
လက်ထဲတွင် ကျပ် ၁၀၀၀တန် ငွေစက္ကူနှင့် အကြွေအချို့ ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး တစ်နှစ်သားအရွယ် ကလေးချီထားသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဆေးဆိုင်အတွင်း ဝင်လာသည်။
အလိုရှိသည့် ဆေးအမည်ပြောပြီးနောက် ထိုအမျိုးသမီးက လက်ထဲတွင်ပါသည့် ငွေကို ပေးလိုက်ချိန်တွင် “အစ်မ ပိုက်ဆံလိုသေးတယ်” ဟူသည့် အသံ ဆိုင်ဝန်ထမ်းထံမှ ထွက်လာသည်။ ကလေးချီထားသည့် အမျိုးသမီး ခေတ္တ တွေဝေသွားသည်။ ဈေးပင်ပြန်မေးတော့ဘဲ ဆေးဆိုင်ထဲမှ ထွက်သွားသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ၃ ရာခိုင်နှုန်းအောက်ဖြင့် နိုင်ငံတွင်း အလုပ်လက်မဲ့ အနည်းဆုံး စာရင်းဝင်ကာ အိုးပိုင်အိမ်ပိုင် ၈၀ ရာခိုင်နှုန်းခန့်ရှိသည့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်၏ ဩဂုတ်လ မနက်ခင်းတစ်ခုတွင် ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ဆေးဆိုင်ဝန်ထမ်းကို အခြေအနေမေးကြည့်ရာ ကလေးချီထားသော အမျိုးသမီး အလိုရှိသည့် ဆေးမှာ PB Vita – L Syrup ကလေးအားဆေးဖြစ်ပြီး ပြီးခဲ့သည့်လအထိ ကျပ် ၁,၀၀၀ ကျော်ဖြင့် ဝယ်နိုင်သည်ဟု သိရသည်။ ယခုမူ ဖြစ်လာနိုင်ခြေများကိုပါ ထည့်သွင်း တွက်ဆ၍ ကျပ် ၃,၀၀၀ ဝန်းကျင်ဖြင့် ပြန်ရောင်းနေရသည်ဟု ဆိုင်ဝန်ထမ်းက ဆိုသည်။
“(အရင်က ကျပ်) ၉၅၀ ဝယ်ရတဲ့ပစ္စည်းက နောက်တစ်ခါ ဝယ်ရင် ၁၁၀၀ လောက် ဝယ်ရတဲ့အခါကျတော့ ရောင်းရတာ ခက်လာတယ်။ တက်တဲ့နှုန်းကလည်း တစ်ပတ်တစ်ခါလောက်ပဲ ခြားတော့သလိုဖြစ်နေတယ်” ဟု ဆေးဆိုင်ပိုင်ရှင် ဒေါ်နီလာ*က ရှင်းပြသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း တစ်နေ့တခြား နှုန်းထားအလွန်တက်နေသည့် ဒေါ်လာဈေးကြောင့် ပြည်ပမှသွင်းရသည့် ပစ္စည်းများရှားပါး ပြတ်လပ်၊ မကြာခဏ ဈေးခုန်တက်နေသည့် စာရင်းတွင် အိမ်သုံး အခြေခံဆေးဝါးများလည်း ဘေးမကင်းဖြစ်နေရသည်။ ဩဂုတ်လကုန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၄,၀၀၀ ကျော်အ ထိရောက်လာသည်။
ထိုအခြေအနေတွင် Decolgen, Enervon – C ကဲ့သို့သော ဈေးကွက်တွင် လူသုံးများသည့် ဆေးများမှာ အာဏာမသိမ်းမီ ပေါက်ဈေးထက် ၄၇ ရာခိုင်နှုန်းကျော် ဈေးတက်သွားသည်ဟု အထက်ပါ ဆေးဆိုင်ပိုင်ရှင်ထံမှ သိရသည်။
နာမည်ကြီးသည့် ဖျားနာပျောက်ဆေး Decolgen Forte ၁၀ လုံးပါ တစ်ကတ်လျှင် ယခင်က ကျပ် ၅၀၀ ဝန်းကျင်သာ အရင်းရှိရာမှ ယခု ၁၀၀၀ နီးပါးထိ ဈေးတက်လာသော်လည်း လိုသလောက် ဝယ်မရဟု ဒေါ်နီလာက ပြောပြသည်။
