သတင်း

တိုင်းရင်းသားများအား ‘ဖက်ဒရယ်အငွေ့အသက်’ပင် ရှူရှိုက်ခွင့်မပေးဟု ရခိုင်အမတ်ပြော

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ဗဟိုကခန့်မည့်အစား ဆိုင်ရာလွှတ်တော်ကသာ ရွေးချယ်ခွင့်ရစေမည့် အခြေခံဥပဒေပုဒ်မ ပြင်ဆင်ခွင့်မရခဲ့သည့်အတွက် NLD ပါတီသည် တိုင်းရင်းသားများ၏ဖက်ဒရယ်ဆန္ဒကို အရိပ်အယောင်မျှ မဖြည့်ဆည်းပေးသည့်အပေါ် ‘ဝမ်းနည်းစရာ’ ဟု ရခိုင်အမတ်တစ်ဦးက ဝေဖန်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၃၅ ခုအပေါ် မာရသွန်မဲခွဲပွဲကြီး၏ ခြောက်ရက်မြောက်နေ့သို့ ရောက်လာပြီဖြစ်ရာ ယနေ့ မတ် ၁၇ တွင် ပုဒ်မ ၁၈ ခု မဲခွဲခဲ့ပြီး ယင်းအနက် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားသည့် ပုဒ်မ ၂၆၁(ခ) မှာ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းထားရှိရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်အငွေ့အသက်လေးတောင်မှ ရှူရှိုက်ခွင့်မပေးဘူး၊ မလိုက်လျောဘူးဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် ဝမ်းနည်းစရာပေါ့” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

“ဒီမိုကရေစီရဲဘော်ရဲဘက်တွေလို ကျွန်တော်တို့ မှတ်ယူတဲ့ NLD ပါတီရဲ့ ဆန္ဒက ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အခွင့်အရေးဆုံးရှုံးမှုတစ်ခု ဖြစ်သွားတာပေါ့။ စိတ်မကောင်းပါဘူး” ဟု ၎င်းကဆက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်းအပါအဝင် လွှတ်တော်အမတ် အနည်းဆုံး ၄၉၁ ဦးက ထောက်ခံရမည်ဖြစ်ပြီး ကိုယ်စားလှယ် ၃၈၀ အထိရှိသည့် NLD ကိုယ်စားလှယ်များ၏ ထောက်ခံမှုမပါဘဲ တပ် သို့မဟုတ် တခြားအနည်းစုပါတီများ ပြင်လိုသည့်အချက်ကို ပြင်ဆင်နိုင်မည်မဟုတ်ပေ။

ထိုပုဒ်မပြင်ဆင်ချက်ကို အတိုက်အခံပြည်ခိုင်ဖြိုးက တင်သွင်းသည်မှန်သော်လည်း တိုင်းရင်းသားအမတ်များကပါ ထောက်ခံထားကြသည်။ ထိုပုဒ်မပြင်ဆင်ရန် NLD က ယခုလို သဘောမတူခဲ့ခြင်းကြောင့် ကာလရှည်ကြာ လက်တွဲလာခဲ့သည့် တိုင်းရင်းသားမဟာမိတ်များနှင့် သိသိသာသာ ဝေးကွာလာနေသည့် NLD ပါတီအတွက် ဆက်ဆံရေးအဖုအထစ် ပိုဖြစ်လာနိုင်သည့် အနေအထားရှိသည်။

သို့သော် လက်ရှိအခြေအနေအရ လွှတ်တော်တွင်း တပ်မတော်သားများပါဝင်မှုကို မလျှော့ချနိုင်သေးဘဲ အဆိုပါ ပုဒ်မ ၂၆၁ ကို ပြင်ဆင်လိုက်မည်ဆိုပါက တိုင်းနှင့်ပြည်နယ်လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းနေရာရထားသည့် တပ်မတော်ကသာ အသာစီးရသွားနိုင်သည်ဟု ရှမ်းပြည်နယ်လွှတ်တော်ကို ဥပမာပေးကာ NLD ဘက်က အကြောင်းပြထားသည်။

လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ နေရာ၊ ပြည်ခိုင်ဖြိုးက ၃၃ နေရာ၊ NLD က ၂၃ နေရာနှင့် တပ်မတော်သားက ၃၄ နေရာရှိရာ ပြည်ခိုင်ဖြိုးနှင့် တပ်ကိုယ်စားလှယ်များ ပေါင်းရုံဖြင့် မဲအသာရနေသည့်သဘောကို ညွှန်းဆိုလိုခြင်းဖြစ်သည်။

