ်းဆီးတော့သည်။ နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်လာကာ ရခိုင်ပြည်နယ် တစ်ခွင်လုံးအထိ ပျံ့နှံ့ခဲ့သည်။ 

မေလအလယ်ပိုင်းက နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း AA ၏လုပ်ဆောင်ချက်များသည် စစ်ပွဲအသွင်ကိုဆောင်နေပြီး ရခိုင်တွင် ပြဿနာဖြစ်လာပါက “အဆိုးမဆိုနဲ့” ဟု ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း “သမိုင်း တလျောက်မှာ ပြည်သူတွေအပေါ် ကောင်းတာလုပ်ခဲ့တာ တစ်ခုမှမရှိဘဲ သူတို့ကို အဆိုးမဆိုနဲ့တဲ့ တကယ့်ဟာသပဲ” ဟု လူမှုကွန်ရက်တွင် လှောင်ပြောင်ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း မြို့ရွာများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ညအချိန် ဝင်ရောက်စစ်ဆေးခြင်း၊ ရန်ကုန် – စစ်တွေကားလမ်းတလျှောက် စစ်ဆေးရေးဂိတ်များချကာ ခရီးသည်တင်ကားများ၊ ကုန်တင်ကား များ၊ အိမ်စီးကားများနှင့် စက်ဘီးဆိုင်ကယ်များပါမချန် အနံ့ခံခွေးများပင် အသုံးပြုကာ စစ်ဆေးလာ ခဲ့သည်၊ 

ရခိုင်ပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာသည်ဟု မေလ ၁၅ ရက်တွင် AA က သတိပေးချက်ထုတ်ပြန်သည်။

ထို့နောက် စစ်တပ်ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ရခိုင်သို့ရောက်လာကာ စစ်တွေနှင့် ဘူးသီးတောင်တပ်နယ်တို့မှ အရာရှိစစ်သည်များနှင့် မိသားစုဝင်များကို တွေ့ဆုံပြီး တိုက်ပွဲ ဝင်ရန် အသင့်ရှိနေရမည်ဟု ပြောကြားခဲ့သည်။

တစ်ကျော့ပြန်တိုက်ပွဲများ 

ရက္ခိုင့်တပ်တော် (AA) ၏ အမျိုးသမီးတပ်ဖွဲ့ဝင်များ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာ အရှေ့ မြောက်ဘက် လက်ပံတောင်တန်းတွင် စစ်ကောင်စီတပ်က လက်ဦးမှုယူတိုက်ခိုက်သဖြင့် AA တပ်ဖွဲ့ ဝင်အချို့ ကျဆုံးသည်။ AA ပြန်လည်၍ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံတပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည်တချို့ ကျဆုံးသည်။

ထိုဖြစ်စဉ်အပြီးတွင် စစ်ရေးအခြေအနေ ပို၍တင်းမာလာကာ နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း လစဉ် နီးပါးဖြစ်လာတော့သည်။ စစ်ကောင်စီက AA နှင့် ဆက်စပ်သူများကို လိုက်လံရှာဖွေဖမ်းဆီးသည့် နည်းတူ AA ကလည်းတန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်လာသည်။​

ဇူလိုင်လ ၄ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် ရာနယ်မြေရှိ AA တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက် ခိုက်ရာ ရက္ခိုင့်တပ်တော်အဖွဲ့ဝင် လူငယ်ခြောက်ဦး သေဆုံးခဲ့သည်။ 

ထိုအဖြစ်အပျက်အကြောင် လက်တုံ့ပြန်သည့်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA က တိုက်ပွဲ ဖော်ဆောင်ရာမှ တစ်ကျော့ပြန်တိုက်ပွဲများဖြစ်လာတော့သည်။​

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သော တိုက် ပွဲများသည် တောင်ပိုင်း တောင်ကုတ်မြို့နယ်အထိ ရောက်ရှိခဲ့သည်။ တစ်ကျော့ပြန်တိုက်ပွဲကာလအ တွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် စစ်အင်အား လေးသောင်းဝန်းကျင်အထိ ချထားကြောင်း မကြာမီရက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် AA တာဝန်ရှိသူက ထည့်သွင်းပြောဆိုခဲ့သည်။