“ငွေကြေးဖောင်းပွသွားတာပေါ့။ … အခြေခံဝင်ငွေကနည်းတော့ တက်လာတဲ့ဈေးနှုန်းတွေကို လူတွေက မလိုက်နိုင်တော့ဘူး။ …(ကုမ္ပဏီတွေကလည်း) လိုသလောက်မပေးနိုင်ဘူး။ ခွဲတမ်းနဲ့ပဲ ပေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထိုဘေးဒဏ်မှာ စီးပွားရေးမြို့တော်လည်းဖြစ်၊ တစ်နိုင်ငံလုံးသို့ ကုန်စည်မျိုးစုံ ဖြန့်ဖြူးရာလည်းဖြစ်သည့် ရန်ကုန်မြို့တွင်လည်း ရိုက်ခတ်သည်။ တက်မြဲတက်နေသည့် ကုန်ဈေးနှုန်းကြောင့် အရင်းလည်းရှုံး၊ အမြတ်လည်းဆုံးနေသည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကုန်စုံဆိုင်ဖွင့်ထားသူ ကိုထွန်းထွန်း*ကလည်း ညည်းသည်။
ဆန်တစ်အိတ် ကျပ် ၇၀,၀၀၀ ဖြင့် လက်လီရောင်းချပြီးနောက် ကုန်စည်ဒိုင်မှ ပြန်ဝယ်ချိန်တွင် ၇၅,၀၀၀ ဝန်းကျင်ပေးနေရသည့် အခြေအနေမျိုးဖြစ်နေကြောင်း ၎င်းက နမူနာပေး၍ ပြောသည်။
“လက်ကားဖြန့်ချိရေးလုပ်တဲ့ ဥစ္စာ(ကုန်စည်ဒိုင်)တွေ အဖြန့်ရပ်ထားတာတွေ အများကြီးရှိတယ်” ဟု ကိုထွန်းထွန်းက ပြောသည်။
အာဏာမသိမ်းမီက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ဝန်းကျင်သာရှိရာမှ ဩဂုတ်လကုန်တွင် ၄,၀၀၀ ကျော်အထိ ဖြစ်လာပြီး မြန်မာငွေတန်ဖိုး ကျဆင်းနေချိန်တွင် ရင်းနှီးငွေရှိသည့် ဆိုင်ပိုင်ရှင်များကိုပင် ထိုဂယက် ရိုက်ခတ်နေရာ အခြေခံလူတန်းစားတို့မှာ ဆိုဖွယ်ရာမရှိသည့်ကိန်း ဆိုက်နေသည်။
ကန်စွန်းရွက်တစ်စည်း ၄၀၀ ဖြစ်နေချိန်တွင် ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက်၊ သား၊ ငါး မည်သည့် အခြေခံစားသောက်ကုန်ကိုမှ ဈေးမမေးရဲသည်အထိ စိုးရွံ့နေရကြောင်း စက်ရုံအလုပ်သမားအများစု နေထိုင်သည့် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ သား၊ သမီး ၃ ဦး၏ ဖခင် ကိုခိုင်ထွန်း*က ပြောသည်။
“စီးပွားရေးအခြေအနေရယ်၊ ကုန်ဈေးနှုန်းအခြေနေရယ်ကြောင့် ကျဉ်းထဲကျပ်ထဲ ရင်ဆိုင်နေရတယ်။ နောက်ဆုံးအဆင့် ထမင်းတစ်နပ် လျှော့စားရမလားဆိုတာတောင် ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
နေ့စဉ် အစားအသောက်စာရင်းတွင် ဆန်နှင့် သားငါးကို ဖယ်ထုတ်တော့မည်ဟု စိတ်ပိုင်းဖြတ်လျှင်ပင် ခေါက်ဆွဲခြောက်ထုတ်နှင့် ကြက်ဥဈေးမှာ မိုးထိုးနေပြီဟု ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ခုတွင် လစာ ၂ သိန်း ဝန်းကျင်ဖြင့် အလုပ်လုပ်နေရသူ မစန္ဒီ*ကလည်း ပြောသည်။
