ဆောင်းပါး

တန်ဖိုးမဲ့လာသည့် ကျပ်ငွေနှင့် ဒုက္ခဝေနေရသည့် ပြည်သူ 

စစ်တပ် အာဏာမသိမ်းခင် တစ်ရက်အလို ၂၀၂၁ ဇန်နဝါရီ ၃၁ တွင် အမေရိကန်ဒေါ်လာ ၁၀၀ ၏ ပေါက်စျေးမှာ ကျပ် ၁၃၀,၀၀၀ ဖြစ်သည်။ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာ လက်ရှိကာလတွင်မှု ထိုကျပ်ငွေပမာဏသည် ၃၉ ဒေါ်လာနှင့်သာ ညီမျှတော့သည်။

အဆိုပါ ကျပ်ငွေပမာဏရှိသူက သူ့ငွေသူ ကိုင်ထားရင်း တစ်နှစ်ခွဲကာလအတွင်း ၆၁ ဒေါ်လာ ဆုံးရှုံးသွားသည့် သဘောဖြစ်သည်။ ကိုင်ဆောင်ထားသည့် ကျပ်ငွေပမာဏ ပိုများလေ ပိုမို ဆုံးရှုံးသွားလေ ဖြစ်သည်။ တစ်နှစ်ခွဲကျော် ကာလအတွင်း ကျပ်ငွေတန်ဖိုး ၆၁ ရာခိုင်နှုန်း ကျဆင်းခြင်းအကျိုးဆက်က ပြည်ပသွင်းကုန် အဓိက မှီခိုနေရသည့် မြန်မာပြည်သူတို့ကို ကြီးမားစွာ သက်ရောက်လာသည်။ 

ငွေတန်ဖိုး ကျလာခြင်းကြောင့် ဒေါ်လာပေး၍ ဝယ်ယူကာ ပြည်ပမှ တင်သွင်းရသည့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ စက်သုံးဆီနှင့် စားသုံးဆီဈေးနှုန်းများ ပြည်တွင်း၌ မြင့်တက်လာခဲ့သည်။

စစ်အာဏာသိမ်းမှု၊ အာဏာရှင်၏ ထင်ရာစိုင်းမှု နောက်ဆက်တွဲအဖြစ် ထိုသို့ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ အထွေထွေကျပ်တည်းမှုလှိုင်းကို မြန်မာနိုင်ငံအတွင်းရှိ လူတန်းစားအလွှာအသီးသီးတို့ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ အဓိက ခံစားနေကြရသူများမှာ လက်လုပ်လက်စား အခြေခံလူတန်းစားများ၊ အသေးစားလုပ်ငန်းရှင်များနှင့် လူငယ်များပင် ဖြစ်သည်။ 

နေထိုင်စားသောက်စရိတ်ကြီးမြင့်လာ

ရန်ကုန်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက စျေးဝယ်ထွက်သည့်အခါ တွေ့ရ ကြားရသည့် စျေးနှုန်းအပြောင်းအလဲကြောင့် မူးလဲမည်ကို စိုးရိမ်ရသဖြင့် ရှူဆေး ဆောင်ထားရသည်ဟု ဆိုသည်။

“အိမ်ရှင်မတွေ သွေးတက်နေပါတယ်။ ဈေးသွားရင် အဘထ ရှူဆေး ဆောင်ပါတယ်။ ရေဆာလို့ မသောက်ရဲအောင် ရေသန့်တစ်ဘူးက ၁,၀၀၀ ဖြစ်နေပါပြီ။ ငရုတ်သီးမှုန့်တောင် ၁၀ သား ၁,၈၀၀ ဆိုတော့ မြန်မာနိုင်ငံက ငါးပိရည်တောင် ချွေတာစားရမလို ဖြစ်နေပြီ” ဟု မိသားစုအတွက် စျေးဝယ်ထွက်ရသူ၊ အိမ်နှင့် မီးဖိုဆောင်ကို စီမံခန့်ခွဲရသူ ဒေါ်ရွှေကြည်က ဆိုသည်။