စကခ(၁၉)၊ ဧရာဝတီတိုင်းမှ ကမ်းခြေစောင့်တပ်များ၊ မြောင်းမြဖက်မှ တပ်များ အပါအဝင် တပ်မ ၂၂၊ တပ်မ ၇၇၊ တပ်မ ၅၅ နှင့် တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက နေရာယူထားသည်ဟု ဆိုသည်။​

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် နယ်စပ်ခြံစည်းရိုး တလျှောက်ရှိ နယ်ခြားစောင့်ကင်စခန်းတချို့ လက်လွှတ်ခဲ့ရသည့်နည်းတူ  မောင်တောမြို့နယ် မြောက်ပိုင်းရှိ စခန်းတချို့ကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုများသည့်အခါတိုင်း စစ်ကောင်စီတပ်က လူနေကျေးရွာများကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း နေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့သည်။

ဒေသခံများထိခိုက်

တစ်ကျော့ပြန်စစ်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်နစ်နာခဲ့ရသည်။ စစ်တွေ – ပုဏ္ဏားကျွန်းကားလမ်း၊ မင်းပြား- မြေပုံကားလမ်း၊ စစ်တွေ – ရသေ့တောင်ကားလမ်းနှင့် စစ်တွေ -ပေါက်တောရေလမ်း၊ စစ်တွေ -မြောက်ဦးရေလမ်း၊ စစ်တွေ-မင်းပြားရေလမ်းနှင့် စစ်တွေ – မြေပုံ ရေလမ်းတို့ကို စစ်ကောင်စီက သြဂုတ်လအတွင်း ပိတ်ပင်လိုက်သည်။

ရခိုင်နှင့် ပလက်ဝဒေသအတွင်း ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သော စားသောက်ကုန်နှင့် ဆေးဝါးများအပါအဝင် လူသုံးကုန်ပစ္စည်းများ တစ်နေရာမှတစ်နေရာ သယ်မရနိုင်အောင် စစ်ကောင်စီ က ကုန်းကြောင်းရော ရေကြောင်းပါ ပိတ်ဆို့ခဲ့သည်။

သို့အတွက် ဒေသတွင်းကုန်စည်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာကာ နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံများ ခံစားရတော့သည်။ အခြားတစ်ဖက်တွင်လည်း စစ်ရှောင်စခန်းများသို့ လူသားချင်းစာ နာမှု အကူအညီပေးရေးအဖွဲ့များ သွားလာခွင့်ကန့်သတ်ခံခဲ့ရသဖြင့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသူများ ကူရာကယ်ရာမဲ့ခဲ့ရသည်။

လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ခြင်းထက် ဒေသခံပြည်သူကို ဦးတည်တိုက်ခိုက်ခြင်းသည် စစ် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ရခိုင်တွင် တစ်လအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှု သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး စက်တင်ဘာ ၂၂ မှနိုဝင်ဘာ ၂၇ အထိ စစ်ကောင်စီကြောင့် အပြစ်မဲ့ပြည် သူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အပြင်းအထန်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိသည်ဟု AA က ဆိုသည်။​

AA နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ ၃၂၄ ဦးအထိ ရှိခဲ့ပြီး ၈၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ကို အဖမ်းခံထားရဆဲဖြစ်သည်။ တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေတိုးလာလာက လက်ရှိ၌ ရခိုင်တွင် စစ်ဘေးရှာင်အရေအတွက် တစ်သိန်းကျော်ခန့်ရှိနေပြီဖြစ်သည်။ 

တစ်ကျော့ပြန် လက်နက်ကိုင်ပဋိပက္ခအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ထိရောက်သည့်နည်း တစ်ခုအနေဖြင့် ရခိုင်လူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ယူဆသည်။

“ဒီတစ်ခေါက် ရခိုင်မှာ စစ်ကောင်စီသုံးသွားတဲ့ဗျူဟာမှာ လူထုကို အဓိကပစ်မှတ်ထားတယ်။ AA ထောက်ခံတဲ့သူတွေကို ဖမ်းဆီးဖို့၊ AA ရှိတယ်အကြောင်းပြပြီး လူနေကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ဖို့ ဒီအခြေအနေနဲ့ လူထုကို ဖိအားပေးလာတာများတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဆိုသည်။

