ဆောင်းပါး

ကာဒီနယ်၏ ဇာတိမြေမှ စိုးတထိတ်ထိတ် ခရစ္စမတ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်မောင်ဘိုက အာဏာသိမ်း စစ်ခေါင်းဆောင်ထံ Home Sweet Home၊ သာယာပျော်ရွှင်ဖွယ်ရာ အိမ်ဖြစ်ပါစေကြောင်း ကောင်းချီးပေးထားသည့် ကျောက်စီ ပန်းချီကားတစ်ချပ် လက်ဆောင်ပေးနေချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်း သူ၏ ဇာတိရွာမှ ခရစ်ယာန်ဘာသာဝင်များမှာ ခရစ္စမတ်ကာလကို စိုးရိမ်ကြီးစွာ ဖြတ်သန်းနေရသည်။

ရန်ကုန်မြို့ Holy Cathedral Church ဘုရားကျောင်းတွင် ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် စစ်ခေါင်းဆောင်နှင့် ကာဒီနယ်လ်ချားလ်စ်မောင်ဘိုတို့ ပျော်ရွှင်ကြည်နူးနေသည့် ဓာတ်ပုံများကို နောက်တစ်ရက် (ဒီဇင်ဘာ ၂၄) ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဝေဝေဆာဆာတွေ့ရသည်။

ထို့နေ့တွင် ရန်ကုန်နှင့် မိုင် ၄၀၀ ကျော်ကွာသည့် မူးမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာတွင် ချားလ်စ်မောင်ဘို၏ ရပ်ဆွေရပ်မျိုးတို့မှာ ရွာ၏ မြောက်ဘက် ငါးမိုင်ခန့်အကွာတွင် စစ်ကောင်စီအင်အား ၂၀၀ နီးပါးရောက်နေသည်ဆိုသော သတင်းကြောင့် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ကပြာကယာကျင်းပပြီး အိမ်သို့ ပြန်၍ အထုပ်ပြင်ခဲ့ကြရသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တောင်ယာနှင့် စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်သည့် ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ရွာများသည်လည်း တက်ကြွစွာပါဝင်လာပြီးနောက်တွင် စစ်တပ်၏ ကုန်းကြောင်း၊ လေကြောင်း ရုတ်တရက်စစ်ဆင်ရေးများ မကြာခဏကြုံကြိုက်ရသည့် ဒေသများအတွင်း မုံလှရွာလည်း ပါသည်။

ပေါ်တူဂီအနွယ်ဝင် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များမှာ ထိုဒေသသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော် အင်းဝဘုရင် အနောက်ဘက်လွန်မင်းလက်ထက်ကတည်းက ရောက်ရှိနေထိုင်နေကြသည်။ မြေပြန့်ပေါများသည့် မူးမြစ်အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်းရှိ ခင်ဦးမြို့နယ် မုံလှ၊ တန့်ဆည်မြို့နယ် ချောင်းရိုး၊ ရေဦးမြို့နယ် ချမ်းသာ၊ မြောင်မြို့နယ် နဘက်ကြီးရွာတို့တွင် ၎င်းတို့ နေထိုင်ကြသည်။

ယင်းတို့အနက် ခင်ဦးမြို့ အနောက်ဘက် ၁၄ မိုင်ခန့်အကွာ၊ အိမ်ခြေ ၇၀၀ ကျော်ရှိသည့် မုံလှရွာသည် နိုဝင်ဘာလ ၂၃ ရက်ကပင် စစ်ကောင်စီ၏ ဝေဟင်၊ မြေပြင် စစ်ဆင်မှုအတွင်း ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံအပါအဝင် အိမ်ခြေ ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ရကာ လူဦးရေ တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရဖူးသည်။ မုံလှရွာခံ ကလေးတစ်ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်မှာ ဇူလိုင် ၁၈ရက်တွင် ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်ခံရဖူးသည့် မုံလှရွာအတွက် စစ်ကောင်စီ၏ ရန်ရှာမှုကို ဒုတိယအကြိမ် ကြုံခဲ့ရခြင်းဖြစ်သည်။ ပထမတစ်ကြိမ်တွင် ထိခိုက်မှု ပြောပလောက်အောင် မရှိခဲ့သော်လည်း ငါးလဝန်းကျင်အကြာ ဒုတိယအကြိမ် ဝေဟင်၊ မြေပြင်ထိုးစစ်ဆင်ချိန်တွင်မူ ဆုံးရှုံးမှု ကြီးမားခဲ့ရသည်။

