အတွေးအမြင်

ခြေဥသစ်စီမံကိန်းနှင့် စစ်အုပ်ချုပ်ရေးဆွဲဆန့်ရန် မင်းအောင်လှိုင်ကြံနေပြီလော

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် သမိုင်းတွင် မကြုံတွေခဲ့ဖူးသော နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည်။ ယင်းကို အဆုံးသတ်နိုင်မည့် ထွက်ပေါက်အမျိုးမျိုးကို ကုလသမဂ္ဂအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရှာဖွေနေသည်။

ထိုနိုင်ငံရေးအကျပ်အတည်းကို ဖန်တီးခဲ့သော မင်းအောင်လှိုင်နှင့် စစ်အုပ်စုက တစ်ဖက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများကတစ်ဖက် အားပြိုင်လျက် ရှာဖွေကြံဆနေကြသော်လည်း ရှင်းလင်းပြတ်သားသည့် နိုင်ငံရေးထွက်ပေါက် ပေါ်မလာသေးပေ။ 

သရုပ်ခွဲဆန်းစစ်မည်ဆိုပါက မင်းအောင်လှိုင်ကိုယ်တိုင် ပိတ်မိနေသော အခြေအနေဖြစ်သည်။ မင်း အောင်လှိုင်ကို ထွက်ပေါက်ပိတ်မိနေသည်မှာ အာဏာသိမ်းစက သူကိုယ်တိုင် ကြေညာထားသည့် နိုင်ငံ ရေးလမ်းပြမြေပုံဖြစ်သည်။

နိုင်ငံရေးထွက်ပေါက်အနေဖြင့် မင်းအောင်လှိုင် ကြံဆထားသည်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပေးမည်ဆိုသောကတိဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီဆိုလျှင် အာဏာသုံးရပ်လုံးကို အကြွင်းမဲ့ကိုင်စွဲနိုင်ခွင့်မှာ အချိန်နှစ်နှစ်သာရှိသည်။ ၂၀၂၁ မှစ၍ အာဏာသိမ်းလာသော မင်းအောင်လှိုင်အတွက် အချိန် ခြောက်လသာ ကျန်တော့သဖြင့် သူ့အတွက် အကြီးမား ဆုံး အကျပ်အတည်းဖြစ်လာသည်။

အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို မင်းအောင်လှိုင် မည်သို့မည်ပုံ အုပ်ချုပ်ခဲ့သည်ဆိုသော အချက် က ထိုအခက်အခဲ မည်မျှကြီးလေးသည်ကို ပြဆိုနေသည်။

သူရဲဘောကြောင် စစ်ဗိုလ်ချုပ်ကြီး၏ တွက်ကိန်းအလွဲ 

 စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆယ်စုနှစ်တစ်ခု ကြာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီး နောက်ပြန်လှည့်သွားသည်။ 

စစ်တပ်သည် လက်နက်အင်အားဖြင့် တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူသည့် အတွေ့အကြုံ ရှိပြီးဖြစ်သည်။ အရပ်သား နိုင်ငံရေးခေါင်းဆောင်များကို လွယ်လင့်တကူ ဖမ်းဆီးထိန်းသိမ်းလိုက်ရုံမျှ ဖြင့် အာဏာကို အခက်အခဲမရှိ အလွယ်တကူရမြဲဖြစ်မည်ဟု မင်းအောင်လှိုင် ယုံကြည်ခဲ့ဟန်ရှိသည်။ 

ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့သော အဖွဲ့အစည်းများက တိုင်းပြည်အာဏာကို ထိန်းချုပ်ထားနိုင်သည့် နိုင်ငံခေါင်းဆောင်အဖြစ် အလွယ်တကူ အသိအမှတ်ပြုကြလိမ့်မည်ဟုလည်း တွက်ဆခဲ့ဟန်တူသည်။

လက်တွေ့၌မူ နိုင်ငံတကာက မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုသည့်အခါ မြန်မာ့အကျပ်အတည်းမှာ ပြည်တွင်းရေးကိစ္စ သက်သက်မဟုတ်တော့ဘဲ နိုင်ငံတကာစင်မြင့်ထက်သို့ ရောက်ရှိသွားတော့သည်။

