ဆောင်းပါးလေ့လာသုံးသပ်ချက်

စစ်ကောင်စီကို အသွင်ပြောင်းပြီး မင်းအောင်လှိုင်ဘယ်လို ခေါင်းစွပ်ပြောင်းမလဲ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့သည် “စစ်ကောင်စီ” ဟု အမည်တွင်သော “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” သက်တမ်းကုန်ဆုံး၍ မြေမြှုပ်သင်္ဂြိုဟ်ရမည့်နေ့ဖြစ်သည်။ သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခေါင်းစွပ်ပြောင်းပြီး အာဏာကို ဆက်လက်ထိန်းချုပ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို မင်းအောင်လှိုင် အဓမ္မသိမ်းယူခဲ့သည်။ ထိုနေ့ထုတ် သတင်းစာများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ် (၆/၂၀၂၁) ဖြင့် မင်းအောင်လှိုင်သည် အစိုးရအဖွဲ့ ဝန်ကြီးများကို ပြောင်းလဲခန့်အပ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမိန့်အမှတ် (၉/၂၀၂၁) ဖြင့် “စစ်ကောင်စီ” ကို ဖွဲ့စည်းကာ ကိုယ်တိုင် ဥက္ကဋ္ဌရာထူး ရယူခဲ့သည်။

စစ်ကောင်စီသက်တမ်း ၆ လပြည့်သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ခြောက်လတာဆောင်ရွက်ချက်များအကြောင်း မိန့်ခွန်းပြောရာတွင် မင်းအောင်လှိုင်က စစ်ဝတ်စုံမဝတ်ဘဲ အရပ်ဝတ် ပြောင်းလဲဝတ်ဆင်ထားသည်။ နောက်တစ်ရက်ဖြစ်သော ဩဂုတ်လ ၂ ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရာ၌ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဟု သတင်းစာများက ပထမဆုံးဖော်ပြလာကြသည်။

ရင်းမြစ်။ ။ မြန်မာ့အလင်းသတင်းစာ (ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၁ ခုနှစ်)

စစ်ကောင်စီ ၆ လပြည့် မိန့်ခွန်းတွင် မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်မှုသက်တမ်း အချိန်ဇယားကို အောက်ပါအတိုင်း ပြောခဲ့ဖူးသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ တစ်နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါတယ်… ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ။”

ထိုစဉ်ကတည်းက မင်းအောင်လှိုင်သည် အရေးပေါ်ကာလ နှစ်နှစ်ပြည့်သည်အထိ အာဏာသုံးရပ်စလုံး ရယူထားပြီး၊ နှစ်နှစ်ပြည့်သည့်အခါ ၎င်းကိုယ်တိုင် အကြိမ်ကြိမ်ပြောနေသော နိုင်ငံတစ်ဝန်း “အကြားအလပ်မရှိ” ရွေးကောက်ပွဲအသစ်တစ်ခုကို ခြောက်လအတွင်း ကျင်းပနိုင်လိမ့်မည်ဟု သေချာပေါက် ယုံကြည်တွက်ဆထားခဲ့သည်။

သို့သော် ယခုအခါ အရေးပေါ်ကာလ နှစ်နှစ်ပြည့်ချိန်တွင် အရေးပေါ်ကာလပြဋ္ဌာန်းချက် ပုဒ်မ ၄၁၉ အရ ဖွဲ့စည်းခဲ့သော အစိုးရနှင့် စစ်ကောင်စီသည်လည်းကောင်း၊ မင်းအောင်လှိုင်၏ စစ်ကောင်စီဥက္ကဋ္ဌရာထူးနှင့် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူးများသည်လည်းကောင်း မကြာမီ နတ္ထိပစ္စယော ဖြစ်ပေတော့မည်။

မင်းအောင်လှိုင် အရှုံးကြီးရှုံးခဲ့သော နှစ်နှစ်ကာလပေတည်း။

၂၀၂၁၊ ဖေဖော်ဝါရီတွင် ရန်ကုန်မြို့၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတစ်ဦး။ ဓာတ်ပုံ – Myanmar Now