ပြည်တွင်း ထွက်ရှိသည့် အခြေခံစားသောက်ကုန် “ဆန်” သည်ပင်လျှင် မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်လာခြင်းကြောင့် ဈေး ဆက်တိုက် တက်လာသည်။ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေပြီး မီးရှို့ခံနေရသည့်စစ်ကိုင်းတိုင်းတွင် စပါးမစိုက်နိုင်ကြတော့ပေ၊ ရွှေဘိုပေါ်ဆန်းဆို စျေးအကြီးအကျယ်တက်လာသည်။ 

ဇူလိုင်လမှ စက်တင်ဘာလ ပထမပတ်အထိ နှစ်လကျော် ကာလအတွင်း ဇီယာဆန် ၁၂ ပြည်အိတ် တစ်အိတ်လျှင် ကျပ် ၄၃,၀၀၀ မှ ၄၉,၀၀၀ ဖြစ်လာပြီး ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၀,၀၀၀  မှ ၁၇,၀၀၀ ဖြစ်လာသည်။

တစ်ပိဿာ ၂,၀၀၀ စျေးပေါက်သော ကြက်သွန်နီ၊ တစ်ပိဿာ ၈,၀၀၀ စျေးပေါက်သော စားအုန်းဆီတို့မှာ နှစ်ဆ တက်သွားသည်။

စားအုန်းဆီ ၅၀ သား လျှော့စျေးနှင့် ဝယ်ယူခွင့်ရရန် တန်းစီစောင့်ဆိုင်းနေသူတို့ကို ၂၀၂၂ သြဂုတ်လက ရန်ကုန်မြို့တွင် တွေ့ခဲ့ရသည်

ပြည်ပမှ တိုက်ရိုက်တင်သွင်းသည့် စာအုန်းဆီသည် ဈေးအကြီးအကျယ်တက်ရသည့် အကြောင်းရင်းထဲတွင် မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေးတက်ခြင်း၊ ဒေါ်လာရှားပါးခြင်းတို့ ပါဝင်သည်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သြဂုတ် ၃၁ ထုတ်ပြန်ချက်တွင်မူ အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှု သက်သာစေရန် ကုန်စည်ပို့ဆောင်ရာတွင် အဓိက အသုံးပြုသော စက်သုံးဆီကဏ္ဍအတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ပေးမည်ဟု ဆိုထားသည်။

စစ်ကောင်စီက ကနဦးတွင် စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများတင်သွင်းရန် လိုအပ်သည့်ဒေါ်လာကို ဗဟိုဘဏ်ဈေးဖြင့် ရောင်းချပေးခဲ့ပြီး သတ်မှတ်ဈေးဖြင့် ဖြန့်ဖြူးစေခဲ့သည်၊ နောက်ပိုင်းတွင် စစ်ကောင်စီကိုယ်တိုင် ဒေါ်လာနည်းပါးမှုကြောင့် ထိုကုန်ပစ္စည်းများအတွက် ဒေါ်လာလုံလုံလောက်လောက် ရောင်းချမပေးနိုင်တော့ကြောင်း စီးပွားရေးအခြေအနေ စောင့်ကြည့်လေ့လာနေသော သတင်းသမားတစ်ဦးက ပြောသည်။

“ဒါကြောင့် ကုန်သည်တွေက အပြင်ဈေးကွက်က ဒေါ်လာတွေဝယ်ပြီး တင်သွင်းရတာဖြစ်လို့ စက်သုံးဆီ၊ စားသုံးဆီဈေးတွေ တဟုန်ထိုးတက်လာပါတယ်။ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ ရောင်းချပေးတဲ့ ဆီကားတွေမှာ တန်းစီဝယ်နေကြရပါတယ်” ဟု သူက ပြောသည်။

သို့သော် ဗဟိုဘဏ်၏ ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မှုသည် ရေတို ကုစားခြင်းမျိုးသာ ဖြစ်နိုင်ကြောင်းကို စက်တင်ဘာ ၄ တွင် စီးပွားကူးသန်းဝန်ကြီးဌာနက သတ်မှတ်သည့် စားအုန်းဆီရည်ညွှန်းဈေး တိုးမြင့်မှုလာမှုက သက်သေပြနေသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်တင်ဘာ ၄ ရက်နေ့တွင် သတ်မှတ် ထုတ်ပြန်ထားသည့် စားအုန်းဆီရည်ညွှန်းဈေး သို့မဟုတ် ဈေးကွက်တွင် ရောင်းချရန် သတ်မှတ်ထားသည့်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၅,၂၂၀ ဖြစ်သည်။