အာဏာမသိမ်းမီ တစ်လဝန်းကျင်အလို ၂၀၂၁ ဇန်နဝါရီ လွတ်လပ်ရေးနေ့ နေပြည်တော်အခမ်းအနားတစ်ခုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် စစ်ခေါင်းဆောင် (ဓာတ်ပုံ − Myanmar President Office)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ၊ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ထောင်ထဲထည့်ပြလိုက်သည့် မင်း အောင်လှိုင်၏ မူလအစီအမံ အလုပ်မဖြစ်ခဲ့ပေ။ 

“အာဏာသိမ်း” ခြင်းမဟုတ်၊ “အာဏာထိန်း” ခြင်းဖြစ်ကြောင်း၊ ၎င်းကိုထောက်ခံပူးပေါင်းသော နိုင်ငံရေးပါတီများရှိကြောင်း ပြသရန် မင်းအောင်လှိုင်၏ အစီအမံသည်လည်း အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရစဥ်က“ဒီမိုကရေစီအနိုင်ကျင့်” မူများပြုလုပ်ခဲ့သည်၊ အာဏာကို အတင်းအဓမ္မရယူရန် ရွေးကောက်ပွဲတွင် “မဲလိမ်မဲခိုးသည်” ဆိုသော မင်းအောင်လှိုင်၏ ဇာတ်ညွှန်းက ထင်သလို မဖြစ်ခဲ့ပေ။ 

အာဏာသိမ်းလုပ်ရပ်အပေါ်  ပြည်သူလူထု၏ မကျေနပ်ချက်မှာ လမ်းပေါ်ထွက် ဆန္ဒပြရုံမျှဖြင့် အဆုံး သတ်မသွားခဲ့ပေ။ 

၎င်းတို့လိုလားသော အစိုးရကို မဲပေးရွေးချယ်နိုင်သည့် အခြေခံအခွင့်အရေးကို စစ်တပ်က အတင်း အဓမ္မ လုယက်ဖျက်ဆီးလိုက်သည်ဟု ပြည်သူများ မြင်သည်။ သာမန်ပြည်သူများကိုပင် စစ်တပ်က အချိန်မရွေး ဖမ်းဆီးသတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်ရာ အခြေအနေ ပို၍ဆိုးရွားသွားသည်။

ပြည်သူတို့၏ နာကြည်းခံပြင်းမှုနှင့် ပြင်းထန်သော ဆန့်ကျင်မှုကို မင်းအောင်လှိုင် ရင်ဆိုင်ရတော့သည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာရစဉ်အချိန်က ဆက်ဆံရေးကောင်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များကို ငြိမ်းချမ်း ရေးဆွေးနွေးပွဲများဖြင့် ဆက်ထိန်းထားနိုင်မည်ဟု မင်းအောင်လှိုင်က တွက်ဆခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ( Ethnic Armed Organzations) များက မင်းအောင်လှိုင်ကို အယုံအကြည် မရှိ ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသည့်နည်း ၎င်းဖိတ်ခေါ်သော ဆွေးနွေးပွဲများကိုလည်း ငြင်းဆန်သည်။

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တော်လှန်ရေးအင်အားစုများဘက်မှ ရပ်တည် တိုက်ပွဲဝင်နေသည်ဖြစ်ရာ မင်းအောင်လှိုင် ရင်ဆိုင်ရသည့် အကျပ်အတည်းမှာ ကြီးသထက်ကြီးလာ သည်။

စစ်တပ်၏ အကြမ်းဖက်မှုများ

အကွက်ချစီစဥ်ထားသည့်အတိုင်း အာဏာသိမ်းမှု မအောင်မြင်သောအခါ မြန်မာ့သမိုင်းတွင် မကြုံဖူး သော အကြမ်းဖက်မှုများကို မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ လုပ်ဆောင် လာ ကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ၂၀၂၁ ဖေဖော်ဝါရီလမှ ယခုနှစ် ဇူလိုင် ၄ ရက်နေ့အထိ လမ်းပေါ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနှင့် စစ်ကြော ရေးစခန်းများတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ ၂၀၀၀ ကျော်ရှိသည်။​