အရှုံးနှင့်စခဲ့သော အာဏာသိမ်းပွဲ

မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်နေ့မှာပင် အရှုံးနှင့် စတင်ခဲ့သည်။ သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် အတင်းအဓမ္မ ကြံစည်ခဲ့သော်လည်း ထိုအကြံအစည် မအောင်မြင်ခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ တွင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အထွတ်အထိပ်နေရာတွင်ရှိသည်ဟု သတ်မှတ်ထားသည်။ သမ္မတကို ရွေးကောက်တင်မြှောက်ထားသည်မှာ ပြည်ထောင်စုလွှတ်တော်ဖြစ်သဖြင့် သမ္မတကို ရာထူးမှ ဖယ်ရှားနိုင်သော အခွင့်အာဏာသည်လည်း ပြည်ထောင်စုလွှတ်တော်တစ်ခုတည်းမှာပင်ရှိသည်ကို ပြဋ္ဌာန်းချက်များ အတိအလင်းရှိနေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းရန် ၎င်း၏ ဗိုလ်ချုပ်ကြီးများကို အမိန့်ပေးခဲ့စဉ်က ပထမအဆင့် သမ္မတကို ရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ရန် အတင်းအကျပ်ဖိအားပေးရန် ညွှန်ကြားခဲ့သည့် မင်းအောင်လှိုင်၏လုပ်ရပ်က ခြေ/ဥနှင့်အညီ အာဏာရယူရန် ကြိုးစားခဲ့ကြောင်း ထင်ရှားသည်။

သို့သော် သမ္မတဦးဝင်းမြင့်၏ ငြင်းဆန်မှုက မင်းအောင်လှိုင်ကို ခြေ/ဥ အား ချိုးဖောက်ရန် တွန်းပို့ခဲ့ကာ နိုင်ငံတော်သစ္စာဖောက်အဖြစ် ရောက်သွားစေခဲ့သည်။ အမှန်စင်စစ် ထိုအဖြစ်ကို မင်းအောင်လှိုင် ကောင်းစွာသိသည်။

ထိုအချိန်မှစ၍ မင်းအောင်လှိုင်သည် ကမ္ဘာကြီးကို စတင်လိမ်ညာရတော့သည်။ ၎င်း၏လုပ်ရပ်ကို အာဏာသိမ်းခြင်းမဟုတ်ဘဲ ခြေ/ဥနှင့်အညီ အာဏာထိန်းခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ပြောဆိုသည်။ သို့သော်လည်း ဒေသတွင်း အာဆီယံအသင်းကြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက လက်မခံကြပေ။

တစ်လောကလုံးနှင့် တစ်ယောက် ဘူးခံငြင်းဆန်ပြီး လိမ်ညာနေသော မင်းအောင်လှိုင်၏ စိတ်ဓာတ်နိမ့်ကျမှုကို တစ်ကမ္ဘာလုံးက တွေ့မြင်ကြရသည်။ မင်းအောင်လှိုင်သည် စစ်ဗိုလ်ချုပ်ကြီးလုပ်ပြီး သူရဲဘောကြောင်သော လူလိမ်လူညာပါလား၊ နိုင်ငံအကြီးအကဲတစ်ဦးတွင် ရှိအပ်သော ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူဟု ကမ္ဘာကြီးက သိမြင်ခဲ့ကြသည်။

မင်းအောင်လှိုင်၏ သရုပ်မှန်ကို သိမြင်ခဲ့သော်လည်း တရုတ်နှင့် ရုရှား၏ ပိတ်ဆို့ထားခြင်း ခံနေရသော ကုလသမဂ္ဂလုံခြုံရေးကောင်စီက လျင်မြန်စွာတုံ့ပြန်အရေးယူရန် နှောင့်နှေးခဲ့သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံဆိုင်ရာ သမိုင်းဝင်ဆုံးဖြတ်ချက် ၂၆၆၉ ကို ချမှတ်နိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအကြီးအကဲများဖြစ်သော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

တစ်နည်းအားဖြင့် မင်းအောင်လှိုင်၏လုပ်ရပ်သည် အာဏာသိမ်းခြင်းဖြစ်ပြီး၊ ခြေ/ဥကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့အဖွဲ့အစည်းကြီးက ယဉ်ကျေးစွာ သတိပေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယအပြင် မင်းအောင်လှိုင် အားကိုးအားထားပြုနေသော ရုရှားနိုင်ငံကပါ ကန့်ကွက်နိုင်ခြင်းမရှိတော့ဘဲ မင်းအောင်လှိုင်သည် ဥပဒေနှင့်အညီ အာဏာရယူထားသော နိုင်ငံအကြီးအကဲမဟုတ်ကြောင်း လက်ခံလိုက်ရသည်။ ဒေသတွင်း အာဆီယံအသင်းကြီးက မင်းအောင်လှိုင်သည် နိုင်ငံအကြီးအကဲမဟုတ်သဖြင့် နိုင်ငံအကြီးအကဲများသာ တက်ရောက်ရသော အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် ပိတ်ပင်ခံရသည်။