သြဂုတ်လကုန်ပိုင်း သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၁၀ ကျပ် ထပ်မံ မြင့်တက်လာခြင်း ဖြစ်သည်။ ပြင်ပဈေးကွက်တွင်မူ စားအုန်းဆီ တစ်ပိဿာလျှင် ပျှမ်းမျှ ၁၃,၀၀၀ ခန့်ဖြင့် ပေးဝယ်နေကြရသည်။

အခြေခံစားသောက်ကုန်နှင့် သယ်ယူပို့ဆောင်ခများ မြင့်တက်လာမှုကြောင့် လုပ်ငန်းနှင့် ပတ်သက်သည့် အသုံးစရိတ်များ လျှော့ချလာရသည်ဟု ရန်ကုန်မှ အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။

“မြန်မာငွေ တန်ဖိုးအရမ်းကျတော့ အရင်ခေတ်ကောင်းတုန်းက နှစ်ချီ စုထားသမျှ အခု ကာလမှာတော့ ရင်းလိုက်၊ ကုန်လိုက်နဲ့ပဲ လုံးပါးပါးနေပါပြီ။ အရင် ခေတ်ကောင်းတုန်းက ဝယ်ထားတဲ့ မုန့်ကားနှစ်စီးနဲ့ မြေကွက်တွေကို အခုကာလမှာ တချို့ကို ထုတ်ရောင်းလိုက်ရတယ်” ဟု အသေးစား အိမ်တွင်းစားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် မဝေဝေက ညည်းတွားပြောဆိုသည်။ 

“အရင်က Mazin Vegetable Oil ဆို ကုမ္ပဏီက လာချပေးတာ ပုံး ၅၀၊ ၁၀၀ ယူနေကျ။ ဈေးကတော့ ၂၃,၀၀၀ အများဆုံးပဲ။ အခုဈေးက ၁၀၀,၀၀၀ ကျော် ဆိုတော့ ဆီလည်း အရမ်း မဝယ်နိုင်တော့တဲ့အတွက် ဆီအရမ်းကုန်တဲ့ မုန့်တွေ လျှော့ချလိုက်ရတာပေါ့”

၂၀၂၂ သြဂုတ်လက ရန်ကုန်မြို့ရှိ ထမင်းဟင်း အလှူပေးသည့်နေရာတစ်ခုတွင် တန်းစီနေကြသူများ

ဝင်ငွေမတိုး၊ ရသည့်ငွေ တန်ဖိုးမရှိ၍ ရေကြည်ရာရှာဖွေခြင်း

ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရသည့် လစာဝင်ငွေ မကာမိတော့ခြင်း၊ အလုပ်အကိုင် ရှားပါး ခက်ခဲလာခြင်းတို့က လူငယ်များကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဖိအား ဖြစ်လာစေပြန်သည်ဟု ရန်ကုန်၌ ကုမ္ပဏီဝန်ထမ်းအဖြစ်  လုပ်ကိုင်နေသူ မနန္ဒာက ပြောသည်။ 

“ဒီမှာ အလုပ်ရှိပေမဲ့ အရင်လိုရတဲ့ လစာနဲ့ ကုန်ဈေးနှုန်း တက်နေတာနဲ့ မကာမိဘူးဖြစ်နေတယ်။ ကျန်းမာရေးမကောင်းတဲ့လဆိုရင် လောက်ငမှု မရှိတော့ဘူး။ ဒေါ်လာဈေးတွေကလည်း တက်လာတော့ Agent (အကျိုးဆောင်)နဲ့ သွားဖို့ကလည်း  အဆင်မပြေတော့ဘူး။ ဒါကြောင့် ဒီကနေ အလုပ်လျှောက်နေတယ်။ အင်တာဗျူး အောင်ပြီး အလုပ်ရရင်တော့ ထွက်လုပ်တော့မှာ” ဟု သူက ပြောသည်။ 

