သတင်း

သံတွဲတွင် အရပ်ဘက်သုံး ရေယာဉ်သွားလာမှုကို AA ပိတ်ပင်

သံတွဲမြို့နယ်ရှိ နေရာအများစုကို သိမ်းပိုက်ထားသည့် AA ရခိုင်တပ်က ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားဖြည့်တင်းရာတွင် သုံးနိုင်သည့် မော်တော်ဘုတ်၊ လောင်းလှေ သွားလာမှုကို ဟန့်တားလိုက်သည်။

ရခိုင်ပြည်နယ်တွင် ကပ်လျက် တည်ရှိသည့် ပင်လယ်ကမ်းရိုးတန်းမြို့များဖြစ်သော သံတွဲနှင့် ဂွမြို့နယ်တို့တွင် မော်တော်ဘုတ်များ၊ လောင်းလှေများ သွားလာခြင်းကို ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က သြဂုတ် ၁ ရက်နေ့တွင် ကြေညာလိုက်ပြီး ထိုသို့ ပိတ်ပင်ခြင်းမှာ စစ်ကောင်စီတပ်၏ ထောက်ပို့လုပ်ငန်းကို ဟန့်တားလိုခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက အရပ်ဘက်သုံးရေယာဉ်များကို အသုံးပြုပြီး စစ်အင်အားထပ်မံဖြည့်တင်းနေသည်၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးအချက်အချာကျသည့်၊ နာမည်ကျော်ကမ်းခြေ ငပလီတည်ရှိသည့် သံတွဲမြို့တွင် စစ်ဘက်ဆိုင်ရာ စခန်းများ၊ လေဆိပ်၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအားလုံးကို ဇူလိုင်လ ၁၆ ရက်နေ့က အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သော်လည်း မြို့နယ်အတွင်း မြပြင်၊ ဂျိတ္တော၊ ကွင်းဝိုင်းတို့တွင် ဆုတ်ခွာသွားသော စစ်သားများနှင့် တိုက်ပွဲ ရံဖန်ရံခါ ဖြစ်ပွားနေသည်ဟု AA က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ စစ်စခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားသည့် AA သည် ပြည်နယ်ထက်ဝက်ခန့်ကို ထိန်းချုပ်ထားပြီးဖြစ်ကာ သံတွဲ၊ မောင်တောနှင့် အမ်းရှိ စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

သံတွဲနှင့် ကပ်လျက်တည်ရှိကြသည့်၊ ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့နယ်များဖြစ်သည့် ဂွနှင့် တောင်ကုတ်တို့ကို ဆက်သိမ်းမည်ဟု ယမန်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်ရာ ခရိုင်အဆင့်ရှိသော တောင်ကုတ်မြို့သည် သံတွဲမြို့၏ မြောက်ဘက် မိုင် ၅၀ ခန့်အကွာတွင် ရှိသည်။ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် တောင်ကုတ်သည် ပဲခူးတိုင်း ပြည်မြို့၊ မကွေးတိုင်းတို့နှင့် ဆက်စပ်နေပြီး ရခိုင်ပြည်နယ်သို့ နိုင်ငံအလယ်ပိုင်းမှ ဝင်ရောက်သည့် အဓိကဝင်ပေါက်ဖြစ်သည်။

ဂွမြို့နယ်သည် သံတွဲ၏တောင်ဘက် မိုင် ၅၀ နီးပါးအကွာတွင် ရှိပြီး လူဦးရေ ၆၇,၀၀၀ ကျော် နေထိုင်သည်။ ဧရာဝတီတိုင်း ​​အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့တို့နှင့် ထိစပ်နေသည့် ထိုမြို့သည် မြစ်ဝကျွန်းပေါ်ဒေသမှတစ်ဆင့် ပြည်နယ်ထဲသို့ အဓိကဝင်ပေါက်ဖြစ်သည်။

တောင်ကုတ်မြို့ကို ၂၀၂၂ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

စစ်ကောင်စီကလည်း ဂွနှင့် တောင်ကုတ်တို့တွင် စစ်အင်အား တိုးချဲ့ထားသည်၊ လွန်ခဲ့သည့်ရက်ပိုင်းက ဂွရှိ စစ်တပ်စခန်းများကို စစ်သည်အင်အားဖြည့်တင်းခဲ့သည်ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကလည်း စစ်ကား လေးငါးစီးလောက် ရောက်တယ်။ ဧရာဝတီဘက်ကနေ လာတာ။ အကုန်လုံးစစ်သားတွေပဲ” ဟု ၎င်းက ဆိုသည်။

ဂွမြို့နယ်အတွင်းတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ ထပ်မံတိုးချဲ့ထားပြီး အစစ်အဆေးများလည်း ကြမ်းတမ်းသည်ဟု သိရသည်။

