သတင်း

စစ်ကောင်စီနှင့် ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ ရုတ်တရက် အပစ်အခတ်ရပ်စဲ 

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်နေရာမှ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ယမန်နေ့ (နိုဝင်ဘာ ၂၆) တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ရခိုင်ပြည်သူများအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက်  

ယခုလ ၂၄ ရက်မှစ၍ တိုက်ပွဲများရပ်တန့်ကာ အပစ်အခတ်ရပ်စဲထားရန် အလွတ်သဘောတူထားခြင်း ဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုခက ရခိုင်သတင်းဌာနများဖြစ်သော နိရဉ္စရာနှင့် DMG တို့ကို ပြောဆို ထားသည်။

“လောလောဆယ် ရခိုင်ပြည်သူတွေအတွက် အဓိကကျတဲ့ စားနပ်ရိက္ခာ၊ စပါးရိတ်သိမ်းဖို့ အချိန်ရောက် လာတဲ့အတွက် အလေးအနက်ထား စဉ်းစားပြီးတော့မှ လူသားချင်းစာနာမှုဆိုင်ရာအရ အပစ်အခတ်ရပ် စဲရေးကို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။ စစ်ကောင်စီနှင့် အပစ်ရပ်လိုက်သော်လည်း နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲခြင်း မရှိကြောင်းလည်း AA တာဝန်ရှိသူက ဆိုသည်။ 

ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် စစ်တပ်အကြား  ၂၀၁၈ မှ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီအထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် နှစ်ဖက်သဘောတူညီမှုဖြင့် အာဏာသိမ်းပြီး လအတန်ကြာသည်အထိ အပစ်အခတ်ရပ်စဲခဲ့ဖူးသည်။ 

ယခုနှစ် အစောပိုင်းမှစ၍ AA နှင့် စစ်ကောင်စီတို့အကြား စစ်ရေးအခြေအနေ တင်းမာလာကာ အပြန် အလှန် ဖမ်းဆီးသတ်ဖြတ်မှုများနှင့်အတူ တိုက်ပွဲများဆက်ဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က စခန်းအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

အပစ်အခတ်ရပ်စဲရေးကို ကြားခံလူများမှတဆင့် သဘောတူခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ခိုင်သုက ဆိုသော်လည်း မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ်  စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ယခုလ ၂၅ ရက်တွင် ဂျပန် – မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Hideo Watanabe နေပြည်တော်သို့လာရောက်ကာ ဒုအာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ 

မကြာမီက ကျရောက်ခဲ့သော အမျိုးသားနေ့အထိန်းအမှတ်အဖြစ် ရာပေါင်းများစွာသော လူပုဂ္ဂိုလ်များ များကို စစ်ကောင်စီက ဘွဲ့ထူးဂုဏ်များပေးအပ်ရာတွင် ရုရှားစစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အချို့နှင့်အတူ  ဂျပန် – မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Hideo Watanabe လည်း ပါဝင်ပြီး သီရိပျံချီဘွဲ့ ချီးမြှင့်သည်ဟု ဆိုသည်။ 

ဂျပန် – မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တစ်ရက်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ကြားရေးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့လည်း နေပြည်တော်သို့ ရောက်ရှိ ကာ စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းဆီးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်များကို ပြစ်ဒဏ် လွတ်ငြိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များလည်း ပါဝင်သည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button