လေ့လာသုံးသပ်ချက်

မင်းအောင်လှိုင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့ ခြေလှမ်းစနေပြီလား

အကြွင်းမဲ့အာဏာချုပ်ကိုင်ခွင့် လအနည်းငယ်သာ ကျန်ရှိတော့သည့်အချိန်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မွေးဖွားခဲ့ရာ ညောင်နှစ်ပင်ညီလာခံ ကျင်းပခဲ့ရာအရပ်ကို သွားရောက်ကြောင်း တိုင်းသိပြည်သိ ထုတ်ပြန်လာသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်စခန်းကို ယမန်နေ့ (ဇွန် ၈) တွင် အာဏာသိမ်းခေါင်းဆောင် သွားရောက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြသည်။ 

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ညောင်နှစ်ပင်ရွာတွင် စစ်တပ်ကကြီးမှူး၍ ၁၉၉၃ မှ ၁၉၉၆ နှင့် ၂၀၀၄ မှ ၂၀၀၇ ကာလအတွင်း အမျိုးသားညီလာခံကို ခေါ်ယူကာ စစ်တပ်က နိုင်ငံ၏အာဏာကို တရားဝင်ထိန်းချုပ်နိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခဲ့သည်။ NLD အပြတ်အသတ်အနိုင်ရသည့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ရန် ပြုလုပ်ခဲ့သည့် ထိုအမျိုးသားညီလာခံ၏ အချိန်ကာလသည် ရှည်လျားလွန်းလှသည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အုပ်ချုပ်မှုကို ကာလဆွဲဆန့်ရန် ပြုလုပ်သည့်ညီလာခံဟုလည်း ထိုခေတ်က ဝေဖန်မှုများရှိခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေကဲ့သို့ မင်းအောင်လှိုင်သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအသစ်စိတ်ကြိုက်ဆွဲရင်း ၎င်း၏အာဏာသက်တမ်းကိုလိုသလိုကစားရန်ပြုလုပ်မည်လားဟု ညောင်နှစ်ပင်ရွာကိုသွားသည့် သတင်းအပေါ်လေ့လာသူများက သုံးသပ်မှုများရှိသည်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး အလွန်အမင်းကျဆင်းနေချိန်၊ နိုင်ငံတော်ဘဏ္ဍာငွေ ချွေတာသုံးစွဲရန် အကြိမ်ကြိမ်ပြောကြားနေသော မင်းအောင်လှိုင်က ပျက်စီးချင်တိုင်းပျက်စီးကာ တောရိုင်းမြေဘဝရောက် ညောင်နှစ်ပင်ညီလာခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်လည်း ညွှန်ကြားကြောင်း နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။ 

၎င်းကအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်မှာ တစ်နှစ်နှင့် လေးလရှိပြီဖြစ်ရာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အရေးပေါ်ကာလသက်တမ်းသည်လည်း မကြာမီကုန်ဆုံးတော့မည်ဖြစ်သည်။

ထိုအချိန်တွင် ၁၅ နှစ်ကြာပြီးမှ ဖွဲ့စည်းပုံရေးဆွဲခဲ့ရာ နေရာကို တမင်တကာသွားရောက်ပြခြင်းမှာ နိုင်ငံရေးထွက်ပေါက်အတွက် အချက်ပြခြင်းဖြစ်သည်ဟု စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နီးစပ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းတစ်ဦးက ယူဆသည်။

“ရွေးကောက်ပွဲကို အရန်အနေနဲ့ ထားပုံရပါတယ်။ ညောင်နှစ်ပင် အမျိုးသားညီလာခံနေရာကို သွားကြည့်တာ သတင်းထုတ်လိုက်တယ်။ အမှန်တော့ သူ့ဘာသာ သွားကြည့်တာ မထုတ်လည်း ရပါတယ်” ဟု ၎င်းက ပြောသည်။