ရွာမီးရှို့ခံရခြင်း၊ လက်နက်ကြီးအပစ်ခံရခြင်း၊ ဧည့်စာရင်းဥပဒေဖြင့် မလိုအပ်ဘဲဖမ်းဆီးခြင်းများ ကြောင့် ရခိုင်လူထုအနေဖြင့် ခံနိုင်ရည်နည်းလာကြောင်း၊ ထိုအခြေအနေတွင် AA ဘက်က အပစ် ရပ်လိုက်ခြင်းဖြစ်ကြောင်းလည်း သူက ထောက်ပြသည်။ 

ဘာကြောင့် အပစ်ရပ်သလဲ
 

ရခိုင်တွင် တိုက်ပွဲရပ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုခဲ့သည့်နည်းတူ AA ပြောခွင့်ရ ခိုင်သုခကလည်း သတင်းမီဒီယာများကို အတည်ပြုပေးခဲ့သည်။

“လတ်တလောမှာ ရခိုင်ပြည်သူတွေအတွက် အဓိကအကျဆုံးက စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ စပါး ရိတ်သိမ်းရာသီမှာ စပါးရိတ်သိမ်းနိုင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူလူထုအကျိုးစီးပွားကို မဏ္ဍိုင်ပြုလို့ အဓိကထားရှေ့ရှူပြီး မြန်မာ့တပ်မတော်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ ယာယီအပစ်ရပ်မှုတစ်ခုကို အလွတ်သဘောလုပ်ဆောင်ခဲ့ပါတယ်” ဟု ခိုင်သုခက ပြောသည်။

ဂျပန်နိုင်ငံ၊ နီပွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် အလွတ်သဘော အပစ်ရပ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်မှာ မူလအတိုင်းအပြောင်းအလဲမရှိ ဟုလည်း AA တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုသည်။​

အသက် ၈၀ ကျော်အရွယ် မစ္စတာဆာဆာကာဝါသည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်အဖြစ် ​ ၂၀၂၀ က မြန်မာနိုင်ငံသို့ရောက်လာဖူးသည်။ ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အပြင် AA စစ်ဦးစီးချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။ 

ရခိုင်တွင် စစ်ပွဲများရပ်တန့်ပေးရန်၊ လုံခြုံရေးအကြောင်းပြကာ ရွေးကောက်ပွဲမပြုလုပ်နိုင်သည့် နေရာ များတွင် ရွေးကောက်ပွဲပြုလုပ်ပေးရန် ဆာဆာကာဝါက တိုက်တွန်းခဲ့သည့်အပြင် ရခိုင်စစ်ဘေးရှောင် စခန်းများသို့လည်း သွားရောက်ခဲ့သည်။​

၂၀၂၀ နိုဝင်ဘာလအတွင်းက စစ်တွေမြို့တွင် ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ကို တွေ့ဆုံရာတွင် ဆာဆာကာဝါနှင့်အတူ ဂျပန်သံအမတ်ကြီးလည်း ပါဝင်ခဲ့သည်။

ထိုစဉ်က ဆာဆာကာဝါ၏ ရွေးကောက်ပွဲဆိုင်ရာ တိုက်တွန်းချက် မအောင်မြင်ခဲ့သော်လည်း ၎င်း၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် AA နှင့် စစ်တပ်တို့ နှစ်ဦးနှစ်ဖက် ယာယီအပစ်ရပ်ထားရန် သဘောတူခဲ့ ကြသည်။​ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲတွင် ဆာဆာကာဝါ မြန်မာနိုင်ငံသို့ ထပ်ရောက်လာခဲ့ပြီး ရခိုင်အမျိုးသားပါတီ အပါအဝင် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသည်။ ထို့ပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ထပ်မံတွေ့ဆုံသည်။ 

မြန်မာနိုင်ငံသို့ မကြာခဏလာရောက်နေသည့် ဆာဆာကာဝါသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် လူမသိသူမသိ တွေ့ဆုံမှုများလည်းရှိနေခဲ့သည်။ရခိုင်တွင် အပစ်အခတ်ရပ်စဲရာ၌ ဆာဆာကာဝါ ကြားဝင်စေ့စပ်ပေးဖို့ မည်သည့်ဘက်က စေ့ဆော် တိုက်တွန်းသည်ကို မသိရပေ။