ထိုင်း၊ မလေးရှား၊ ဂျပန် စသည့် နိုင်ငံများကို ရွေးချယ်လာကြပြီး စွန့်စားပြီး သွားရောက်မည့် ခရီးအတွက် ကုန်ကျစရိတ် သိန်းဆယ်ချီကို ချေးယူကြရာတွင် လပေါင်းများစွာ စောင့်ဆိုင်းနေရသည့်ကာလတွင် အတိုးငွေတက်လာခြင်း၊ မရိုးသားသည့်အကျိုးဆောင်လုပ်ငန်းကို ရွေးချယ်မိသဖြင့် ငွေကြေး ဆုံးရှုံးရခြင်း စသည့် ပြဿနာများလည်း ရှိလာသည်။ 

ရန်ကုန်၌ အခန်းငှား နေထိုင်ပြီး ကုမ္ပဏီတွင် အလုပ်လုပ်နေသူတစ်ယောက်အတွက် တစ်လ အခန်းငှားခ-ကျပ် ၂၅၀,၀၀၀ ၊ စားသောက်စရိတ် ပျှမ်းမျှ ၁၅၀,၀၀၀၊ ဖုန်းနှင့် အင်တာနက် ၃၅,၀၀၀ တို့မှာ အနည်းဆုံးတွက်ချက်ထားသည့် စရိတ် ဖြစ်သည်။ 

မီတာခ ၁၅,၀၀၀၊ အလုပ် အသွားအပြန် ခရီးစရိတ် ၃၀,၀၀၀ တို့ကိုပါ ပေါင်းလိုက်လျှင် လစဉ် ပျှမ်းမျှ  ၅၀၀,၀၀၀ နီးပါး ကုန်ကျနေသည်။

အဆိုပါ ကုန်ကျစရိတ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့် မြင့်တက်လာခြင်း ဖြစ်သည်ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မစီစီက ဆိုသည်။ 

“ဒီကာလထဲ လစဉ်ပုံမှန်စားဖို့၊ နေဖို့ ကလွဲပြီး ကျန်တာ မစဉ်းစားရဲဘူး။ အရင်ကဆိုရင်တော့ လစာရတာကို နေဖို့၊ စားဖို့အပြင် သင်တန်းတက်ဖို့၊ ခရီးထွက်ဖို့၊ ပိတ်ရက် အိမ်ပြန်ဖို့ဆိုပြီး ခွဲခြမ်းလို့ ရသေးတယ်။ ခုက ထုတ်တဲ့ လစာက တူပေမဲ့ ကုန်ကျစရိတ်က မြင့်လာတော့ သုံးစွဲရနှုန်းက ကျသွားတယ်ပေါ့” ဟု ၎င်း ကြုံတွေ့နေရသည့် အခက်အခဲကို ပြောသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် စောင့်ဆိုင်းနေသူများကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။

အာဏာသိမ်းမှု နောက်ဆက်တွဲ

ယခုကဲ့သို့ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းသည် စစ်ကောင်စီက ဒေါ်လာကို အတင်းအကျပ်ထိန်းချုပ်ထားခြင်းနှင့် အဓိကသက်ဆိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေ လဲလှယ်နှုန်း နှုန်းရှင်ထားရှိမှုကို ဖယ်ရှားလိုက်ပြီး ဈေးကွက် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ တရားဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို နှုန်းသေဖြင့် သတ်မှတ်ခဲ့သည်။ နိုင်ငံခြားငွေ လဲလှယ်ရာတွင် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ သို့သော် ဝယ်လိုအား များခြင်းကြောင့် တရားဝင်သတ်မှတ်နှုန်းနှင့် ပြင်ပဈေးကွက်ပေါက်ဈေးသည် များစွာ ကွာဟခဲ့သည်။

အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မဝင်တော့ခြင်း၊ ရှိနှင့်ပြီးသော နိုင်ငံခြားလုပ်ငန်းစုများ ထွက်ခွာခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ လုပ်ငန်းများ မလည်ပတ်နိုင်တော့၍ ပို့ကုန်ဝင်ငွေ လျော့နည်းလာခြင်း စသည့် အချက်များနှင့်အတူ ဒေါ်လာရရှိမှု နည်းလာကာ ဒေါ်လာလိုအပ်ချက် များလာခဲ့သည်။ ယင်းအကျိုးဆက်အဖြစ် ရောင်းလိုအား ဝယ်လိုအား သဘောအရ ငွေလဲလှယ်နှုန်း အဆမတန် မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး များစွာ ကျဆင်းလာရသည်။

စစ်ကောင်စီက ဒေါ်လာဈေးကို ဧပြီတွင် ၁၈၅၀ ကျပ် သတ်မှတ်ခဲ့ပြီး ဩဂုတ်လဆန်းတွင် ၂၁၀၀ ဟု ပြောင်းလဲလိုက်သည်။ သို့သော် ထိုဈေးနှုန်းဖြင့် မည်သူမျှ အရောင်းအဝယ်မလုပ်ပေ။ လက်ရှိ ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး ၃၅၀၀ ဝန်းကျင် အရောင်းဝယ်ဖြစ်နေသည်။

ဒေါ်လာစျေးကို ရောင်းလိုအားနှင့် ဝယ်လိုအားအရ မဟုတ်ဘဲ ပုံသေသတ်မှတ်ခြင်းမှာ ငွေစျေးကမောက်ကမဖြစ်မှု၏ အကြောင်းရင်းတစ်ခု ဖြစ်လာသည်ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

၂၀၂၂ သြဂုတ်လ ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုတွင် တွေ့ရသည့် ကုန်တင်ကုန်ချ အလုပ်သမားများ။

“ဒေါ်လာဈေးကို ပုံသေသတ်မှတ်ထားတော့ ပြည်သူတွေ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု အားနည်းလာတာက တစ်ကြောင်း၊ အာဏာသိမ်းမှုကြောင့် ပြည်တွင်း မငြိမ်သက်မှုတွေ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ထွက်သွားတာက တစ်ကြောင်း၊ ဒီလို အကြောင်းကြောင်းတွေကြောင့် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ရှားပါးလာပြီး တိုင်းပြည်တစ်ခုလုံး စီးပွားရေးကျပ်တည်းမှုတွေ ဖြစ်ပေါ်နေရတာ ဖြစ်တယ်” ဟု သူက မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ မူဝါဒများနှင့် ကိုင်တွယ်စီမံပုံများအရ ပြည်တွင်းမငြိမ်သက်မှု ဆက်ပြီး တည်ရှိနေဦးမည့် အလားအလာများ တွေ့နေရသည်။ နိုင်ငံအနှံ့ ဖမ်းဆီးမှု၊ အိမ်မီးရှို့မှု၊ သတ်ဖြတ်မှုများ နေ့စဉ် ဖြစ်ပွားဆဲအခြေအနေတွင် ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်ရန် ကြိုးစားနေသည်ဟု စစ်ကောင်စီက ပြောသည်။ ရွေးကောက်ပွဲ ဖြစ်သလိုလုပ်ပြီး စစ်ခေါင်းဆောင်က သမ္မတအဖြစ် အသွင်ပြောင်းခြင်း၊ အာဏာဆက်သိမ်းထားပြီး ပိုမိုးဆိုးရွားသော အခြေခံဥပဒေသစ်ရေးဆွဲရန် ကြိုးစားခြင်း စသည်တို့ ခုခံစစ်နှင့် အကြီးအကျယ်ရင်ဆိုင်နေရသည့် စစ်ကောင်စီ ရွေးချယ်မည့် နည်းလမ်းများ ဖြစ်နေရာ နိုင်ငံရေး၊ စီးပွားရေး ပုံမှန်အခြေအနေ ပြန်ရောက်ရန် မမျှော်လင့်နိုင်သေးပေ။

ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင်လည်း မြန်မာ၏ ငွေကြေးဖောင်းပွနှုန်းသည် မတ်လတွင် ၁၇ ရာခိုင်နှုန်းကျော်ရှိသည်ဟု ဖော်ပြထားကြောင်း စီးပွားရေးဆိုင်ရာသတင်းသမားတစ်ဦးက ထောက်ပြသည်။