“ခေါက်ဆွဲပြုတ်ပဲစားမယ် ဆိုရင်တောင် ခေါက်ဆွဲတစ်ထုပ်က အရင် ၁၅၀၊ ၂၀၀ ကနေ အခု ၅၀၀ ဖြစ်နေပြီ၊ ပိုလျှံတယ်ဆိုတာ ဘာမှမရှိတော့ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။
အခြေခံလူတန်းစား စားသုံးမှုများသည့် ဇီယာဆန်ကြမ်း တစ်အိတ်လျှင် ဇူလိုင်လနောက်ဆုံးပတ်က ကျပ် ၃၅,၀၀၀ ဝန်းကျင်မှ ၄၁,၀၀၀ အထက်ရှိလာသလို ရွှေဘိုပေါ်ဆန်း ဆန်ချောသည်လည်း ၇၀,၀၀၀ မှ တစ်သိန်းကျော်အထိ ဩဂုတ်လကုန်ပိုင်းတွင် ခုန်တက်လာသည်။

ပြည်ပသွင်းကုန်ဖြစ်သည့် စားသုံးဆီဈေးကို အာဏာသိမ်းစစ်ကောင်စီက တစ်ပိဿာ ကျပ် ၅,၀၀၀ ဝန်းကျင် သတ်မှတ်၍ ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း ဈေးကွက်တွင် ၁၀,၀၀၀ ကျော်အထိ ဈေးပေါက်သည်။ သို့သော် လိုသလောက် ဝယ်မရသည့် အခြေအနေတွင်ရှိသည်။
စစ်ကောင်စီလက်အောက်ခံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်အသင်းက အရည်အသွေးညံ့ဖျင်းသည့် စားအုံးဆီ တစ်ပိဿာ ကျပ် ၄,၀၀၀ဖြင့် ရံဖန်ရံခါ ရောင်းလေ့ရှိရာ နေပူ၊ မိုးရွာမရှောင် လူအများ တန်းစီ ဝယ်နေရသည့် မြင်ကွင်းကို ရန်ကုန်မြို့တော်၌ပင် တွေ့နိုင်သည်။
၁၉၈၈ မတိုင်မီ အာဏာရှင်ဟောင်း ဦးနေဝင်း၏ ဆိုရှယ်လစ်ခေတ်က အစိုးရ ရပ်ကွက်အရောင်းဆိုင်များတွင် ကုန်ပစ္စည်းခွဲတမ်းရရန် တန်းစီရသည့် လူတန်းထက် အဆများစွာ ပိုရှည်လာသည်။
“အာဏာသိမ်းမှု ရဲ့ဒဏ်တွေ ခံနေရတာပေါ့” ဟု အသက် ၄၃ နှစ်အရွယ် ကိုခိုင်ထွန်းက မှတ်ချက်ပြုသည်။
ကုန်ဈေးနှုန်းလှိုင်းလုံး၏ ရိုက်ပုတ်မှုကို အခြေခံလူတန်းစားတို့ မည်မျှ ကျောကော့အောင် ခံနေရသည်ကို သက်သေပြနိုင်သည့် မြင်ကွင်းတစ်ခု စီးပွားရေးမြို့တော် ရန်ကုန်၌ ဩဂုတ် ၃၀ ရက်တွင် တွေ့ရသည်။
တစ်ပြည်ကျပ် ၂,၀၀၀ ကျော်တန်သည့် ဆန်ကို ၁၀၀၊ ထို့အပြင် ကျပ် ၂၀၀ တန်သည့် ကြက်ဥကို ၁၀၀ ကျပ်ဖြင့် သာကေတမြို့နယ်တွင် အလှူရှင်တစ်ဦးက ရောင်းပေးခဲ့ရာ ဝက်ဝက်ကွဲ စည်ကားသွားသည်။ ထိုအလှူသို့ ဒလ၊ ကြည့်မြင်တိုင်၊ လှိုင်သာယာကဲ့သို့ သာကေတနှင့် ဝေးလံသည့် နေရာများမှ ပြည်သူများပင် လာရောက်တန်းစီခဲ့ကြသည်။
မည်မျှ ခြွေတာနိုင်သည်ဖြစ်စေ လက်ရှိအခြေအနေကို ကျော်လွန်နိုင်ရန် မစွမ်းသာဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ မိသားစုဝင်သုံးဦးရှိသည့် အိမ်ရှင်မ မနွယ်နီ* ကလည်း ညည်းတွားသည်။
