
အကြောင်းအမျိုးမျိုးပြကာ ဆွဲဆန့်ထားသည့် အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ (ဇူလိုင် ၃၁) ပြုလုပ်ခဲ့သော ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ကာ စစ်ကောင်စီ၏သက်တမ်းကို နောက်ထပ် ၆ လထပ်တိုးလိုက်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဦးဆောင်သော စစ်တပ်က စစ်ဗိုလ်ချုပ်ဟောင်းများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအားဖြင့် အာဏာလက်မလွှတ်ရေး တစ်ကြိမ်ပြီးတစ်ကြိမ် သက်တမ်းတိုးနေခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို နှစ်နှစ်အထိသာ သတ်မှတ်နိုင်သော်လည်း တိုင်းပြည်အတွင်း “သာမာန်မဟုတ်သော” အခြေအနေဖြစ်ပေါ်နေသည်ဆိုကာ ယခုနှစ် ဇန်နဝါ ရီ ၃၁ ရက်တွင် ခြောက်လသက်တမ်းတိုးခဲ့သော စစ်ကောင်စီက နောက်ထပ်အကြောင်းပြချက်များဖြင့် သက်တမ်းထပ်တိုးလိုက်ခြင်းဖြစ်သည်။
အရေးပေါ်ကာလ သက်တမ်းတိုးရန်အတွက် အာဏာသိမ်းခေါင်းဆောင်က ရှည်လျားထွေပြားစွာ အကြောင်းပြခဲ့ရာ၌ အကြမ်းဖက်တိုက်ဖျက်မှု များလျော့နည်းလာသည်ဆိုသော်လည်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ရှိနေဆဲဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ဘက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် တနင်္သာတိုင်း နေရာအချို့ကိုချန်လှပ်ကာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်းလည်း စစ်ခေါင်းဆောင်က အခင်းအကျင်းတစ်ခုအနေဖြင့် တင်ပြခဲ့သည်။
အာဏာသိမ်းပြီး ခြောက်လအကြာ ၂၀၂၁ ဩဂုတ်လ ၁ ရက်က မိန့်ခွန်း၌ စစ်ကောင်စီ၏သက်တမ်းနှင့်ပတ်သက်၍ အာဏာသိမ်းခေါင်းဆောင်က အောက်ပါအတိုင်း ပြောဆိုခဲ့ဖူးသည်။
“အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ တစ်နှစ်အတွင်းမှာ တာဝန်တွေ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ်ခြောက်လ နှစ်ကြိမ်သာ တိုးနိုင်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ခြောက်လပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလ များကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ ပြီးစီးရမယ် ဆိုတာပါပဲ”
အမှန်တကယ် အရေးပေါ်ကာလ သက်တမ်းနှစ်နှစ်ပြည့်ချိန်၌ စစ်ခေါင်းဆောင်က ယခင်ပြောဆို ချက်ကို ပမာမထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်နှာပြောင်တိုက်ဆန့်ကျင်လျက် သက်တမ်း တိုးခဲ့ရာ ဒုတိယအကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
စစ်ကောင်စီက တရားဥပဒေစိုးမိုးရေး လုံးဝအလေးမထားဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင် ပြောင်တင်းတင်းချိုးဖောက်ကာ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုသည်။
“ဥပဒေနဲ့မညီဘူး။ သူတို့သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်။ တတိ ယအကြိမ်လည်း တိုးပြီးပြီ။ အခု စတုတ္ထအကြိမ်လည်း ထပ်တိုးတယ်ဆိုတော့ ဒီဥပဒေကြီးတစ်ခု လုံးကိုယ်တိုင် သုံးလို့မရတော့ဘူးဆိုတာ ဒီလုပ်ရပ်က ထင်ရှားနေတယ်”
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ခဲ့သည့် ယနေ့ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဒုသမ္မတဦးမြင့်ဆွေအပြင် ကာလကြာရှည် လူမြင်ကွင်းမှပျောက်ကွယ်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ပထမဆုံးအကြိမ် တက်ရောက်ခဲ့ သည်ကို တွေ့ရပြီး၊ စစ်ကောင်စီသက်တမ်းတိုးခြင်းကို ၎င်းက ထောက်ခံသည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတဆင့် စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ၌ ဒုသမ္မတဦးမြင့်ဆွေနှင့် အာဏာသိမ်းဗိုလ်ချုပ်ကြီးများ ဦးဆောင်ပြုလုပ်သည့် ကာလုံအစည်းအ ဝေး၌ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ခြင်း မရှိပေ။ ထို့အတူ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ် ခဲ့သော စစ်ကောင်စီသက်တမ်းတိုးရေး ကာလုံအစည်းအဝေးများတွင် မတွေ့ခဲ့ရပေ။
ဦးဟင်နရီဗန်ထီးယူမှာ ကျန်းမာရေးကြောင့် ခွင့်ယူထားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ဖူးသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုအမတ်အနေဖြင့် အနိုင်ရပြီးနောက် ဒုသမ္မတဖြစ်လာခဲ့ သူ ဟင်နရီဗန်ထီးယူ ကာလုံအစည်းအဝေးတက်ခြင်းသည အဖွဲ့အစည်းနှင့်မသက်ဆိုင်ဘဲ ဥပဒေနှင့် သာဆိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ် ချက်ပြုသည်။
“ဥပဒေကိုတော့ ဘယ်သူမှချိုးဖောက်လို့ မရပါဘူး။ သူတက်တယ်ဆိုရင် အခြေခံဥပဒေကို ကျော် လွန်ပြီးလုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ တက်တယ်ဆိုရင်လည်း ဂရုစိုက်စရာ အလေးထားစရာ မလိုပါ ဘူး။ ဥပဒေချိုးဖောက်တာဖြစ်လို့ သူ့ရဲ့လုပ်ရပ်က တရားမဝင်ဘူးလို့ ပြောချင်ပါတယ်”
