သတင်း

နယ်စပ်ကုန်သွယ်ရေးဒေသ မောင်တောရှိ လက်ကျန်တပ်ကို AA တိုက်ခိုက်နေ

၁၆၈ မိုင် ရှည်လျားသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ထိန်းချုပ်နိုင်ရေး အရေးပါသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်စခန်းတစ်ခုက AA ၏ ထိုးစစ်ကို ခုခံနေသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိန်းချုပ်နိုင်ရေးတွင် အရေးပါသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် (AA) က စစ်ကောင်စီလက်ကျန်စခန်းကို ဆက်တိုက်ခိုက်နေကြောင်း၊ ထိုစခန်းကို စွန့်ခွာထွက်ပြေးသူများလည်း ရှိကြောင်း သိရသည်။

မြို့သူကြီးရပ်ကွက် အခြေစိုက် အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ ၅) က ခုခံနေသဖြင့် မြို့သိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

“မြို့သူကြီး (နခခ ၅) ကတော့ ခုခံနေတာတွေ ရှိသေးတယ်။ ကျသွားတာမျိုးတော့ မဟုတ်သေး။ သူတို့ကတော့ ထွက်ပြေး၊ တချို့တလေ ထွက်ပြေးသွားပြီး အဲဒီအထဲကို ပြန်ပြီးဝင်လာလိုက် အဲလိုမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့စစ်သင်တန်းဆင်း ရိုဟင်ဂျာလက်နက်ကိုင်များလည်း မြို့ထဲတွင် လှုပ်ရှားနေသည်။ 

လတ်တလောတွင် မြို့ပတ်ပတ်လည်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကတော့ မြို့သူကြီးအနီးပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ၆ ကြိမ်လောက် ဗုံးကြဲခဲ့တယ်” ဟု ၎င်းက ဆိုသည်။

မောင်တောမြို့နယ်တွင် တပ်စခန်းအများအပြားရှိသည့်အနက် အားလုံးနီးပါးကို AA က သိမ်းပိုက်ထားပြီးဖြစ်ကာ တောင်ပြိုမြို့၊ မြင်းလွှတ်မြို့နှင့် ကညင်ချောင်းစီးပွားရေးဇုန်ကဲ့သို့ ထင်ရှားသော နေရာများသည် AA လက်အောက် ကျရောက်သွားပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုအနက် တစ်ခုဖြစ်သော၊ အင်အား ၂၀၀ ကျော်ဖြင့် အခိုင်အမာ ခံစစ်ဆင်ထားခဲ့သော မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း) သို့မဟုတ် ကညင်ချောင်းစီးပွားရေးဇုန်ကို ဇူလိုင် ၁၄ တွင် သိမ်းထားသည်။

လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ် နခခ ၅ ကို AA သိမ်းပိုက်နိုင်ပါက မောင်တောမြို့ကို အလွယ်တကူ ဝင်ရောက်နိုင်မည်ဖြစ်ပြီး မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချေမှုန်းနိုင်မည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ အောင်မြင်မှုရလျှင် ၁၆၈ မိုင် ရှည်လျားသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီလက်ကျန်စခန်းဖြစ်သည့် နခခ ၅ တည်နေရာပြမြေပုံ။

မောင်တောတွင် ရဲစခန်းများ၊ နခခ ခေါ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ စခန်းများ ရှိကြပြီး AA က ဖေဖော်ဝါရီလဆန်းမှ စတင်၍ မောင်တောကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ်ကို ရရှိပါက ဘင်္ဂလားဒေ့ရှ်မှ စားနပ်ရိက္ခာနှင့် အခြားလူသုံးကုန်ပစ္စည်းများ ရခိုင်ဒေသသို့ ဝင်ရောက်လာနိုင်ပြီး စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို ရှောင်လွှဲလာနိုင်သည်ဟု ဒေသခံတို့က ယူဆကြသည်။

သို့သော် မြို့ဝန်းကျင်တွင် စစ်သားအများအပြားနေရာယူထားသလို မြို့ထဲတွင် စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာလက်နက်ကိုင်အများအပြားရှိသည်ဟု ဒေသခံများက ဇူလိုင် တတိယပတ်တွင် ပြောထားကြသည်။

စစ်ကောင်စီသည် စစ်ပွဲကြား ရောက်နေသည့် မောင်တောမြို့ရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့မပေးသည့်အပြင် မြို့ထဲတွင် လူသားဒိုင်းကာအဖြစ် အသုံးပြုထားသည်ဟု ၎င်းတို့က ဆိုကြသည်။