အရေးပေါ်ကာလသက်တမ်း ကုန်ဆုံးရက်နီးကပ်လာသည့်ပြင် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဆိုသော ကတိကို အကောင်အထည်ဖော်ပေးရန်လည်း မဖြစ်နိုင်သလောက် ခက်ခဲနေသည်ဖြစ်ရာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်လုံးကို ရယူထားသည့် မင်းအောင်လှိုင်အတွက် နိုင်ငံရေးထွက်ပေါက် မဖြစ်မနေလိုအပ်လာသည်။

“ရွေးကောက်ပွဲလုပ်ဖို့ ဘယ်လိုမှ အခြေအနေမပေးဘူး။ သက်တမ်းကလည်း ထပ်တိုးလို့ မရတဲ့အခါကျတော့ ရှေ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ အခြေခံဥပဒေလည်း ပျက်သွားပြီ။ အခြေခံဥပဒေအသစ် ပြန်ဆွဲဖို့ ညောင်နှစ်ပင် ပြန်လုပ်မယ်ဆိုတာမျိုး ဖြစ်သွားမည်” ဟု ကြံ့ခိုင်ရေးပါတီဝင်ဟောင်းက သုံးသပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒအရ အာဏာထိန်းရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်အပ်နှင်းမည်ဟု အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုထားသည့် စစ်ခေါင်းဆောင်အတွက် အထက်ပါ နိုင်ငံရေးထွက်ပေါက် ကြံဆချက်က အကျုံးဝင်လျက်ရှိသည်။ 

အခြေခံဥပဒေသစ်တစ်ခု ဖော်ဆောင်ရင်း အာဏာကို ကြာရှည်ကြာညောင်း ဆွဲထားနိုင်မည့် အခွင့်အရေးလည်းဖြစ်သည်။ မင်းအောင်လှိုင်အနေဖြင့် ၎င်းထက် ဝါရင့်သော စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်နေသည့် ကြံ့ခိုင်ရေးပါတီကို ရွေးကောက်ပွဲအနိုင်ရစေခြင်းဖြင့် အာဏာခွဲဝေပေးမည့်အနေအထား မရှိပေ။

ညောင်နှစ်ပင်ညီလာခံ ကျင်းပခဲ့နေရာရှိ စက်မှုဇုန်စီမံကိန်းကို ပြန်ဖျက်လိုသည့်အတွက် သွားရောက်သည်ဟု ကြားသိရသော်လည်း မင်းအောင်လှိုင်သွားရောက်ခြင်းမှာ အခြားအဓိပ္ပာယ်လည်း ရှိနိုင်သည်ဟု ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များနှင့် နီးစပ်သူ စစ်တပ်အရာရှိကြီးတစ်ဦးက ပြောသည်။

၎င်းမှာ သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ညောင်နှစ်ပင်အရပ်တွင် စက်မှုဇုန်ဖော်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ အိမ်ရာဖော်ဆောင်ရေးကော်ပိုရေးရှင်းတစ်ခုနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။ 

“တချို့အဆောက်အအုံတွေ ဖျက်တောင်ဖျက်နေပြီလို့ ကြားတယ်။ နောက်တစ်ချက် အဓိပ္ပာယ်ကောက်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။ အချက်ပြတာလဲ ဖြစ်နိုင်တာပဲ” ဟု အထက်ပါ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။ 

“အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေပြန်ဆွဲမလား စသဖြင့် စဉ်းစားတာ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ကိုရီးယားရဲ့ စက်မှုဇုန်နဲ့ ပတ်သက်ပြီး တစ်ခုခုသွားလုပ်တာလဲ ဖြစ်နိုင်တာပဲ”

အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဝန်ကြီးချုပ်များကို မြောက်မြားစွာသော ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုရာ ၎င်းတို့အကောင်အထည်ဖော်ခဲ့သော စီမံကိန်းများကို အပြစ်ရှာလျက် အဂတိမှုဖြင့် စွပ်စွဲသည်များလည်းရှိသည်။

ညောင်နှစ်ပင် သွားရောက်သည့်သတင်းနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှတပါး အခြားဘယ်သူမှ သမ္မတဖြစ်ခွင့် မရှိစေရေး နည်းမျိုးစုံသုံးနေသည်ဟု ထင်မြင်ကြောင်း ပြောသည်။​