“တိုက်ပွဲဖြစ်မှာကြောက်လို့ လူသုံးပုံနှစ်ပုံလောက်တော့ ထွက်ပြေးသွားကြပြီ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

ဂွမြို့နယ်သည် ယခင်ကတည်းက စစ်တပ်၏အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အားကောင်းသော ဒေသဖြစ်သည်။ AA က တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ပြနေချိန်တွင် ဂွဒေသခံများ AA ကို ထောက်ခံမှုအားကောင်းလာသည်ဟု ဒေသခံများက ဆိုသည်။

ဂွမြို့နယ်တွင် စကခ ၅ လက်အောက်ခံ ခမရ ၅၆၂၊ ခမရ ၅၆၃ စစ်စခန်းရှိပြီး ကျိန္တလီနှင့် သုံးမိုင်ခန့်အကွာ ချင်းငွေ့ရွာတွင်လည်း ရဲတပ်ရင်းနှင့် စစ်တပ်စခန်းအထိုင်ချထားကာ အင်အား ထပ်မံဖြည့်တင်းထားသည်။

အလားတူ စကခ ၅ အခြေစိုက်ရာ တောင်ကုတ်မြို့တွင်လည်း ပြီးခဲ့သည့်နှစ်လကပင် ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းထားပြီး လက်ရှိတွင် စစ်ကားများဖြင့် မြို့ပတ်လှုပ်ရှားလျက်ရှိသည်ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကြည်းတပ်၏ စစ်ရေးလေ့ကျင့်ခန်းတစ်ခု (ဓာတ်ပုံ – စစ်ကောင်စီ)

စစ်ကောင်စီက ပြည်မက ကုန်စည်တင်သွင်းခွင့်ပိတ်ပင်ထားသဖြင့် ကုန်စည်ရှားပါးလျက်ရှိပြီး ကုန်စျေးနှုန်းများလည်း မြင့်တက်နေသည်ဟု ၎င်းက ဆိုသည်။

“လမ်းအားလုံး ပိတ်ထားတယ်။ အရင်ကတော့ ပြည်မကနေ ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတင်သွင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ အခုတလော ဆိုင်ကယ်နဲ့လည်း ခွင့်မပြုတော့ဘူး” ဟု ၎င်းက ပြောသည်။

တောင်ကုတ်တွင် ကုန်စည်စျေးနှုန်းများမှာ ရန်ကုန်စျေးနှုန်းနှင့် နှိုင်းယှဉ်လျှင် သုံးလေးဆ များပြားနေသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ 

ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၁၅,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ၁၈၀,၀၀၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ၁၅,၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၄၀,၀၀၀ နှုန်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“အခုက အလုပ်လည်း မရှိဘူးဆိုတော့ အိမ်မှာရှိတဲ့ဟာကို ရောင်းပြီး စားသောက်နေရတယ်” ဟု ၎င်းက ဆိုသည်။

ခုတင် ၁၀၀ ဆံ့ ဆေးရုံတွင်လည်း ဆရာဝန်များ စစ်ဘေးရှောင်ရန်က မြို့က ထွက်သွားပြီးနောက် ခွဲစိတ်ဆရာဝန်တစ်ဦးသာ ကျန်ရှိတော့သည်ဟု ၎င်းက ထပ်ပြောသည်။

“ဆေးရုံမှာလည်း ဆေးဝါး မလုံလောက်တော့ဘူး။ နေမကောင်းတဲ့သူတွေ ရန်ကုန်ကို ဖြတ်သွားလို့ ရရင်ရ၊ မရရင်တော့ ဒီမှာပဲနေနေရတာပဲ” ဟု သူက ဆိုသည်။

တောင်ကုတ်တွင် ပုဂ္ဂလိကဘဏ်များအပြင် နိုင်ငံပိုင်ဘဏ်များလည်း ပိတ်ထားသည်၊ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ဇူလိုင်လ လစာမရသေးဟု ဒေသခံများက ဆိုကြသည်။ တောင်ကုတ်မြို့တွင် လူသုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။

ဂွမြို့တွင်လည်း စားနပ်ရိက္ခာများ၊ ဆေးဝါးများ ပြတ်လပ်နေပြီး ဒေသခံများ အခက်တွေ့နေကြသည်ဟု အထက်ပါ ဂွဒေသခံက ပြောသည်။

“အခုက ရှိတဲ့ကုန်ပစ္စည်းလေးတွေနဲ့ လည်ပတ်နေရတာ။ တစ်ခါတလေဆိုရင် ငရုတ်သီးတောင် ရှာမရတော့ဘူး။ အဲ့လောက် ကုန်ပစ္စည်းတွေရှားနေတာ” ဟု ၎င်းက ဆိုသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button