
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် ၎င်းတို့ကိုယ်တိုင် ဖျက်သိမ်းခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှ လွှတ်တော်ခေါ်ယူခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က ယနေ့ (ဇူလိုင် ၇) တွင် သဘောထားထုတ်ပြန်လိုက်သည်။
စစ်အုပ်စု၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH က မတ် ၃၁ ရက်ကတည်းက ကြေညာခဲ့ပြီးဖြစ်သော်လည်း ဇွန် ၃၀ ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူခဲ့ခြင်းကို အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ခြင်းဖြစ်သည်။
ဇွန် ၃၀ ရက်နေ့က အွန်လိုင်းမှ လွှတ်တော်ခေါ်ယူဆွေးနွေးခြင်းသည် “တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများကို ထိခိုက်နိုင်စေပြီး တော်လှန်ရေးတစ်ခုလုံးအပေါ် ဆိုးရွားစွာ ထိခိုက်နိုင်သည်” ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါလွှတ်တော်အစည်းအဝေးတွင် CRPH ဥက္ကဋ္ဌဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က နာယကအဖြစ် ဆောင်ရွက်ကာ လွှတ်တော်အမတ် ၂၃၀ ကျော်နှင့် လေ့လာသူများ အပါအဝင် ၂၇၁ ဦး တက်ရောက်ခဲ့သည်ဟု CRPH က ဆိုသည်။
အခြားနိုင်ငံရေးပါတီများမှ အနိုင်ရလွှတ်တော်အမတ်များ စုံညီစွာပါဝင်ခြင်းမရှိဘဲ NLD ကိုယ်စားလှယ်အများစုဖြင့်သာ လွှတ်တော်ခေါ်ယူခဲ့ခြင်းဖြစ်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနှင့် ကြိုတင်ညှိနှိုင်းခဲ့ခြင်းမရှိဟုလည်း အရပ်ဘက်အဖွဲ့များက ထောက်ပြသည်။
“ရသမျှနည်းလမ်းဖြင့် စစ်အာဏာရှင်ကို တွန်းလှန်ရန် ကြိုးပမ်းနေချိန် CRPH အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးအင်အားစုအသီးသီးက ရိုးသားဖြောင့်မှန်စွာဖြင့် ဦးဆောင်မှုပေးကြရန်” လည်း အရပ်ဘက်အဖွဲ့များက တိုက်တွန်းထားသည်။
“စုပေါင်းခေါင်းဆောင်မှုဆိုတာကို လုံးဝထည့်သွင်းမစဉ်းစားတဲ့၊ နားလည်မှုလည်းမရှိတဲ့ အပြုအမူတွေသည် စုပေါင်းခေါင်းဆောင်မှုနဲ့သွားမဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ရာ သွားကြမယ်ဆိုတဲ့ အခင်းအကျင်းမှာ အလွန်ပဲ စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်” ဟု စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဖြစ်ထွန်းရေး အရပ်ဘက်လူထုအင်အားစု (MM Spring) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီးလည်း ပြင်းပြင်းထန်ထန် ထောက်ပြလိုက်သည်။
မတ် ၃၁ တွင် CRPH က ထုတ်ပြန်ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတွက် တခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုလုံးဝမရှိသည့်အပြင် ၎င်းတို့ ကြိုတင်စီစဉ်ထားသူများဖြင့်သာ ဖွဲ့စည်းခဲ့သည်ဟု ၎င်းက ဆိုသည်။
“(ဖယ်ရယ်ဒီမိုကရေစီပဋိညာဉ်) ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ မီတင်လုံးဝမခေါ်တော့ဘဲ အပျောက်ရိုက်ထားတယ်။ ဒါက အသုံးချတယ်လို့ ယူဆဖွယ်ရာရှိတယ်။ ဧပြီ ၁၆ ရက်နေ့မှာ ဘယ်သူ့ကိုမှ ထပ်ပြီးမတိုင်ပင်ဘဲ NUG ဆိုတဲ့ အစိုးရကို သူတို့ဆင်ထားတဲ့အတိုင်းပဲ အကုန်လုံးဖွဲ့စည်းတယ်” ဟု ၎င်း MM Spring အဖွဲ့ဝင်က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၅ တွင် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ CRPH ကို NLD အမတ် ၁၅ ဦးဖြင့် ကနဦးဖွဲ့စည်းခဲ့ကာ ထို့နောက် တိုင်းရင်းပါတီသုံးခုမှ ကိုယ်စားလှယ်ငါးဦး ဖြည့်စွက်ခန့်အပ်ခဲ့သည်။
မတ် ၃၁ တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာပြီး တစ်ပြိုင်နက်တည်းမှာပင် ‘ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်’ ကိုပါ CRPH က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပဋိညာဉ်အပိုင်း(၁) ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဦးဆောင်သူများ၊ အထွေထွေသပိတ်အင်အားစု၊ အမျိုးသမီးနှင့် လူငယ်အင်အားစု၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်း မေ ၁၉ တွင်မှ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) ပြန်လည်ဖွဲ့စည်းရေးအတွက် အစည်းအဝေးခေါ်ခဲ့မှုသည် CRPH ၏ မရိုးသားမှုနှင့် (NUG) အစိုးရဖွဲ့စည်းရေးအတွက် အသုံးချမှုများဟု ရှုမြင်ကြောင်း ၎င်းက ဆက်ပြောသည်။
NUG ဘက်ကမူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၁၆ တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခဲ့သည်ဟု ကြေညာထားသည်။
NUG တွင် တိုင်းရင်းသားများပါဝင်သည်ဟု ဆိုသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU/ KNLA) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) နှင့် အင်အားကြီးနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၊ ရခိုင်အမျိုးသားပါတီ (ANP) တို့ ပါဝင်ခြင်းမရှိပေ။
ယနေ့ထုတ်ပြန်ချက်တွင် CRPH ကို သဘောထားမှတ်ချက်နှင့် အကြံပြုတိုက်တွန်းချက်များလည်း ပေးပို့ခဲ့ပြီး တော်လှန်ရေးအင်အားစုများ ဖယ်ရယ်အင်အားစုများ၏ ဆုံးဖြတ်ချက်ဖြစ်သော မတူညီသော အစုအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် NUCC ၏ ဦးဆောင်မှုနှင့် ၎င်း၏စုဖွဲ့မှုကို လေးစားရန်၊ NUCC စုဖွဲ့မှုနှင့် ပတ်သက်ပြီး တော်လှန်ရေးတွင် တစ်ခဲနက်ပါဝင်နေကြသော လူထုကို ရှင်းလင်းစွာတင်ပြရန် တောင်းဆိုတိုက်တွန်းခဲ့သည်။
“လူထုကလည်းပဲ NLD ကိုပြန်ပြီးတော့ ထိန်းကျောင်းဖို့ တည့်မတ်ပေးဖို့ တောင်းဆိုဖို့ လိုလိမ့်မယ်လို့ မြင်ပါတယ်။ အဲလိုတောင်းဆိုဖို့ဆိုရင် လူထုက ဒီအချက်အလက်တွေ လက်ရှိ အတွင်းထဲမှာဖြစ်နေတဲ့ အနေအထားပေါ် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လိုလိမ့်မယ်လို့ မြင်တယ်” ဟု MM Spring နောက်ထပ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ ယနေ့ ကန့်ကွက်ထုတ်ပြန်ချက်နှင့် ပတ်သက်၍ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကို ဆက်သွယ်မေးမြန်းရာတွင် အစည်းအဝေးမပြီးပြတ်သေး၍ ဖြေကြားနိုင်ခြင်း မရှိသေးပေ။