“လာမယ့် ရွေးကောက်ပွဲကျင်းပဖြစ်လို့ရှိရင် အဲဒီရွေးကောက်ပွဲက တင်မြှောက်မယ့် သမ္မတဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလွဲရင် တခြားသူ ဘယ်သူမှမဖြစ်နိုင်ပါဘူးလို့ ကျွန်တော်ဟောကိန်း ထုတ်လိုက်ပါတယ်” 

မကြာမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိအချိန်တွင် စစ်ခေါင်းဆောင်တစ်ဦးတည်း၏ လက်ထဲ၌သာ အာဏာသုံးရပ်လုံး တည်ရှိနေသည်ကို ထည့်သွင်းပြောဆိုခဲ့သည်။

ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတပြန်ဖြစ်သည့်တိုင်အောင် အာဏာသုံးရပ်လုံး လက်ထဲ မရှိတော့သောကြောင့် လက်ရှိအခြေအနေကို တိုးချဲ့သွားနိုင်ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နီးစပ်သူ ကြံ့ခိုင်ရေးပါတီဝင်ဟောင်းက ယူဆသည်။ “အာဏာသုံးရပ်လုံးက ဒီအတိုင်းပဲ ရှိနေဦးမှာ။ ပြောမယ်ဆိုရင်တော့ ရွေးကောက်ပွဲက ဖြစ်လာမဲ့ အခြေအနေနဲ့ အခုလက်ရှိအတိုင်း အခြေအနေက သူ့ (မင်းအောင်လှိုင်) အတွက် ပိုကောင်းနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

အသက် ၇၇ နှစ်အရွယ် ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်ကလည်း အာဏာသိမ်းခေါင်းဆောင်သည် အခြေခံဥပဒေနှင့် ပတ်သက်၍ ကစားကွက်ပြင်နေပုံရသည်ဟု ဆိုသည်။

“ခြေလှမ်းကတော့ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ကစားဖို့ ပြင်ဆင်နေပုံပဲ။ တစ်က ပြန်စမဲ့သဘောပေါ့” ဟု စစ်တပ်က အာဏာသိမ်းနိုင်ခြေရှိသည့်အကြောင်း ၂၀၂၁ ဖေဖော်ဝါရီလမတိုင်မီကတည်းက ထုတ်ဖော်ပြောဆိုခဲ့သူ နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေးအတွေ့အကြုံရှိ ဝါရင့်ရှေ့နေက ဆိုသည်။

“ရွေးကောက်ပွဲက ပျက်မှာ။ သူကိုယ်တိုင်တောင် လုပ်မှာမဟုတ်ဘူး။ အဲဒါပျက်ရင် ၂၀၀၈ နဲ့အညီလို့ မပြောတော့ဘဲ ဖျက်လိုက်ပြီ။ ဒါကြောင့် အာဏာထိန်းတယ်အဆင့်ကနေ အာဏာသိမ်းလိုက်ပြီလို့ သူက ပြောရုံပဲ။ အခြေခံဥပဒေပြန်ဆွဲပေါ့။ မြောက်ကိုရီးလိုပုံစံ ရာသက်ပန်အုပ်ချုပ်ချင်လို့ လုပ်တာမျိုးလား မြင်တယ်” 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အသက်ထင်ရှားရှိနေဆဲ စစ်ဗိုလ်ချုပ်ဟောင်းများ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်လို့ရကြောင်း ထုတ်ဖော်ပြောဆိုဖူးသူလည်းဖြစ်သည်။

အာဏာမသိမ်းမီ ရက်ပိုင်းအလိုဖြစ်သော ၂၀၂၁ ဇန်နဝါရီလ ၂၆ ရက်က စစ်တပ်အရာရှိများကို မိန့်ခွန်းပြောရာတွင် “တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ် ဥပဒေကို ဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာခဲ့အခါမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ” ဟု ပြောဆိုခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button