နိုဝင်ဘာတွင် မြေပြင်တပ်ဖွဲ့ကြောင့် မုံလှရွာအတွင်း မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်များထဲတွင် ကာဒီနယ်၏ တူမဖြစ်သူ နေအိမ်လည်း ပါသည်။ စပါးတင်းထောင်ချီ ဆုံးရှုံးခဲ့ရသည်။ ရွာဦးစေတီအုတ်ဖိနပ်နှင့် ပစ္စယံ၊ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှ အဆောက်အအုံတစ်ခု၏ ခေါင်မိုးတို့ ထိခိုက်ပျက်စီးခဲ့ရသည်။ ထိုစာရင်းများကို မုံလှအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့က ပြုစုထားခြင်းဖြစ်သည်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဘုရားကျောင်းဝင်းအတွင်း မော်တော်ယာဉ်နှစ်စီး မီးရှို့ခံထားရသည်ကို တွေ့ရစဉ်။

ထိုအခြေအနေတွင် မုံလှရွာခံများမှာ ခရစ္စမတ်ကာလအတွင်း၌ပင် နောက်ကျောမလုံရသည့် စစ်ကြောင်းရန်ကြောင့် အိုးအိမ်ပစ်ပြီး ဘေးလွတ်ရာရှောင်တိမ်းရန် အမြဲတမ်း အထုပ်တပြင်ပြင် ဖြစ်နေရသည်။ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလရောက်လျှင် ရွာ၏ရိုးရာဖြစ်သည့် မုန့်တီ (နန်းကြီးသုပ်ကဲ့သို့) လုပ်ပြီး ဝေငှပေးကမ်းလေ့ရှိသော်လည်း ယခုနှစ်တွင်တော့ မုံလှရွာခံများ ထိုဓလေ့ကို မေ့ထားခဲ့ကြရသည်။

နှစ်စဉ် ဒီဇင်ဘာလဆန်းမှစ၍ ခရစ္စမတ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ခရစ်တော်မွေးဖွားခြင်းကို သီကျူးသည့် ဓမ္မတေးသံများဖြင့် တစ်ရွာလုံးစည်ကားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ပွဲတော်ကာလ နှစ်နှစ်ဖြတ်သန်းရချိန်တွင် မုံလှရွာ၏ ခရစ္စမတ် ဓမ္မတေးသံသာများမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ တိတ်ဆိတ်လာရသည်။

ယခုနှစ် ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို မုံလှရွာရှိ ဘုရားကျောင်းတွင် ပြုလုပ်သော်လည်း လူဦးရေအနည်းငယ်သာ တက်ရောက်နိုင်ခဲ့ကြသည်။ အထက်တွင်ဆိုခဲ့သလို ရွာအနီး စစ်ကြောင်းရောက်နေသည်ဖြစ်၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များမှာ ထိုနေ့တွင်ပင် ရွာကို စွန့်ခွာ ရှောင်တိမ်းခဲ့ကြရသည်။

ထိုအခြေအနေကြောင့် ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅) နံနက်ပိုင်း မုံလှရွာဘုရားကျောင်းတွင် ပြုလုပ်သည့် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားမှာ အကျဉ်းရုံးသာ ဖြစ်ခဲ့ရသည်။

“(ခရစ်ယာန်ဘာသာဝင်တစ်ယောက်အနေနဲ့) ပျော်ရွှင်ရမဲ့အချိန်ကို သိပ်ပြီးတော့ မပျော်နိုင်ဘူးပေါ့” ဟု မုံလှရွာခံ အသက် ၃၀ အရွယ် ကိုစိုးဦး*က ပြောသည်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဘုရားကျောင်းဝင်းအတွင်းရှိ စေတီတစ်ဆူ လက်နက်ကြီးထိမှန်၍ ပျက်စီးနေသည်ကို တွေ့ရစဉ်။