အာဏာသိမ်းစစ်ကောင်စီက ရခိုင်လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် AA အနေဖြင့် ရခိုင်လူထု ဒုက္ခရောက်နေသည်ကို မကြည့်ရက်နိုင်သဖြင့် နည်းပရိယာယ်အရ အတိုင်းအတာတစ်ခု အထိ အပစ်ရပ်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု စောင့်ကြည့်လေ့လာသူတို့က ယူဆသည်။

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း။ 

“ကွင်းက အိမ်ကွင်းကိုး။ အိမ်ကွင်းမှာ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်နေတဲ့အခါ ကိုယ့်ပြည်သူတွေရဲ့ အသံကို မခံစားနိုင်လို့ ပြည်သူတွေ အခက်အခဲကို ထောက်ထားပြီးတော့ မာန်လျှော့လိုက်တယ်ဆို တဲ့သဘော။ ဒါကတော့ ရှင်းတယ်” ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ဆိုသည်။

တကယ်တော့ ပြည်သူတွေကို အစကတည်းက ဒုက္ခပေးတာက စစ်ကောင်စီပဲဖြစ်တယ်။ မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စတွေကို သူတို့လုပ်ပြီးတော့ ဒီပွဲမှာ အနိုင်ပိုင်းဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒီဟာက တော့ သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တစ်ခုပဲ”

ဦးဖေသန်းနည်းတူ ကျောက်ဖြူဒေသခံတစ်ဦးကလည်း တစ်ဖက်နှင့်တစ်ဖက် အမြစ်ဖြတ်ရန် မဖြစ်နိုင်သည့်အခြေအနေတွင် အပြန်အလှန်စစ်ရေးဗျူဟာအရ အပစ်ရပ်ခြင်းဖြစ်နိုင်သည်ဟု ယူဆသည်။

အပစ်ရပ်ပြီးနောက် စစ်ကောင်စီဘက်က ထပ်ဖမ်းသည်ကို မတွေ့ရတော့သည့်အပြင် စစ်ကြောင်း လှည့်ခြင်းများလည်း လျော့ကျလာသည်။ သို့သော် နှစ်ဖက်တပ်ဖွဲ့များသည် ကိုယ့်နေရာကိုယ်နေပြီး ရပ်တန့်ထားခြင်းဖြစ်ကာ လက်မှတ်ရေး ထိုးကာ အပစ်ရပ်ထားခြင်း မဟုတ်သဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ခြေရှိသည်ဟုလည်း AA တာဝန်ရှိသူက အသိပေးထားသည်။

“ရှေ့လာမယ့် အခြေအနေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးထားတာလဲ မဟုတ်ပါဘူး။ ပြီးတော့ အလွတ်သဘော ဒီလိုသဘောတူညီထားတာပဲဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက်က တစ်ခုခုလုပ်လာလို့ရှိရင်တော့ အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

စစ်ကောင်စီနှင့် AA တို့အကြား ယာယီအပစ်အခတ်ရပ်စဲမှု မည်မျှကြာကြာခံမည်၊ တစ်ဖက်နှင့်တစ် ဖက် မည်သည့်အတိုင်းအတာထိ ယုံကြည်တည်ဆောက်နိုင်မည်ကိုမူ စောင့်ကြည့်ရမည်သာ။ 

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိတလမ်းစဉ်အတိုင်း တသွေမတိမ်းလျှောက်လှမ်းသွားမည်ဖြစ်ကာ အချိန်အခါနှင့် နေရာဒေသအရ နည်းဗျူဟာပြောင်းလဲသွားရမည်ဖြစ်သော်လည်း မူလည်ရည်မှန်း ချက်အတွက် အလျှော့အတင်းရှိမည်ဟု မဟုတ်ကြောင်း AA စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောဆို ထားဖူးသည်။ 

ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း AA အနေဖြင့် လက်နက်စွန့်ပြီး မူလရည်မှန်းချက်ကို သွေဖည်သွားမည် မဟုတ်ကြောင်း ယုံကြည်သည်ဟု ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button