ထိုအခြေအနေတွင် နိုင်ငံတော်သစ္စာဖောက်မှု၊ ရာဇဝတ်မှုကို ကျူးလွန်ထားသော မင်းအောင်လှိုင်သည် ၎င်း၏နှုတ်က ခြေ/ဥနှင့်အညီ အာဏာထိန်းရသည်ဟု မည်သို့ပင်ပြောစေကာမူ အရေးပေါ်ကာလ နှစ်နှစ်ပြည့်သော်လည်း၊ ၎င်းကျူးလွန်ခဲ့သော ရာဇဝတ်မှုများကြောင့် အာဏာလက်လွှတ်၍ မဖြစ်ဆိုသော မလုံခြုံသည့်စိတ်က ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခြောက်လှန့်နေပါလိမ့်မည်။

နေပြည်တော်ရှိ လွှတ်တော်နှင့် သမ္မတအိမ်တော်သို့ သွားရာလမ်းဖြစ်သည့် ရာဇဌာနီလမ်းမကြီးကို ပိတ်ဆို့ထားသည့် စစ်သားများကို အာဏာသိမ်းသည့်နေ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ− EPA

မင်းအောင်လှိုင် မြင်တွေ့ချင်ခဲ့သော မြန်မာနိုင်ငံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုသည် အမှန်စင်စစ် အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးအတွက် အင်မတန်ကြီးကျယ်သော စစ်ဆင်ရေးကြီးဖြစ်သည်။ သို့သော် အာဏာသိမ်းခံရမည့်သူများမှာ စစ်တပ်ကို အာခံခုခံနိုင်လောက်အောင် လက်နက်ဆိုလို့ လုံးဝမရှိကြသော အရပ်သားနိုင်ငံရေးသမားများသာ ဖြစ်သည်။

ထို့ကြောင့် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်ဆင်ရေးကြီးသည် တင့်ကားများ၊ လက်နက်ကိုင်တပ်ဖွဲ့များ အမြောက်အမြားသုံးခဲ့သော်လည်း မည်သည့်ခုခံမှုမျှ မရှိသဖြင့် သေနတ်တစ်ချက်မဖောက်လိုက်ရဘဲ နာရီပိုင်းအတွင်း အောင်မြင်သွားခဲ့သည်။

မင်းအောင်လှိုင်သည် ၎င်း၏မဟာရန်သူတော်ကြီးအဖြစ် သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များအပါအဝင် လူပေါင်း ထောင်နှင့်ချီပြီး ဖမ်းဆီးလိုက်သည်။

ထိုအချိန် မင်းအောင်လှိုင် စိတ်ကူးအိပ်မက်ထဲ မြင်တွေ့လိုသော မြန်မာနိုင်ငံကြီး ရှိနေနိုင်ပါသည်။

ယင်းမှာ ခေါင်းဆောင်များအားလုံးကို ထိန်းသိမ်းလိုက်သဖြင့် NLD လည်း အလိုလိုပြိုကွဲ၊ NLD ကို မကြိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စစ်တပ်နှင့် ပူးပေါင်းကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အရှိန်မပျက် ဆက်လုပ်၊ တိုင်းပြည်က ပုံမှန်အခြေအနေအတိုင်း တည်ငြိမ်အေးချမ်းပြီး၊ စီးပွားရေးလုပ်ငန်းများ အလုပ်အကိုင်မပျက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တဖွဲဖွဲဝင်ရောက်၊ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပြီး၊ ၂၅ ရာခိုင်နှုန်း စစ်တပ်လွှတ်တော်ကိုယ်စားလှယ်များက ၎င်းကို သမ္မတလောင်းအဖြစ် တင်မြှောက်၊ နောက်ဆုံး သမ္မတကြီးမင်းအောင်လှိုင် ဖြစ်စေသတည်းပေါ့။

သို့သော် မင်းအောင်လှိုင် မြင်ချင်သော စိတ်ကူးအိပ်မက်များသည် အရေးပေါ်ကာလ နှစ်နှစ်ပြည့်ချိန်အထိ ဖြစ်မလာဘဲ ဆန့်ကျင်ဘက်များသာ ဖြစ်လာခဲ့သည်။