နိုဝင်ဘာလကုန်က စစ်ကောင်စီ ဒုတိယအကြိမ် စီးနင်းမှုအတွင်း မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များထဲတွင် မုံလှရွာတောင်ပိုင်းရှိ ကိုစိုးဦး၏ အုတ်ခံသစ်သား နှစ်ထပ်အိမ် နေအိမ်လည်း ပါဝင်သည်။ ယခုမူ အိမ်ဝိုင်းထဲတွင် အလှူရှင်များထောက်ပံ့သည့် ဝါး၊ မိုးကာတို့ဖြင့် တဲထိုးကာ ကိုစိုးဦးနှင့် မိသားစု နေထိုင်နေရသည်။

ဘဝတူ အိုးအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံအများအပြားမှာမူ ၎င်းကဲ့သို့ ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန်ပင် နောက်ကျောမလုံကြဘဲ လယ်တော၊ ယာတောနှင့် ရပ်ဆွေရပ်မျိုးများရှိရာ အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဟု ကိုစိုးဦးက ဆိုသည်။ အသေးစိတ်ကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

ကိုစိုးဦးမှာ အာဏာမသိမ်းမီက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတစ်ခု လုပ်နေသူဖြစ်သည်။ စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ရာမှ ရရာလက်နက်ဖြင့် ကိုယ့်ရပ်ရွာကို ကာကွယ်ရတော့မည့် အခြေအနေတွင် ခုခံရေးလမ်းစဉ်ကို ကိုစိုးဦးက မမှိတ်မသုန်ရွေးချယ်ထားခဲ့သည်။

စစ်အုပ်စု၏ ကာလရှည် အာဏာချုပ်ကိုင်လိုမှုကြောင့် ၇၄ နှစ်ကြာ အဆုံးမသတ်နိုင်သေးသည့် ပြည်တွင်းစစ်မီး၏ ဒဏ်ကို ယခင်က တိုင်းရင်းသားပြည်နယ်များတွင်သာ ခံခဲ့ရကြသော်လည်း ၂၀၂၁ ဖေ ဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် ပြည်မသို့ပါ ကူးစက်နေသည့် သာဓကများစွာအနက် မုံလှရွာသည် အထေက်အထားတစ်ခုဖြစ်သည်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာ အထက်တန်းကျောင်း ပျက်စီးနေသည်ကို တွေ့ရစဉ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းသည့် ခရစ္စမတ်ကာလများကို လွန်ခဲ့သည့် နှစ်နှစ်မတိုင်မီက ဖြတ်သန်းနိုင်ခဲ့သော်လည်း ယခုမူ တစ်ဆစ်ချိုးပြောင်းလဲသွားသည့် အခြေအနေကိုလည်း ကာဒီနယ်ချားလ်စ်မောင်ဘိုအပြင် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် မာကုတင်ဝင်း၏ ဇာတိရပ်ရွာလည်းဖြစ်သည့် မုံလှက အထင်ရှားပြနေသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းတွင် ခရစ်ယာန်ဘာသာကိုးကွယ်သူ ၃၄၀,၀၀၀ ကျော် ရှိသည်။ ထိုအထဲတွင် မုံလှ၊ ချောင်းရိုး၊ ချမ်းသာ၊ နဘက်ကြီးရွာတို့တွင် နေထိုင်သည့် ကက်သလစ်များလည်း ပါဝင်သည်။

“မနှစ်က ခရစ္စမတ်ကတော့ ဒီနှစ်လောက်တော့ မဆိုးသေးဘူး။ ရွာတွေကလည်း သူ့မိသားစု၊ ကိုယ့်မိသားစု မြိုင်မြိုင်ဆိုင်ဆိုင် စုံစုံလင်လင်ရှိသေးတယ်” ဟု အသက် ၄၀ အရွယ် မုံလှရွာခံ ကိုဇော်ထွန်း * က ပြောသည်။