“ဒီအခွင့်အရေးကို ပေးလိုက်ခြင်းအားဖြင့် အဲ့ဒီဒေသခံတိုင်းရင်းသားတွေအတွက် အားသာတဲ့အခွင့်အလမ်း ဖြစ်ပါ့မလား” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD အမတ် ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

တပ်မတော်ကမူ NLD စိုးရိမ်သကဲ့သို့မဟုတ်ဘဲ တိုင်းရင်းသားဒေသများအပါအဝင် ဒေသန္တရအုပ်ချုပ်ရေးတွင် ဦးဆောင်မည့် ဝန်ကြီးချုပ်သည် ဒေသခံများလိုလားသူဖြစ်စေရေးအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ချေပသည်။

“ကျွန်တော်တို့ နားလည်တာက အဲ့ဒီဒေသမှာ ပြည်သူက ရွေးကောက်ပြီး၊ ပြည်သူက တကယ်ဖြစ်စေချင်တဲ့ပါတီ၊ နိုင်စေချင်တဲ့ပါတီကို (သက်ဆိုင်ရာလွှတ်တော်က) ပေးလိုက်ပြီး အဲ့ဒီလူက သူတို့ရဲ့ဝန်ကြီးချုပ် ဖြစ်ဖို့အတွက်ပဲ ကျွန်တော်တို့က ရည်ရွယ်တာ” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

အလားတူပင် တပ်မတော်ဘက်ကပြင်ဆင်လိုသည့် ပုဒ်မတစ်ခုမှာလည်း ၇၅ ရာခိုင်နှုန်းမကျော်သဖြင့် မူလအတိုင်း ဆက်လက်ထားရှိမည်ဖြစ်သည်။ သမ္မတနှင့် ဒုသမ္မတများသည် ကိုယ်တိုင်အပြင် မိဘ၊ အိမ်ထောင်ဖက်၊ သားသမီး၊ သမက်နှင့်ချွေးမတို့ပါ နိုင်ငံခြားသားမဖြစ်ရဆိုသည့် လက်ရှိ ပုဒ်မ ၅၉(စ) ပါ ပြဋ္ဌာန်းချက်ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများအတွက်ပါ တိုးချဲ့ပြဋ္ဌာန်းရေးအတွက် တပ်မတော်သားအမတ် ဗိုလ်မှူးချုပ်မောင်မောင်က တင်သွင်းခဲ့သည့်ပြင်ဆင်ချက် ဖြစ်သည်။

အထက်ပါပြဋ္ဌာန်းချက်များဆိုင်ရာ ပုဒ်မများဖြစ်သည့် ၂၃၂(က)(၄) နှင့် ၂၆၁(က)(၄) တို့မှာ ထောက်ခံမဲ့ ၂၂၅ မဲနှင့် ၂၂၄ မဲသာ ရရှိခဲ့သည်။

“(ဒီကန့်သတ်ချက်မျိုးက) ၁၉၄၇၊ ၁၉၇၄ (အခြေခံဥပဒေတွေ) မှာလည်း မပါပါဘူး။ ကိုယ့်အတွက်ဆိုရင် လုံလောက်ပြီပေါ့။ အခုဟာက ကိုယ်တင်မကဘူး၊ သားတွေကော၊ ချွေးမတွေကော၊ ဆွေစဉ်မျိုးဆက်အကုန်လုံးကို extend လုပ် (တိုးချဲ့)ထားတာ” ဟု ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်အပြီးတွင် ပြောသည်။

တပ်မတော်သားနှင့် ကြံ့ခိုင်ရေးအမတ်များ ပြင်ဆင်လိုသည့်ပုဒ်မများသည် အများစုဖြစ်သော NLD ပါတီ ၏ ထောက်ခံမှုမရလျှင် မပြင်ဆင်နိုင်သကဲ့သို့ NLD က ပြင်ဆင်လိုသည့် ပုဒ်မများမှာလည်း အခြားသောရွေးကောက်ခံ လူနည်းစုအမတ်များအပြင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကပါ ပြင်ဆင်လိုမှ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦးရှိပြီး NLD က ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားအမတ်များက ၂၅ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီများနှင့် ပြည်ခိုင်ဖြိုးတို့က ၁၁ နှင့် ၅ ရာခိုင်နှုန်းစီ အသီးသီးရှိကြသည်။

အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲဆုံးဖြတ်ရန် နောက်ထပ်သုံးရက် ကျန်သေးပြီး မတ် ၂၀ (သောကြာနေ့) တွင် ပြီးဆုံးမည် ဖြစ်သည်။

Show More

Related Articles

Back to top button