“ကုန်ဈေးနှုန်းကြီးမြင့်လာတယ်ဆိုတာက ငွေကြေးဖောင်းပွခြင်းဖြစ်ပါတယ်။ ငွေကြေးဖောင်းပွခြင်းက ငွေစက္ကူတွေ ရိုက်နှိပ်သုံးစွဲခြင်းကြောင့်ဖြစ်ပါတယ်” ဟု သူက ပြောသည်။

“စစ်ကောင်စီက လိုအပ်တဲ့ ဘဏ္ဍာရေးလိုငွေတွေအတွက် ငွေစက္ကူအသစ်တွေ ရိုက်နှိပ်သုံးစွဲမှုကြောင့် ဈေးကွက်ထဲမှာ လည်ပတ်ငွေပမာဏ တိုးလာပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုနဲ့ ဒေါ်လာအကျပ်အတည်းကြောင့် ကုန်ထုတ်လုပ်ငန်းတွေက မလည်ပတ်နိုင်ဘဲ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေရှားလာပါတယ်။ ကုန်ဈေးနှုန်းတွေတက်လာပါတယ်။ လူတွေလက်ထဲမှာရှိတဲ့ ငွေတွေက တန်းကြေးမရှိဖြစ်လာပါတယ်”

၂၀၂၂ သြဂုတ်လက ရန်ကုန်မြို့ရှိ ထမင်းဟင်း အလှူပေးသည့်နေရာတစ်ခုတွင် တန်းစီနေကြသူများ

ပြီးခဲ့သည့် ဇူလိုင်လက ကောက်ယူသည့် ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း PMI (Purchasing Managers Index) တွင် ဖော်ပြသည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လေးလဆက်တိုက် ကျဆင်းလျက် ရှိကြောင်း S&P Global မြန်မာထုတ်လုပ်မှု PMI စစ်တမ်းတွင် ဖော်ပြထားသည်။ 

“ကျပ်ငွေနဲ့ ငွေလဲနှုန်း ဆက်လက် ကျဆင်းလာနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်တွေ ပြတ်တောက်မှု ရှိနေတဲ့အတွက် ဈေးနှုန်းတွေ ရှေ့ဆက်ပြီး မြင့်တက်လာဖို့ များပါတယ်” ဟု S&P Global ၏ စီးပွားရေးပညာရှင် Maryam Baluch က အဆိုပါ စစ်တမ်းကို မှတ်ချက်ပေးထားသည်။

အဆိုပါ PMI အညွှန်းကိန်း စစ်တမ်းကို ထုတ်လုပ်သူ ၄၀၀ ခန့် ပါဝင်သည့် အဖွဲ့အစည်းတစ်ခုက ထုတ်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများမှ ရရှိခဲ့သည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်း ဖြစ်သည်။ 

ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း ယခု ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်ရှိနေကာ ဆယ်စုနှစ် တစ်ခုစာ ကြိုးပမ်းမှု ဖြစ်သည့် ဆင်းရဲမှု လျော့ကျရေး ‌ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိသည်ဟု ဆိုထားသည်။

ဤသို့သော အခြေအနေများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားစေသည်ဟု ရန်ကုန်မှ အငယ်စား စားသောက်ကုန်လုပ်ငန်းပိုင်ရှင် မဝေဝေက ပြောသည်။ 

“အခြေခံစားသောက်ကုန်တွေကိုတောင် အခြေခံလူတန်းစားတွေ စားနိုင်တဲ့ ဈေးတစ်ခုထိ မထိန်းပေးထားနိုင်တော့ ကျမတို့ စီးပွားရေးလုပ်ငန်းက ပိုပြီးတော့ ဆိုးသွားဖို့ပဲ ရှိတော့တယ်။ ကုန်ဈေးနှုန်းတွေ ဒီထက် ထပ်တက်လာရင်တော့ လုံးဝ ရပ်ပစ် လိုက်ရတော့မယ်။ အသိလုပ်ငန်းတွေလည်း ရပ်ကုန်ကြပြီ” ဟု မုန့်လုပ်ငန်းလုပ်ကိုင်နေသူ မဝေဝေက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button