“(မနှစ်က) အိမ်တွေကလည်း မီးရှို့မခံရသေးဘူးဆိုတော့ တော်တော်လေးတော့ တိတ်တိတ်ပုန်း (တိုးတိုးတိတ်တိတ်) နဲ့ ကောင်းကောင်း (အဆင်ပြေပြေ) လေး ပြီးသွားတယ်။ အသံချဲ့စက်တွေ မဖွင့်တာ အော်ကြီးဟစ်ကျယ်မရှိတာကလွဲလို့ ခါတိုင်းခရစ္စမတ်ကာလလိုပဲ ဖြတ်သန်းသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းတွင် မုံလှသည် စစ်ကောင်စီ၏ ရက်စက်မှုကို သက်သေပြနိုင်သည့် အဆိုးဆုံးသော သာဓကတစ်ခုတော့ မဟုတ်ပါ။ စစ်ကိုင်းတိုင်းရှိ စစ်တပ်ရန်ကြောင့် ထိခိုက်ဆုံးရှုံးရသည့်စာရင်းထဲတွင် ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ရာ ရပ်ရွာများကို ကွက်၍ နှိုင်းယှဉ်ကြည့်လျှင် ရေဦးမြို့နယ်ရှိ ချမ်းသာရွာသည် ဒုတိယနေရာတွင် ရှိသည်။

ခင်ဦးမြို့နယ်၊ မုံလှကျေးရွာ အထက်တန်းကျောင်း မီးလောင်ကျွမ်းထားသည်ကို တွေ့ရစဉ်။

ဘရင်ဂျီခရစ်ယာန်အများစု နေထိုင်ရာ အိမ်ခြေ ၇၀၀ ကျော်ရှိ ရေဦးမြို့နယ်၊ ချမ်းသာရွာကို ၂၀၂၁ အာဏာသိမ်းပြီး သုံးလအကြာမှစ၍ စစ်ကောင်စီက ၁၉ ကြိမ် ဝင်ရောက် စီးနင်းဖူးကာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များ၏ စာရင်းများအရ သိရသည်။

သိုလှောင်စပါး ပမာဏများစွာ မီးလောင်ကျွမ်းပျက်စီးခဲ့သလို စစ်ကောင်စီရန်ကြောင့် အိုးအိမ်ဆုံးရှုံး၊ ရပ်ရွာစွန့်ခွာနေထိုင်ကြရသည်ဖြစ်၍ အဓိကအသက်မွေးဝမ်းကျောင်းအလုပ် လယ်ယာလုပ်ငန်းခွင်ကိုပါ ဒေသခံတို့ ကျောခိုင်းခဲ့ရသည့်အတွက် ချမ်းသာရွာ၏စီးပွားရေးမှာလည်း ချွတ်ခြုံကျလာသည်။

ထိုအခြေအနေတွင် ခရစ်တော်ဖွားမြင်သည့်နေ့ မင်္ဂလာအခါသမယကိုပင် ချမ်းသာရွာခံများမှာ ပျော်ရွှင်စွာ မဖြတ်သန်းနိုင်ကြတော့ပါ။

“ခရစ္စမတ်ကာလမှာ ပွဲလမ်းသဘင်မကျင်းပဖို့ မိန့်ထားတယ်။ ခရစ္စမတ်က ဘယ်မှာသွားလုပ်မှာလဲ။ ဘယ်လိုလုပ်မှာလဲ။ ဘယ်လိုမျက်နှာမျိုးတွေနဲ့ သွားလုပ်ကြမှာလဲ။ လုပ်ဖို့ကတော့ အစီအစဉ်မရှိဘူး” ဟု အသက် ၄၀ အရွယ် ချမ်းသာရွာခံ ကိုမောင်ခိုင်*က ပြောသည်။

စစ်ကိုင်းရှိ ခရစ်ယာန်ဘာသာများ နေထိုင်ရာ ရပ်ရွာများအတွင်း ပျက်စီးဆုံးရှုံးမှုများမှာ မုံလှနှင့် ချမ်းသာ နှစ်ရွာတည်းသာ မဟုတ်ပါ။ စစ်ကောင်စီကြောင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံးစာရင်းတွင် ဘရင်ဂျီခရစ်ယာန်များသာ သီးသန့်နေထိုင်သည့် တန့်ဆည်မြို့နယ် ချောင်းရိုးရွာမှာ ထိပ်ဆုံး၌ ရှိနေသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ချောင်းရိုးရွာကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်စီးနင်းစဉ် သုံးကြိမ် မီးရှိုခဲ့ရာ ယခုအခါ အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ထိုရွာတွင် နေအိမ် ၈၁ လုံးသာ အကောင်းအတိုင်း ကျန်တော့သည်။