ဖမ်းဆီးခံထားရသူများတွင် သေဒဏ်ချမှတ်ခံထားရသူ ၁၂၀ ရှိသည်။ ၎င်းတို့အနက် ထင်ရှားသော နိုင်ငံရေးသမားများဖြစ်သော ဂျင်မီ (ခေါ်) ဦးကျော်မင်းယုနှင့် ဦးဖြိုးဇေယျာသော် (ခေါ်) မောင်ကျော် အပါအဝင် ၄ ဦးကို သေဒဏ်စီရင်မည်ဟု ကြေညာထားသည်။ အကြောက်တရား လွှမ်းမိုးစေရေး ဖြစ်သည်။ 

နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံထားရသူ တစ်သောင်းတစ် ထောင်ကျော်ရှိသည်။ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ ပိုင်ဆိုင်သော အိမ်ပေါင်း ၆၇၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်ထားသည်။

 စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ကရင်၊ ကချင်၊ တနင်္သာရီ၊ မန္တလေးနှင့် ပဲခူး စသည့် ပြည်နယ်နှင့် တိုင်းများတွင် အရပ်သားပြည်သူပိုင် နေအိမ် နှစ်သောင်းနီးပါး မီးရှို့ဖျက် ဆီးခံရသည်ဟု ထိုအချက်အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဆိုသည်။ 

လက်နက်ကိုင် ခုခံတော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ခံသည်ဆို သော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ထိုသို့ မြေလှန်ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ 

စစ်တပ်ဝင်မွှေပြီးနောက် မီးလောင်ကျွမ်းသွားသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမရွာကို ၂၀၂၁ ဇွန် ၁၆ နံနက်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း၌ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူ (IDP) ဦးရေ ခုနှစ်သိန်းငါး သောင်းကျော်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA) ၏ ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်သည်။

ထိုကိန်းဂဏန်းသည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာဦးရေထက်ပင် ကျော်လွန်သွားပြီ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းထက် ဆန့်ကျင်သူမှန်သမျှကို အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေသည်။​

စစ်တပ်၏ လူမဆန်သော လုပ်ရပ်များတွင် ရိုင်ဖယ်သေနတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေးတွင် ညှဉ်းပန်းသတ်ဖြတ်ခြင်း၊ ကလေးငယ် များပါမကျန် မိသားစုဝင်များကို ဓားစာခံဖမ်းဆီးခြင်းတို့ ပါဝင်သည်။

ထို့ပြင် ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများလည်း ကျူးလွန်လျက်ရှိသည်။ 

စားနပ်ရိက္ခာမျးကို မီးရှို့ဖျက်ဆီးခြင်းအားဖြင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးပြီး အသက်ရှင်ရပ် တည်ရန် ခက်ခဲအောင် လုပ်ဆောင်ခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရသော ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန် ရွှေ၊ငွေ ပစ္စည်းများကို လုယက်ယူငင်ခြင်းတို့ကိုလည်း စစ်တပ်က ထင်ထင်ရှားရှားကျူးလွန် နေသည်။

ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပစ်မှတ်များကိုပါမရှောင် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက် ခိုက်ခြင်းများလည်း ကျူးလွန်နေသည်။

ထိုထိုသော ကျူးလွန်မှုများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes Against Humanity) မြောက်သော လုပ်ရပ်များဖြစ်သည်။

နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော နိုင်ငံတခု၏ စစ်တပ်ဂုဏ်အင်္ဂါရပ်များ ပျောက်ဆုံးသွားကာ လက်နက်ကိုင်အကြမ်းဖက်အုပ်စု ဖြစ်သွားသည်။​

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရွာအနီးရှိ အမျိုးသားညီလာခံကျင်းပခဲ့ရာ ဖုံအလိမ်းလိမ်းတက် ပင်မအဆောက်အအုံကို ဇွန် ၈ ရက်က စစ်ခေါင်းဆောင် ကြည့်ရှုနေစဉ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး အကြံအစည် 

ထွက်ပေါက်ပိတ်နေသော နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရချိန် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးအသံများ ထွက်ပေါ်လာသည်။

မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံရောက် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ USDP ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်းသန်းဌေးက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး တင်ပြဆွေးနွေးခဲ့သည်။

ရက္ခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အလားတူတင်ပြခဲ့သည်။ 

စစ်တပ်နှင့်နီးကပ်သော နိုင်ငံရေးသမားများက ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး အချိန်ကိုက် အသံထွက် လာခြင်းမှာ တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ပေ။ 

လာမည့်နှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်တော့သဖြင့် လက်ရှိဖွဲ့စည်းပုံကို ဖျက်သိမ်းကာ အသစ်ရေးဆွဲရန် စစ်ခေါင်းဆောင်နှင့် ညှိနှိုင်းဆုံးဖြတ်ထားဖွယ်ရာရှိသည်ဟု တွေးဆ စရာဖြစ်လာသည်။ 

အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ၁၅ နှစ်ကြာ စွန့်ပစ်ထားသည့် တောရိုင်းမြေဘဝရောက် အမျိုး သားညီလာခံ ကျင်းပခဲ့ရာ ညောင်နှစ်ပင်ကို မကြာမီက သွားရောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မွေးဖွားခဲ့ရာနေရာကို ဆိုင်းမဆင့်ဗုံမဆင့် သွားရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်မွမ်းမံရန် ညွှန်ကြားခဲ့သည်။ 

ပုံမှန်အတိုင်း ဆိုပါလျှင် မင်းအောင်လှိုင်အနေဖြင့် နောက်ခြောက်လအကြာတွင် ဒုသမ္မတဦးမြင့်ဆွေ ထံ အာဏာသုံးရပ်ပြန်အပ်နှင်းရမည်ဖြစ်သည်။

အဘက်ဘက်မှ ပိတ်ဆို့ဖယ်ကျဉ်ခံထားရသည့်အပြင် နိုင်ငံအနှံ့ ခုခံတော်လှန်များ ရင်ဆိုင်နေရသည့် မင်းအောင်လှိုင်အတွက် မျက်နှာပန်းမလှဆုံးအချိန်၊ ၎င်းကိုယ်တိုင်နှင့် မိသားစုအတွက် လုံခြုံမှုမရှိဆုံး အချိန်လည်းဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ရွေးကောက်ပွဲကျင်းပနိုင်သည်ဆိုဦးတော့ စစ်တပ်နှင့် ၎င်းထောက်ခံ သော နိုင်ငံရေးပါတီအနေဖြင့် တိုင်းပြည်အာဏာကို အပြည့်အဝထိန်းချုပ်နိုင်ရေး မသေချာပေ။ အနည်းဆုံးအားဖြင့် ဥပဒေပြုရေး၊ တရားစီရင်အာဏာတို့ကို ခွဲဝေကျင့်သုံးရမည်ဖြစ်သည်။ 

မင်းအောင်လှိုင်နှင့် အပေါင်းအပါများအနေဖြင့် ရွေးကောက်ပွဲတစ်ခု ကျင်းပခြင်းထက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးလမ်းကြောင်းကို စဉ်းစားနိုင်သည်။ ရွေးချယ်နိုင်သည်။ အာဏာကို လက်ဝယ်ပိုင်ပိုင် ကိုင်ထားနိုင်ခွင့် ပိုရမည်ဖြစ်သည်။ 

၂၀၂၁ မတ်လ ၂ ရက်နေ့က ရန်ကုန်မှ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြသူတို့ကို လိုက်လံတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ-Myanmar Now

အခြေအနေကတော့ ပြောင်းပြန်ဖြစ်နေသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်ဟေဇာ ပြောသည့်အတိုင်း မြန်မာ့အကျပ်အတည်းကို ဖြေ ရှင်းရာတွင် စစ်တပ်က ဦးဆောင်စီစဥ်သော နိုင်ငံရေးထွက်ပေါက် သို့ မဟုတ် နိုင်ငံရေးဆွေးနွေးပွဲမှာ အလုပ်မဖြစ်နိုင်တော့ပေ။

အကြောင်းမှာ အာဏာထပ်သိမ်းစစ်တပ်၏ လုပ်ရပ်ကို မြန်မာပြည်သူများ ခါးခါးသီးသီး ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button