၎င်းတို့မှာ နိုင်ငံအနှံ့ရှိ ပြည်သူများ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အာခံသော အကြမ်းမဖက်ဆန္ဒပြပွဲများ၊ မြန်မာ့သမိုင်းတွင် ဖြစ်ခေါင့်ဖြစ်ခဲ နိုင်ငံဝန်ထမ်းများ၏ စစ်ကောင်စီနှင့် မပူးပေါင်းရေး အာဏာဖီဆန်သော CDM လှုပ်ရှားမှု၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများက စစ်စစ်မှန်မှန် မဲပေးရွေးချယ်ထားခဲ့သော ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဖွဲ့စည်းပေါ်ပေါက်လာခြင်း၊ ပြည်သူက ပေးအပ်ထားသော အခွင့်အာဏာအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပေါ်ပေါက်လာခဲ့သည်။

Generation Z မျိုးဆက်သစ်လူငယ်များက စစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်လည်ခုခံတော်လှန်ရန် လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (PDF) ပေါ်ပေါက်လာခြင်း၊ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများ၏ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော်ကို နှစ်နှစ်တာကာလအတွင်း တစ်ရက်မပျက် လှူဒါန်းပံ့ပိုးခဲ့ပြီး “လုံးဝအုပ်ချုပ်ခွင့် မရှိစေရ” ဆိုသည့် သန္နိဋ္ဌာန်အတိုင်း စစ်မိစ္ဆာများကို နေ့စဉ် ခုခံတော်လှန်နေသည့် ဖြစ်စဉ်များကို ကမ္ဘာ့အသိုက်အဝန်းကပင် အံ့ဩတကြီးဖြစ်ကာ မြန်မာပြည်သူတို့၏ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ခိုင်ကြည်မှုကို လေးစားခဲ့ကြရသည်။

ထို့ကြောင့် ပြည်သူတို့၏ ကြံ့ကြံ့ခံ ခုခံတော်လှန်မှုနှင့် ရင်ဆိုင်နေရသော မင်းအောင်လှိုင်သည် ၎င်းစီစဉ်ထားသလို တစ်ခုမျှ ဖြစ်မလာတော့ဘဲ၊ စစ်ကောင်စီသက်တမ်း ကုန်ဆုံးခြင်းနှင့်အတူ စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ရာထူးသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ ခြေ/ဥဆိုင်ရာ အကျပ်အတည်းနှင့် ကြုံတွေ့လာရပြီး အာဏာဆက်လက်ချုပ်ကိုင်နိုင်ရန် နောက်ထပ်အစိုးရတစ်ရပ်နှင့် ၎င်း၏ရာထူးအတွက် အကြံအဖန်လုပ်ရပေတော့မည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိအမှတ်ပြုမှုမရသည့် စစ်ခေါင်းဆောင်က သူသွားလာ၍ ရသည့် တစ်ခုတည်းသော နိုင်ငံ ရုရှားသို့ ထွက်ခွာရန် ၂၀၂၁ ခုနှစ်က နေပြည်တော်လေဆိပ်သို့ ရောက်လာစဉ်။ ဓာတ်ပုံ-စစ်ကောင်စီ

အာဏာလက်မလွှတ်ရေး မင်းအောင်လှိုင် ကစားကွက်ပြောင်းနိုင်

မြန်မာစစ်ဗိုလ်ချုပ်များအတွက် အာဏာထက် မည်သည့်အရာကမျှ ပို၍ အရေးမကြီးပါ။ အာဏာနှင့် ကိုယ်ကျင့်သိက္ခာ ယှဉ်လျှင် အာဏာသည်သာ ပဓာနဖြစ်သဖြင့် ၎င်းတို့၏ ကောက်ကျစ်ဉာဏ်များပုံက အောချယူရလောက်အောင် ကြွယ်ဝကြပါပေသည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ အာဏာလက်လွှတ်၍မရသော မင်းအောင်လှိုင် မည်သို့ကစားကွက်ပြောင်းမည်လဲ စောင့်ကြည့်ရမည်ဖြစ်သည်။

“မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ကြွေးကြော်ခဲ့သော မင်းအောင်လှိုင်သည် ခြေ/ဥကို ချိုးဖောက်ခဲ့ပြီး၊ ကမ္ဘာပတ်၍ လိမ်ညာရဲခဲ့သူဖြစ်ရာ ယခုတစ်ကြိမ်တွင်လည်း ခြေ/ဥကို ထပ်မံချိုးဖောက်ပြီး အရှက်သိက္ခာမဲ့စွာ ခြေ/ဥနှင့်အညီ ထပ်မံလိမ်ညာရဲသူ ဖြစ်ပေလိမ့်မည်။