လွန်ခဲ့သော ၁၀ လကျော် မတ် ၁၂ရက်တွင် ရေဦး-တန့်ဆည် ကားလမ်းမဘေး၊ ချောင်းရိုးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် သက်တမ်း နှစ် ၁၀၀ ကျော် ခရစ်ယာန်ဘုရားကျောင်း ၅၀ ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးခဲ့ရသည်။

အသက် ၇၀ အရွယ် ခရစ်ယာန်သီလရှင် သုံးပါး အပါအဝင် ဒေသခံ ၂၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခဲ့သလို၊ ချောင်းရိုးရွာကို ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဦးဘိုကြီးနှင့် ၎င်း၏သား အသက် ၃၀ အရွယ် ကိုကုလားတို့ သေဆုံးခဲ့ရသည်။

နိုင်ငံအလယ်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များ အဓိကအခြေချရာ ရပ်ရွာများထဲတွင် ပါဝင်သည့် အထက်ပါ မုံလှ၊ ချမ်းသာ၊ ချောင်းရိုး ဒေသခံများမှာ အိုးအိမ်၊ စီးပွားပျက်စီးဆုံးရှုံးခြင်း၊ စစ်ကောင်စီကြောင့် အချိန်မရွေး ကစဉ့်ကလျား တိမ်းရှောင်ကြရသည်ဖြစ်၍ ဘာသာရေးအထွတ်အမြတ်ကာလ (ခရစ္စမတ်) ကို စိုးရိမ်ထိတ်လန့်စွာ ဖြတ်သန်းနေကြရသည်။

“ကျွန်တော်တို့စိတ်ထဲမှာ ခရစ္စမတ်ဆိုတာတော့ ရှိတယ်။ လောလောဆယ်တော့ စစ်ကောင်စီကို တော်လှန်ဖို့ပဲ အဓိကထားတယ်” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ချောင်းရိုးရွာခံ အသက် ၃၀ အရွယ် ကိုမျိုး*က ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့၌ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွေ့ရ သည့် ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်မောင်ဘို။

ထိုအခြေအနေတွင် ကက်သလစ်ဘာသာဝင်ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး သီတင်းသုံးရာ ဥရောပရှိ ဗာတီကန်နန်းတော်က မြန်မာပြည်သာသနာပိုင်အဖြစ် ၂၀၁၅ ခုနှစ်တွင် ခန့်အပ်ထားသူ မုံလှရွာခံ ချားစ်မောင်ဘိုက ပထမနှစ် (၂၀၂၁) ခရစ္စမတ်တွင် ရန်ကုန်မြို့ Holy Cathedral Church ဘုရားကျောင်း၌ စစ်ခေါင်းဆောင်နှင့် လက်ချင်းယှက်၍ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ကိတ်မုန့်ကို ခွဲခဲ့သည်။

စစ်ကောင်စီက မုံလှကဲ့သို့ နိုင်ငံအလယ်ပိုင်းမှ ခရစ်ယာန်ဘာသာဝင်တို့အပေါ် တိုက်ခိုက်မှု၊ ကယား (ကရင်နီ) နှင့် ချင်းပြည်နယ်တို့ရှိ ဘာသာရေးကျောင်းများကို စစ်တပ်က ပစ်မှတ်ထား ဖျက်ဆီးမှုများ အရှိန်မြင့်နေသည့် ယခုနှစ်တွင်မူ ထိုဘုရားကျောင်း၌ပင် စစ်ခေါင်းဆောင်ထံ အထက်ပါအတိုင်း Home Sweet Home စာတန်းပါ လှပသည့် ကျောက်စီပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့သည်။