“ဒီအတိုင်း ဆက်တက်နေရင် အကုန်ငတ်တော့မယ်။ အိမ်ရှင်မတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ အဖြေလည်းထုတ်မရဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက မည်သို့မည်ပုံ ထိန်းချုပ်နေပါသည်ဟု ဆိုစေကာမူ စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းမီကထက် ၅ ဆခန့် တက်နေသလို မကြာခဏ လိုသလောက်ဝယ်မရနိုင်ပေ။ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေရာ အခြေခံဆေးဝါး၊ အစာပြေစားစရာ၊ မီးဖိုချောင်သုံး၊ ဇိမ်ခံ မည်သည့်အမျိုးအမည်မျှ မကျန် တက်ဈေးဖြင့်သာ တိုးတော့သည်။
အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ ပျံကျရပ်ကွက်များရှိ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်းမှာ ငွေချေး၍ အစားအစာဝယ်နေရပြီး ထမင်းဝိုင်းတွင် အခြေခံအကျဆုံးအစားအစာများရရန် ရုန်းကန်နေရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ၂၀၂၁ ဩဂုတ် အစီရင်ခံစာက ဖော်ပြသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါ၊ အလုပ်အကိုင်များဆုံးရှုံးမှု၊ စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးမြင့်တက်မှု၊ နိုင်ငံရေးမငြိမ်သက်မှု၊ အကြမ်းဖက်နှင့် နေရပ်စွန့်ခွာမှုများကြား အငတ်ဘေးနှင့် ပိုမိုကြုံတွေ့လာနိုင်ကြောင်း WFP က ဆိုထားသည်။
ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင်လည်း မြန်မာ၏ ငွေကြေးဖောင်းပွနှုန်းသည် မတ်လတွင် ၁၇ ရာခိုင်နှုန်းကျော်ရှိသည်ဟု ဖော်ပြသည်။
ကျပ်ငွေတန်ဖိုးလည်း အကြီးအကျယ်ကျဆင်းနေပြီး အာဏာသိမ်းမှုတစ်နှစ်ခွဲကျော်အတွင်း ဒေါ်လာနှင့် ယှဉ်လျှင် ၁၀၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားသည်။
ထိုကိန်းဂဏန်းများ၏ သက်ရောက်မှုမှာ လက်တွေ့ဘဝများကိုလည်း အကြီးအကျယ် ရိုက်ခတ်နေသည်။ အာဏာမသိမ်းမီက မိသားစုငါးဦးရှိသည့် အိမ်ထောင်စုတစ်ခုအတွက် တစ်ရက် ကျပ် ၅,၀၀၀ ဖြင့် မီးဖိုဆောင်စရိတ် အဆင်ပြေနိုင်သော်လည်း ယခုအခါ ၁၀,၀၀၀ သုံးနိုင်လျှင်ပင် မလောက်ငတော့တော့ဟု ကိုခိုင်ထွန်းက ညည်းသည်။
“ရတဲ့ဝင်ငွေက နည်းနည်း။ ကုန်ကျစရိတ်က များများ။ တက်မလာတာကတော့ စိတ်ဓာတ်နဲ့ လစာပဲ ရှိတယ်ဗျာ” ဟု ၎င်းက ဆိုလိုက်သည်။

(*သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားသည်)
အောင်နိုင်၊ ဟန်သစ်၊ မိုးစက်ဝဿန်၊ မေယု၊ အောင်စေ ပူးပေါင်းရေးသားသည်။