မောင်တောမြို့ရှိ လက်ကျန်တပ်စခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများကို ဇွန် ၁၆ ညပိုင်းမှစတင် ထွက်ခွာရန် AA က အသိပေးထားသည်။

ကပ်လျက်ရှိသည့် ဘူးသီးတောင်မြို့နယ်ကို မေ ၁၈ ရက်တွင် AA က သိမ်းပိုက်ခဲ့ပြီး ပြည်နယ်မြောက်ပိုင်းတွင် စစ်တွေနှင့် မောင်တောရှိ နခခ ၅၊ မောင်တောမြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့အနည်းငယ်သာ ကျန်ရှိတော့သည်။

မောင်တောမြို့နယ်အခြေစိုက် စစ်ကောင်စီ နခခ ၂ စခန်းကို ဇူလိုင်လ ၆ ရက်နေ့တွင် သိမ်းပိုက်အပြီး AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – AA Info Desk)

သံတွဲမြို့နယ် လက်ကျန် ရေတပ်စခန်းတိုက်ပွဲ 

အလားတူ သံတွဲမြို့နယ်တွင် လက်ကျန် မောင်ရွှေလေးရေတပ်စခန်းနှင့် ဂျိတ္တောရပ်ကွက်ရှိ လက်ကျန်စစ်သားများက ခုခံနေသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည်။

သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်တွင် ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းငယ်နှင့် ယခုရက်ပိုင်း တိုက်ပွဲဖြစ်နေသည်ဟု AA နှင့် နီးစပ်သော အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“မောင်ရွှေလေးရေတပ်စခန်းအနီးအနားပတ်ဝန်းကျင်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ ရေတပ်ကိုတော့ ကျွန်တော်တို့ဘက်က ထိန်းတော့မထိန်းချုပ်နိုင်သေးဘူး၊ ဒါပေမဲ့ အဲဒီရေတပ်ကို ကာထားတဲ့စခန်းတွေကို ချေမှုန်းနေတယ်။ ဗမာစစ်တပ်ကတော့ ထုံးစံအတိုင်း ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာကျော်ကမ်းခြေ ငပလီတည်ရှိရာ သံတွဲမြို့တွင် စစ်ရေးအရ အရေးပါသော ခမရ ၅၆၆ နှင့် ခလရ ၅၅ တို့အပြင် စစ်ကူပို့ထားသော တပ်ရင်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လေဆိပ်နှင့် မြို့ကို AA က ထိန်းချုပ်ထားသည်။

မောင်ရွှေလေးရေတပ်စခန်းကို လက်လွှတ်ရပါက AA သည် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဟု ဒေသခံများက ပြောကြသည်။

AA နှင့် စစ်ကောင်စီတို့ တစ်ကျော့ပြန် တိုက်ပွဲပြန်ဖြစ်ပြီးနောက် ယမန်နှစ် နိုဝင်ဘာ ၁၉ ရက်က ပေါက်တောဒေသခံများ ရေလမ်းခရီးဖြင့် ထွက်ပြေးကြစဉ်။ (ဓာတ်ပုံ-AFP)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီက ရခိုင်ဒေသတွင် ထိုးစစ်ဆင်ခံရမှုများအကြောင်း သတင်းအမှောင်ချထားသည်။

စစ်ကောင်စီ၏ အရေးပါသော စခန်းကြီးများကို ဖြတ်တောက်ပိတ်ဆို့ထားပြီးဖြစ်သည်ဟု AA က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။

အမ်း၊ နပခဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ဓညဝတီရေတပ်ဌာနချုပ်တို့ကို ဖြတ်တောက်ပိတ်ဆို့ထားပြီဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဟု ဆိုထားသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

အလားတူ ကျောက်ဖြူတွင် စစ်ရေးပြင်းထန်နေပြီး တောင်ကုတ်၊ ဂွနှင့် မာန်အောင်တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းထားသည်ဟု ဒေသခံများထံမှ သိရသည်။

AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ယခုနှစ် မေလအတွင်း မင်းပြားမြို့နယ်ရှိ ပျက်စီးသွားသော နေအိမ်တစ်လုံးရှေ့တွင် တွေ့ရသော ဒေသခံများ။ (ဓာတ်ပုံ-AFP)

Show More

Related Articles

Back to top button