၂၀၂၁ အာဏာသိမ်းပြီး သုံးရက်အကြာတွင် “နိုင်ငံ့သမိုင်းတွင် အမှောင်ထုကျနေသည်ကို ဝမ်းနည်းကြေကွဲစွာ ကြည့်ရှုနေခဲ့ရသည်” ဟု သတင်းထုတ်ပြန်ဖူးသည့် ချားစ်မောင်ဘိုထံ ဆက်သွယ်မေးမြန်းခွင့်ရရန် ကြိုးပမ်းနေသော်လည်း မရသေးပေ။

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။

သို့သော် နိုင်ငံအနှံ့ဖြစ်နေသည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံး အပြန်အလှန်ဆွေးနွေးကြရန် ချားစ်မောင်ဘိုက RFA သတင်းဌာနကို ဒီဇင်ဘာလဆန်းပိုင်းတွင် ပြောထားသည်။

ယင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၏ လေသံနှင့် ထပ်တူကျသည့်နှယ်ပင်။ နိုင်ငံအနှံ့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များပါ သုံး၍ တိုက်ခိုက်နေသည့် စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားသည်ဟု ဒီဇင်ဘာ ၂၃ ရက် Holy Cathedral Church ဘုရားကျောင်းတွင် ချားစ်မောင်ဘိုနှင့်အတူ ကျင်းပသည့် ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် ပြောခဲ့သည်။

လက်တွေ့မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေသည့် စစ်ကောင်စီ၏ ရမ်းကားမှုများကြောင့် ညှိနှိုင်းဆွေးနွေးရန်ဟူသည့် ပြောဆိုချက်များမှာ လက်တွေ့မကျဟု နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ အထက်ပါ ကက်သလစ်ဘာသာဝင်များက ပြောကြသည်။

“အခုက ညှိနှိုင်းလို့ မရတော့လို့ လက်နက်ကိုင်တိုက်နေတာလေ။ ညှိနှိုင်းလို့ရရင် ပြီးခဲ့မှာကို။ အခုမှတော့ ညှိနှိင်းဖို့ဆိုတာ မရှိတော့ဘူး။ သူတို့ဘက်က အရှုံးပေးရင်ပေး၊ ကိုယ့်ဘက်က အရှုံးပေးရင်ပေး ဒါပဲရှိမှာ။ တစ်ယောက်ယောက်က နိုင်မှဖြစ်မှာ။ ဒါမှ နိုင်ငံရေးက အေးဆေးပြီးသွားမှာ” ဟု ကိုမျိုးက ပြောသည်။

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။

သို့သော် ၎င်းတို့၏ သာသနာအတွက် နိုင်ငံကို ကိုယ်စားပြုနေသည့်၊ ရပ်ရွာ၏ ဂုဏ်ကို ဆောင်နေသည့် မုံလှရွာသား ကာဒီနယ် ချားစ်မောင်ဘိုအပေါ် မုံလှ၊ ချမ်းသာ၊ ချောင်းရိုးရွာခံ အထက်ပါ ခရစ်ယာန်ဘာသာဝင် သတင်းရင်းမြစ်များက ထုတ်ဖော်ဝေဖန်လိုခြင်းမရှိကြပါ။ 

စစ်အာဏာရှင်များကြောင့် ကမ္ဘာတွင် ပြည်တွင်းစစ်အရှည်ကြာဆုံး စာရင်းဝင်နေသည့် မြန်မာကို ဒီတစ်ကြိမ်တွင် ပြည်သူအများအပြားပါဝင်သည့် ခုခံတော်လှန်စစ်ဖြင့် လုံးဝဥဿုံကယ်တင်နိုင်မည့် အရေးကိုသာ မြန်မာနိုင်ငံအလယ်ပိုင်းမှ ခရစ်ယာန်ဘာသာဝင်အချို့က ရည်သန်ထားကြသည်။

“ခရစ္စမတ်ဆိုတာက တစ်နှစ်မှ တစ်ခါပဲလေ။ နောက်နှစ်ကတော့ သေချာပေါက်လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု ကိုမျိုးက ဆိုလိုက်သည်။

(*လုံခြုံရေးအရ သတင်းရင်းမြစ်များ၏ အမည်များကို လွှဲထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button