မင်းအောင်လှိုင် လိမ်ညာလှည့်စားနိုင်ရေး ကူညီနေသူများကလည်း မရှားပေ။ တစ်လောက ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ် စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သော မင်းကင်းမောင်မြင့်က ခြေ/ဥ ၏ အရေးပေါ်ကာလသက်တမ်းတိုးပေးသော ပုဒ်မ ၄၂၅ ပါ စကားရပ်များထဲမှ “သာမန်အားဖြင့်” ဆိုသည့် စကားရပ်ကို ကောက်ယူ၍ ယနေ့အခြေအနေသည် သာမန်အခြေအနေမဟုတ်သဖြင့် အရေးပေါ်ကာလသက်တမ်းကို ထပ်ပြီးတိုးမြှင့်နိုင်သယောင် နှတ်ကြောင်းပေး ကလိမ်ကကျစ်ဉာဏ်ကို လူသိထင်ရှား ပြောခဲ့ပါသေးသည်။

မောင်မြင့်သည် စစ်ကောင်စီ ခြောက်လပြည့်တွင် မင်းအောင်လှိုင်ပြောခဲ့သော စကားကို မလေ့လာခဲ့၍လား သို့တည်းမဟုတ် တမင်မေ့ချင်ယောင်ဆောင်ပြီး ထိုသို့အကြံပေးနေခြင်း ဖြစ်နိုင်ပါသည်။

မင်းအောင်လှိုင်သည် စစ်ကောင်စီ ခြောက်လပြည့်တွင် သူပြောခဲ့သော အချိန်ဇယားအတိုင်း နောင် တစ်နှစ်ခွဲအကြာ ယနေ့အချိန်တွင် လုပ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသည်ဟု ယုံကြည်သေးလျှင် ခြေ/ဥ ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်များအတိုင်း လာမည့် ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ပါသည်။

အကယ်၍ ထိုအချိန်ဇယားအတိုင်း ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ဘဲ ၎င်း၏ယုံကြည်ချက်များ ပျောက်ဆုံးနေပြီဆိုလျှင် အာဏာကို ထပ်မံဆွဲဆန့်ရန် ခြေ/ဥ ၏ မည်သည့်ပုဒ်မကို လိုသလိုအဓိပ္ပာယ်ဖွင့် လှည့်စားမည်လဲ စောင့်ကြည့်ရပေလိမ့်မည်။

သို့တည်းမဟုတ် ခြေ/ဥက ၎င်းအား အာဏာကို အကန့်အသတ်မရှိ ချုပ်ကိုင်ရန် ခွင့်မပြုတော့လျှင် ခြေ/ဥကို ကျင့်သုံးခြင်းမှ ကာလတစ်ခုအထိ ဆိုင်းငံ့ထားမည်ဆိုကာ စစ်အုပ်ချုပ်ရေး ကြေညာနိုင်ပါသည်။ သို့မဟုတ် ၎င်း၏ဆရာ အာဏာရှင်ဟောင်း ဦးသန်းရွှေကို ငဲ့ကွက်မနေတော့ဘဲ ခြေ/ဥကို ဖျက်သိမ်းပြီး၊ အာဏာရှင်တို့၏ ဗီဇအတိုင်း ခြေ/ဥ အသစ်ကို ၎င်း၏ဦးဆောင်မှုဖြင့် ရေးဆွဲနိုင်သည်ဆိုကာ အာဏာကို အကန့်အသတ်မရှိ ချုပ်ကိုင်ရန် ကြံစည်မည်လား စောင့်ကြည့်ရမည် ဖြစ်ပါသည်။

မင်းအောင်လှိုင် မည်သည့်လမ်းကို ရွေးပါစေ၊ မြန်မာပြည်သူများက ပြည်သူအပေါ် သစ္စာမဲ့သော စစ်ခေါင်းဆောင်များနှင့် စစ်တပ်၏ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး နွေဦးတော်လှန်ရေးကို အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို ရွေးချယ်ထားပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့အလွန် မင်းအောင်လှိုင် မည်သည့်ခေါင်းစွပ်ပြောင်းပြီး အာဏာကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားသည်ဖြစ်စေ၊ ပြည်သူနှင့် မိစ္ဆာစစ်တပ်အကြား မည်သို့မျှ ရင်ကြားစေ့နိုင်မည်မဟုတ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button